မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမကြီးအား အသုံးပြုသော ယာဉ်အစီးရေသည် တစ်နေ့ထက်တစ်နေ့ တိုးတက်များပြားလာသည့်အတွက် ယခုလက်ရှိ လေးလမ်းသွားလမ်းမကြီးမှ ခြောက်လမ်းသွား လမ်းမကြီးအဖြစ် အဆင့်မြှင့်တင်၍တိုးချဲ့ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၃) လမ်းမကြီးအား တစ်ရက်တစ်ရက်အသုံးပြုသည့် ယာဉ်အစီးရေက များပြားလာသည့် အတွက်ကြောင့် ယခုလေးလမ်းသွားကနေပြီး ခြောက်လမ်းသွားလမ်းမကြီးအဖြစ် တိုးချဲ့ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ ဖြစ်ပါကြောင်း၊ အကယ်၍ ခြောက်လမ်းသွား လမ်းမကြီးအဖြစ် တိုးချဲ့ပေးမည် ဆိုပါကလည်း သက်ဆိုင်ရာဝန်ကြီးဌာနက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်း လျာထားပေးမည် ဆိုသည်ကို တစ်ပါတည်းဖြေကြား ပေးစေလိုပါကြောင်း မေးမြန်းပါသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အမှတ် (၃) လမ်းမကြီးသည် အရှည် ၉ မိုင် ၂ ဖာလုံရှိပြီး မူလက ၂၄ ပေအကျယ် နှစ်လမ်းသွား ကတ္တရာလမ်းအဖြစ် B.O.T စနစ်ဖြင့် မက်(စ်) ဟိုင်းဝေးကုမ္ပဏီ လီမိတက်မှ ဆောင်ရွက်ခဲ့သည့် လမ်းဖြစ်ပါကြောင်း၊ အဆိုပါလမ်းသည် ယာဉ်သွား/ယာဉ်လာ များပြားလာသည့် အတွက် မက်(စ်) ဟိုင်းဝေးကုမ္ပဏီ လီမိတက်မှ ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် လေးလမ်းသွား ကတ္တရာကွန်ကရစ် လမ်းအဖြစ် စတင်တိုးချဲ့ဖောက်လုပ်ခဲ့ပြီး ၂၀၁၆ ခုနှစ် ဧပြီလ မှာ ဆောင်ရွက်ပြီးစီး ခဲ့ပါကြောင်း၊ ထို့ကြောင့် အဆိုပါအမှတ် (၃) လမ်းမကြီးကို လေးလမ်းသွားအဖြစ် တိုးချဲ့ဖောက်လုပ် ပြီးစီးခဲ့ခြင်းသည် ယခုဆိုရင် သုံးနှစ်ခန့်ရှိပြီ ဖြစ်ပါကြောင်း၊ အဆိုပါလမ်းကို ယခုအခါ အပိုင်းလိုက် ကြည့်မည်ဆိုလျှင် မိုင်တိုင် (ဝ/၀) ဖြစ်သည့် အမှတ် (၃) လမ်းဆုံမှ မိုင်တိုင် (၃/၆) ထိ ပုလဲမြို့သစ် အထိက တစ်နေ့လျှင် ယာဉ်အစီးရေ ၈၀၀၀ ကျော်ခန့် သွားလာနေသည်ကို တွေ့ရှိရပြီး ပုလဲမြို့သစ်မှ မိုင်တိုင် (၉/၂) ရှိသည့် မီးပွိုင့်လမ်းဆုံအထိ အစီးရေပေါင်း ၁၂၀၀၀ ကျော်ထိ ပျမ်းမျှသွားလာ နေသည်ကို တွေ့ရှိရပါကြောင်း၊ အနာဂတ်တွင် အမှတ် (၃) လမ်းမကြီးပေါ်တွင် သွားလာသည့် ယာဉ်အစီးရေက များပြားလာမည် ဖြစ်သည့်အတွက် ယခုကတည်းက ဆောက်လုပ်ရေး ဝန်ကြီးဌာန အနေဖြင့် မက်(စ်) ဟိုင်းဝေးကုမ္ပဏီ လီမိတက်နှင့် ခြောက်လမ်းသွားလမ်း တိုးချဲ့နိုင်ရန်အတွက် စီမံချက်များရေးဆွဲလျက် ရှိပါကြောင်း၊ ယခုလိုရေးဆွဲသည့် နေရာတွင် ပထမဆုံးအနေဖြင့် လမ်းနယ်နှင့် မလွတ်ကင်းသည့် ဓာတ်မီးတိုင်များ၊ ဆက်သွယ်ရေးတိုင်များ၊ ပိုက်လိုင်းများ၊ ကျူးကျော် နေအိမ်များ၊ ဈေးဆိုင်ခန်းများနှင့် ကြော်ငြာဆိုင်းဘုတ်များ စသည်တို့ကို ဖယ်ရှားရှင်းလင်းရန် လိုပါကြောင်း၊
အဆိုပါလမ်းနယ်နှင့် မလွတ်ကင်းသည့် နေရာများကို ဖယ်ရှားရှင်းလင်း နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်းပြီး အဆိုပါလမ်းအား ကွင်းဆင်းစစ်ဆေးပြီး စာရင်းကောက်ယူနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ စာရင်းကောက်ယူချက်အရ လမ်းနယ်နှင့်မလွတ်ကင်းသည့် ဓာတ်မီးတိုင်များ၊ ဆက်သွယ်ရေးတိုင်များ၊ ပိုက်လိုင်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများက ဖယ်ရှားရွှေ့ပြောင်း ပေးရမည်ဖြစ်ပြီး ကျူးကျော်ဆိုင်ခန်းများ၊ ကျူးကျော်ဈေးသည်များနှင့် ကျူးကျော်နေအိမ်များကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရှင်းလင်းဖယ်ရှား ပေးရမည်ဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပြီးသည့်အချိန်တွင် လမ်းချဲ့ခြင်း စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ B.O.T ကုမ္ပဏီကနေပြီး စီမံချက်ရေးဆွဲ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
