ရခိုင်ပြည်နယ်၊ သံတွဲမြို့သည် နာမည်ကျော် သာယာလှပသည့် ကမ်းခြေမြို့တစ်မြို့ဖြစ်ပြီး နှစ်စဉ် ပြည်တွင်း/ပ ခရီးသွားများ လာရောက်လည်ပတ်သော ကမ်းခြေဖြစ်ပါကြောင်း၊ ၂၂-၂-၂၀၁၉ ရက်နေ့ ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် “ရခိုင်ပြည်နယ်၏ သဘာဝအလှတရားကို အခြေပြုပြီး ရခိုင်ပြည်နယ်ရေရှည်တည်တံ့ ဖွံ့ဖြိုးရေးအတွက် အထောက်အပံ့ပေးမည့် အဖွဲ့အစည်းများနှင့် ကဏ္ဍအသီးသီးမှ ပုဂ္ဂိုလ်များ အတူတကွ ဆောင်ရွက်ရမည် ဖြစ်သည့်အတွက် အခွင့်အလမ်းများကို ယနေ့အခမ်းအနားမှ ဖော်ထုတ်ပေးနိုင်မည်ဖြစ်သည်” ဟု ပြောကြားခဲ့ပါကြောင်း၊
ငပလီမြို့၊ အဆိုပြုမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကို ၂၀၁၆ ခုနှစ် မတ်လက စီစဉ်ဆောင်ရွက်ခဲ့ပြီး အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နောက်ကျနေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ငပလီကမ်းခြေ ဖွံ့ဖြိုးတိုးတက်မှု လိုအပ်ချက်များ နှောင့်နှေးနေရခြင်း၊ နွေရာသီတွင် ခရီးသွားများ တည်းခိုရန်တည်းခိုခန်း လုံလောက်မှုမရှိခြင်း၊ အဆိုပြုစီမံကိန်းအတွင်း ကျရောက်နေသည့် လယ်ယာမြေများကို လယ်ပိုင်ရှင်များက မြေကွက်ဖို့အကွက်ချပြီး ရောင်းစားနေခြင်းတို့ကြောင့် မလိုလားအပ်သည့် ပြဿနာများကို စီမံကိန်းအကောင်အထည် ဖော်ဆောင်ရာတွင် မလွဲမသွေ ကြုံတွေ့ရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် လိုအပ်ချက်အရ စီမံကိန်းလျာထားချက် ရှိပြီးသားဖြစ်ခြင်းကြောင့် ငပလီမြို့မြို့ပြဖွံ့ဖြိုးရေး သဘောထား အဆိုပြုပုံစံအား ဆောလျင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ရခိုင်ပြည်နယ်အစိုးရ၏ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များတွင် ရခိုင်ပြည်နယ်အတွင်း ခရီးသွားလာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုရှိစေရန်ဟူ၍ ဖော်ပြပါရှိသည်နှင့်အညီ ရခိုင်ပြည်နယ်၏ အလွန်လှပသည့် ငပလီကမ်းခြေ ဖွံ့ဖြိုးမှုလုပ်ငန်းများကို ဦးစားပေးဆောင်ရွက် လျက်ရှိပါကြောင်း၊ ငပလီကမ်းခြေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငပလီမြို့ကို မြို့ပြဖွံ့ဖြိုးရေး (Town Plan) ရေးဆွဲထားပြီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် Local Development Plan ရေးဆွဲဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့အပြင် ငပလီကမ်းခြေဒေသတွင် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းကဏ္ဍ စနစ်တကျနှင့် ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနနှင့်လည်း ငပလီကမ်းခြေဧရိယာအတွက် ခရီးသွား လုပ်ငန်းပင်မစီမံကိန်း Tourism Master Plan တစ်ခုကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ သံတွဲမြို့နယ်၊ ငပလီမြို့သည် နာမည်ကျော်သာယာလှပသည့် ကမ်းခြေမြို့တစ်မြို့ဖြစ်ပြီး နှစ်စဉ်ပြည်တွင်းပြည်ပ ခရီးသွားများ ဝင်ရောက်လည်ပတ် လျက်ရှိသော ကမ်းခြေတစ်ခု ဖြစ်သည့်အတွက် ငပလီကမ်းခြေ ဖွံ့ဖြိုးရေးအတွက် လိုအပ်သည့်လမ်း၊ တံတား၊ လျှပ်စစ်နှင့်အခြားဝန်ဆောင်မှု လုပ်ငန်းများအပါအဝင် လုပ်ငန်းစီမံကိန်းများကို ရခိုင်ပြည်နယ်၏ ဒေသန္တရစီမံကိန်းတွင် နှစ်အလိုက်ထည့်သွင်းလျာထား အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊
မိမိတို့ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ငပလီကမ်းခြေဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းရေးဆွဲရေးအတွက် အကြိုကွင်းဆင်း လေ့လာခြင်းများ ပြုလုပ်ခဲ့ပြီး အဆိုပြုဖွံ့ဖြိုးမှု ဇုန်ပုံစုံများကို ရေးဆွဲတင်ပြခဲ့ပါကြောင်း၊ ၎င်းနောက် ၂၀၁၅ ခုနှစ် မတ်လက အဆိုပြုငပလီမြို့၏ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကို ကမ်းခြေခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် စနစ်တကျကြိုတင် စီမံလျာထားနိုင်ရန်နှင့် ဒေသတွင်း စီးပွားဖွံ့ဖြိုး တိုးတက်မှုအတွက် ကောင်းစွာအထောက်အကူ ဖြစ်စေရန် ရည်ရွယ်၍ ရေးဆွဲခဲ့ပါကြောင်း၊ ငပလီကမ်းခြေဖွံ့ဖြိုးမှုနှင့်အတူ ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိစေရေး၊ စီးပွားရေးဖွံ့ဖြိုး လာစေရေး၊ လူနေမှုအဆင့်အတန်း မြင့်မားလာစေရေးနှင့် သဘာဝပတ်ဝန်းကျင်မပျက်စီး၊ မယိုယွင်းစေရေးတို့ကိုပါ ထည့်သွင်းအလေးထား ဆောင်ရွက်ရန် အဆိုပြုချက်များ ပါဝင်ခဲ့ပါကြောင်း၊ ယခုအစိုးရသစ်လက်ထက် ၂၀၁၇ ခုနှစ် မတ်လတွင် ရခိုင်ပြည်နယ် အစိုးရအဖွံ့၏ ညှိနှိုင်းအဆိုပြုချက်အရ ငပလီမြို့နှင့်ချိတ်ဆက်ပြီး ပတ်ဝန်းကျင်ဒေသ အနာဂတ် ဟိုတယ်ဇုန်နှင့် ခရီးသွားလာရေးဖွံ့ဖြိုးမှု စီမံကိန်းအဆိုပြုပုံစံကို မြေပြင် ကွင်းဆင်းလေ့လာရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ငပလီဒေသဖွံ့ဖြိုးမှု အဆိုပြုပုံစံ (မူကြမ်း) ကို ရေးဆွဲတင်ပြ ခဲ့ပါကြောင်း၊ ၎င်းစီမံကိန်းတွင် ငပလီမြို့နှင့်ဆက်စပ်၍ မောင်ရွှေလေးချိုင်ပတ်ဝန်းကျင် ဧရိယာ၊ မော်ရုံဝန်းကျင် ဧရိယာနှင့် ကျီးကန်းရဲကျေးရွာဝန်းကျင် ဧရိယာတို့တွင် ဟိုတယ်ဇုန်နှင့် ခရီးသွားလာရေး လုပ်ငန်းဖွံ့ဖြိုးမှုနှင့်အတူ ဒေသစီးပွားဖွံ့ဖြိုးရေး အစီအစဉ်များကိုပါ အဆိုပြုရေးဆွဲ တင်ပြခဲ့ပါကြောင်း၊
ကမ္ဘာကျော်နပိုလီကမ်းခြေ၊ မီယာမီကမ်းခြေ၊ ဘာလီကမ်းခြေ၊ ဟာဝိုင်ရီကမ်းခြေအစရှိသည့် ပင်လယ် ကမ်းခြေမြို့များမှာ အပန်းဖြေမှုအပြင် အထက်ဖော်ပြပါ Eco Tourism၊ Nature-Based Tourism၊ Cultural Tourism သာမက Creative Tourism လုပ်ငန်းများလည်း ပါဝင်ကြောင်းကို လေ့လာတွေ့ရှိရပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံတွင် ကမ်းခြေသွားလျှင် ကမ်းခြေ၌ ပင်လယ်ထဲဆင်း ရေကူးမည်၊ ပင်လယ်စာ အစားအစာစားမည်၊ ပြီးလျှင်ညအိပ်ပြီး ပြန်လာသည့် အလေ့အထခန့်သာ ရှိပါသေးကြောင်း၊ ထို့ကြောင့် ငပလီမြို့နှင့် ပတ်ဝန်းကျင်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်းပုံစံများကို ရေးဆွဲရာတွင် Tourism Promotion အတွက် ဟိုတယ်ဇုန်ဖွံ့ဖြိုးရေးသာမက MIEC Functions များပါဝင်သည့် နိုင်ငံတကာ အစည်းအဝေးပွဲကြီးများ ကျင်းပပေးနိုင်သည့် Meeting Room ကြီးများ၊ အထူးဆွဲဆောင်မှု ပေးနိုင်သည့် ဝန်ဆောင်မှု (Incentive) များ၊ ညီလာခံများ၊ ဖိုရမ်များ၊ Convention များ ပြုလုပ်နိုင်သည့် ခန်းမကြီးများ၊ ထို့ပြင် ပြပွဲကြီးများ ပြုလုပ်နိုင်သော Exhibition ပြုလုပ်နိုင်သော Space များ စသည်ဖြင့် အားလုံးပါဝင်သည့်၊ အားလုံးစုံလင်သည့် အထူးဇုန်ကြီးအဖြစ် မြှင့်တင်ဆောင်ရွက်ရန် ရည်ရွယ်ပြီး လိုအပ်သည့် မြေအသုံးချမှုပုံစံကို အဆိုပြုထားပါကြောင်း၊ မြေအသုံးချမှုပုံစံဆိုသည်မှာ လက်ရှိမြေများမှာ ကိုယ်လုပ်ချင်သလို လုပ်လို့မရဘဲ Master Plan အတိုင်း သွားရန်အတွက် ၎င်းဇုန်ကို ရေးဆွဲပြီး ရခိုင်ပြည်နယ် အစိုးရအဖွံ့ကို မိမိပေးပို့ထားပြီးဖြစ်ပါကြောင်း၊ အဆိုပါ Plan အတိုင်းဆောင်ရွက်သွားရန်အတွက် ဖြစ်ပါကြောင်း၊ ၎င်းနေရာတွင် လင်းသာတောင်တန်းတစ်လျှောက်၊ သူမှာအလွန်လှပသည့် လင်းသာတောင်တန်းကြီး ရှိပါကြောင်း၊ လင်းသာတောင်တန်း တစ်လျှောက်နှင့် အနီးပတ်ဝန်းကျင် ဒေသတွင် ရေမြေတောတောင် သဘာဝပတ်ဝန်းကျင် လေ့လာရေး (Adventure Tour) အစီအစဉ်များ၊ ခြေလျင်တောင်တက် (Hiking) အစီအစဉ်များ၊ အပန်းဖြေနားနေမည့် Resort အစီအစဉ်များကို Eco Tourism အဖြစ်နှင့် ထည့်သွင်း၍ ခရီးသွားလာရေးလုပ်ငန်းကို မြှင့်တင်ဆောင်ရွက်ခြင်းများ ပါဝင်မည် ဖြစ်ပါကြောင်း၊
ထို့အပြင် ဒေသထွက်ကုန်များ၊ ဒေသထွက် အစားအစာများ၊ ရိုးရာအဝတ်အထည်များ၊ စသည်တို့ကလည်း ဆွဲဆောင်မှုရှိသည့် လုပ်ငန်းစဉ်များ ဖြစ်သည့်အတွက် အဆိုပါ ဒေသထွက်ကုန် အစားအစာ၊ ရိုးရာအဝတ်များ ခင်းကျင်းရောင်းချနိုင်မည့် Souvenir Market များနှင့် ရိုးရာပွဲတော်များ စသည်တို့ကို ကျင်းပနိုင်မည့် Plaza ကြီးများလည်း Master Plan တွင် ထည့်သွင်းထားပြီး Cultural Tour အစီအစဉ်များကို ထည့်သွင်းထားရန် ရေးဆွဲတင်ပြထားပြီး ဖြစ်ပါကြောင်း၊ ဒေသအတွင်း လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်စေရန် အတွက်လည်း ဆောက်လုပ်ရေး ဝန်ကြီးဌာနက ငပလီမြို့ပတ်လမ်းကို အရှည် ၅ မိုင် ၇ ဖာလုံရှိ မြို့ပတ်လမ်းကို ယခုအခါ ကွန်ကရစ်လမ်းအဖြစ်စတင်ပြီး ဖောက်လုပ်လျက် ရှိပါကြောင်း၊ ရခိုင်ပြည်နယ်၏ ဂုဏ်ကျက်သရေဆောင် သာယာလှပသည့် ငပလီကမ်းခြေဒေသတွင် Sustainable Tourism Development ရရှိစေပြီး ရခိုင်ပြည်နယ်၏ လူမှုစီးပွားအခြေအနေကို မြှင့်တင်ပေးနိုင်ရန်၊ ဘဏ္ဍာအခွန်များ တိုးတက်ရရှိစေရန်အတွက်ကဏ္ဍစုံ၌ ပြည်တွင်းပြည်ပမှ ဘက်စုံရင်းနှီးမြှုပ်နှံမှု များကို နိုင်ငံတော်အနေဖြင့် ဖိတ်ခေါ်ဆောင်ရွက်လျက် ရှိပါကြောင်း၊
ငပလီမြို့ပြဖွံ့ဖြိုးရေး စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းလုပ်ငန်းများကို ပြည်ထောင်စုနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ စနစ်တကျညှိနှိုင်းရေးဆွဲပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့၌ နှစ်စဉ်ကဏ္ဍအလိုက် အဆင့်ဆင့်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် ငပလီမြို့ပတ်ဝန်းကျင်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်း ရေးဆွဲခြင်းလုပ်ငန်းများ အကောင်အထည်ဖော်မည့် အခြေအနေများကို သိရှိနိုင်ပါရန် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့မှ ညှိနှိုင်းပေါင်းစပ် ရှင်းလင်းဖြေကြားပါသည်။
ဦးမင်းကြည် (သံတွဲမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ဝန်ကြီးဖြေသွားရာတွင် မိမိမေးလိုသည့် မည်သည့်ခုနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ကို ထည့်သွင်း ဖြေမသွားပါကြောင်း၊ ထို့အပြင် ဝန်ကြီးက Plan များ၊ ငပလီမြို့ပြစီမံကိန်း Plan များ ချပြသွားသည်ကို တွေ့ရှိရပါကြောင်း၊ သို့သော်လည်း အဆိုပါ စီမံကိန်းလုပ်မည့် Plan နေရာများမှာ ယခု လယ်သမားများ၊ လယ်ပိုင်ရှင်များက မြေကွက်များ ဈေးကောင်းပြီး တောင်မြေများကို လယ်ယာမြေများတွင်ဖို့ပြီး အခြားနည်းသုံးစွဲခွင့်မပြုဘဲ ရောင်းစားနေသည်ကို တွေ့ရှိရပါကြောင်း၊ ယခုအချိန်အထိ သက်ဆိုင်ရာဌာနများက တာဝန်ယူ ဆောင်ရွက်မှု၊ ဖြေရှင်းမှုလည်း မရှိပါကြောင်း၊ တစ်ချိန်မှာ စီမံကိန်းအကောင်အထည် ဖော်နိုင်သည် ဆိုလျှင်လည်း ၎င်းလယ်သမားများ ရောင်းထားသည့် မြေကွက်များနှင့် ဌာနဆိုင်ရာများနှင့် အခြေအတင် စကားပြောရမည့် အခြေအနေရှိပါကြောင်း၊ ထို့ကြောင့် စီမံကိန်းကို မည်သည့် အချိန်တွင် အကောင်အထည်ဖော် နိုင်မည်ကိုလည်း သိရှိလိုပါကြောင် ဆက်စပ်မေးမြန်းပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ယခုဆက်စပ်မေးခွန်းတွင် ဟုမ္မလင်းမဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် မေးခဲ့ဖူးပါကြောင်း၊ ယင်းမေးခွန်းကို ဖြေကြားခဲ့သည့်အတိုင်း ဖြေကြားရမည်ဆိုလျှင် Master Plan များ ရေးဆွဲပြီးသွားပြီ ဆိုပါက သက်ဆိုင်ရာပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးအစိုးရများက အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ်တွင်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်များကို ချပြရမည်ဖြစ်ပြီး ဒေသခံပြည်သူလူထုကိုလည်း ချပြပြီးလျှင် Cabinet က အတည်ပြုရမည် ဖြစ်ပါကြောင်း၊ ထို့နောက် ၎င်း Master Plan ကြီးကို မိမိတို့က ပြည်သူများအားလုံးသိအောင် ဆိုင်းဘုတ်ထောင်၍ ကြေညာထားရမည် ဖြစ်ပါကြောင်း၊ သို့မှသာ မသိနားမလည်သည့် သူများက လယ်ယာမြေများကို သွားဝယ်မိလျှင် ဆုံးရှုံးမည်ဆိုသည်ကို ဤနေရာသည် ဟိုတယ်ဆောက်လုပ်မည့်နေရာ၊ ဤနေရာသည် Convention Center ကြီး ဆောက်မည့်နေရာ၊ သို့မဟုတ် ဤနေရာကြီးသည် အားကစားကွင်းဆောက်မည့်နေရာ စသည်ဖြင့် သိမှသာ ဝယ်၍မရ၊ အကယ်၍ လုပ်မည်ဆိုလျှင် စနစ်တကျ တင်ဒါလုပ်ငန်းစဉ်နှင့် ဆောင်ရွက်သွားရမည်၊ လျော်ကြေးကိုလည်း စနစ်တကျ သတ်မှတ်ထားသည့် လျော်ကြေး၊ လယ်ယာမြေလျော်ကြေးများ ပေးရမည်ဆိုသည်ကို ထုတ်ပြန်ကြေညာ ထားရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဆက်စပ်မေးခွန်းနှင့်ပတ်သက်၍ မေးလာသည့်အကြောင်းနှင့် ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများကို ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ထံ မိမိတို့ဝန်ကြီးဌာနအနေဖြင့် တင်ပြသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
