(က)-ရေဦးမြို့နယ် ခုတင်(၁၀၀)ဆံ့ဆေးရုံနှင့် ကိုက်ညီသော သမားတော်ဆရာဝန်၊ ဆရာဝန်၊ ဓာတ်ခွဲခန်း ပညာရှင်၊ သူနာပြုဆရာမများ ပြည့်စုံစွာခန့်ထားပေးရန်နှင့် ဆေးရုံတွင်းလမ်း၊ အစည်းအဝေးခန်းမ၊ ဝန်ထမ်းအိမ်ရာတို့ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၅) ရက်မြောက်နေ့ (၁၄.၃.၂၀၁၉)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်တွင် စုစုပေါင်းလူဦးရေ တစ်သိန်းကျော်ရှိပြီး မြို့နယ်သူ မြို့နယ်သားများအားလုံး ရေဦးမြို့ ခုတင် (၁၀၀) ဆံ့ ဆေးရုံကို ကျန်းမာရေးအတွက် အလေးထားအားကိုး နေကြရပါကြောင်း၊ ရေဦးမြို့နယ်အတွင်းသာမက ပတ်ဝန်းကျင်မြို့နယ်များဖြစ်သော တန့်ဆည်မြို့နယ်၊ ဒီပဲယင်းမြို့နယ်၊ ခင်ဦးမြို့နယ် ပြည်သူများကပါ ကျန်းမာရေးအတွက် အလေးထားအားကိုးနေရသော ဆေးရုံတစ်ရုံ ဖြစ်ပါကြောင်း၊ ရေဦးဆေးရုံတွင် ကုသဆောင်ရွက်ခြင်း မပြုလုပ်နိုင်သော ရောဂါများအတွက် မြို့နယ်သူမြို့နယ်သားများ အားလုံးသည် မုံရွာ၊ မန္တလေးမြို့ကြီးများကို သွားရောက်ပြီး ဆေးကုသမှု ခံယူကြရပါကြောင်း၊ ရေဦးမြို့နယ်ပြည်သူ့ဆေးရုံကို ၁၉၅၄ ခုနှစ်တွင် နှစ်ထပ်လူနာဆောင်အဖြစ် ၂၅ ခုတင်ဆံ့ ဆေးရုံအဖြစ် စတင်ဖွင့်လှစ်ခဲ့ပါကြောင်း၊ လူနာဆောင်သုံးဆောင်ပါဝင်သော ခုတင် ၅၀ ဆံ့ ဆေးရုံကို ၁၉၉၁ ခုနှစ်တွင် ဖွင်‌့လှစ်ခဲ့ပါကြောင်း၊ ဆေးရုံတက်လူနာ များပြားလာခြင်းကြောင့် ၂၀၁၃ ခုနှစ်တွင် ခုတင် ၁၀၀ ဆံ့ဆေးရုံအဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့ပါကြောင်း၊ အဆင့်တိုးမြှင့် သတ်မှတ်ခဲ့သော်လည်း ဝန်ထမ်းအင်အားနှင့် အခြေခံအဆောက်အဦများမှာ လိုအပ်နေဆဲဖြစ်ပါကြောင်း၊ မိုးရာသီ၌ ဆေးရုံတွင်းလမ်းများ မိုးရေများပြည့်လျှံနေပြီး ဝန်ထမ်းအိမ်ရာနေအိမ်များမှာလည်း ရေဝပ်နေရာများ ဖြစ်နေပါကြောင်း၊ သက်တမ်းကြာမြင့်သော အဆောက်အဦများနှင့် အန္တရာယ်ရှိသော အဆောက်အဦများကို ဖျက်သိမ်းပြီး ဆေးရုံနှစ်ထပ်ဆောင်နှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ဆဲ ဖြစ်သော်လည်း ဆေးရုံတွင်းလမ်းများ၊ ရေနုတ်မြောင်းများ၊ ဝန်ထမ်းအိမ်ရာများအတွက် ဆောင်ရွက်ပေးရန် လိုအပ်နေဆဲ ဖြစ်ပါကြောင်း၊ ခုတင် ၁၀၀ ဆံ့ဆေးရုံဖြစ်လာသည်နှင့်အညီ ဆေးရုံတက်လူနာ ပိုမိုများပြားလာပြီး ဆေးရုံနှင့်ကိုက်ညီသော သမားတော်များ၊ ဆရာဝန်များ၊ သူနာပြုများ၊ ဆေးရုံဝန်ထမ်းများလည်း ခန့်ထားပေးရန် လိုအပ်နေဆဲဖြစ်ပါကြောင်း၊ အထွေထွေရောဂါကု သမားတော်လစ်လပ်နေသည်မှာ တစ်နှစ်ကျော်ခန့် ကြာမြင့်နေသော်လည်း ယနေ့အချိန်အထိ ပြန်လည် ခန့်ထားပေးခြင်း မရှိပါကြောင်း၊ သူနာပြု ဆရာဆရာမများလည်း ခွင့်ပြုအရေအတွက်နှင့် အနီးစပ်ဆုံး ခန့်ထားပေးရန် လိုအပ်နေဆဲဖြစ်ပါကြောင်း၊ လက်ထောက်ဆရာဝန်နှင့် အထူးကုသမားတော် ရှစ်ဦးလိုအပ်နေဆဲ ဖြစ်ပါကြောင်း၊ အထွေထွေရောဂါကု သမားတော် လစ်လပ်နေသည်မှာ တစ်နှစ်ကျော်ခန့် ကြာမြင့်နေပြီဖြစ်ပါကြောင်း၊ သူနာပြုမှာလည်း ၅၀ ဦးခန့်ထားရမည့်နေရာမှာ ၁၃ ဦးသာ ခန့်ထားပြီး ၃၇ ဦး လစ်လပ်နေပါကြောင်း၊ ဆေးဘက်ကျွမ်းကျင် ဆိုလျှင် တစ်ဦးလစ်လပ်နေသည် ဆိုသော်လည်း ဓာတ်ခွဲခန်းပညာရှင် လိုအပ်နေခြင်းဖြစ်ပါကြောင်း၊ အရေးကြီးသော ပညာရှင် လိုအပ်နေခြင်း ဖြစ်သောကြောင်‌့ မြို့နယ်အတွက် လိုအပ်နေသောစာရင်း ဖြစ်ပါကြောင်း၊ စုစုပေါင်းဆိုလျှင် ၂၀၁ ဦး ခန့်အပ်ရမည်ဖြစ်ရာ ၁၁၆ ဦးသာ ခန့်ထားပြီး ၈၅ ဦး လစ်လပ်နေခြင်း ဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ် အတွင်းလူနာနှင့် အပြင်လူနာဟူ၍ တက်ရောက်သည့် လူနာစာရင်းအရ တစ်ရက်ကိုလူနာ ၁၀၀ ဝန်းကျင်ခန့် ရှိနေပါကြောင်း၊ ၁၀၀ ဝန်းကျင်ကို သူနာပြုဆရာမ ၁၃ ဦးနှင့် လည်ပတ်နေသည့် သဘောဖြစ်ပါကြောင်း၊ မိုးရာသီနောက်ပိုင်းတွင် သွားကြည့်သည့်အခါ အခြေအနေ အလွန်ဆိုးဆိုးဝါးဝါး နေရသည့် အနေအထားမျိုးဖြစ်ပါကြောင်း၊ ဆေးရုံ၏အနောက်ဘက် အဝင်လမ်းမကြီးမှာ မိုးရာသီ၌ မိုးရေများပြည်‌့လျှံပြီး ရေနုတ်မြောင်းများလည်း လိုအပ်နေဆဲ ဖြစ်ပါကြောင်း၊ ဆေးရုံအတွင်း ရေဝပ်နေသော နေရာများနှင့် ပစ္စည်းအဟောင်းများဖြင်‌့ ဆောက်လုပ်ထားသော ဝန်ထမ်းအိမ်ရာလည်း ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်ခုတင် ၁၀၀ ဆံ့ဆေးရုံနှင့် ကိုက်ညီသော သမားတော်၊ ဆရာဝန်၊  ဓာတ်ခွဲခန်း ပညာရှင်၊ သူနာပြုဆရာ/မများ ပြည့်စုံစွာခန့်ထားပေးရန်နှင်‌့ ဆေးရုံတွင်းလမ်း၊ အစည်းအဝေးခန်းမ၊ ဝန်ထမ်းအိမ်ရာတို့ကို ဖြည်‌့ဆည်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်မြလေးစိန်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကျန်းမာရေးနှင့်‌ အားကစားဝန်ကြီးဌာန ကုသရေးဦးစီးဌာနသည် ရေဦးမြို့နယ် ပြည်သူ့ဆေးရုံတွင် အထူးကုဆရာဝန်၊ ခွဲစိပ်၊ သားဖွား/မီးယပ်၊ ကလေး၊ မေ့ဆေးနှင်‌့ လက်ထောက်ဆရာဝန်၊ အရိုးဓာတ်မှန် တို့အား ခန့်အပ်ထားပြီး လက်ထောက်ဆရာဝန် ၁၀ ဦးဖြင်‌့ ဆေးရုံလုပ်ငန်းများ လည်ပတ်စွာဆောင်ရွက် လျက်ရှိရာ ရေဦးပြည်သူ့ဆေးရုံ၏ ဆေးရုံခွင်‌့ပြုခုတင် အသုံးပြုမှုရာခိုင်နှုန်းမှာ ၂၀၁၈ ခုနှစ်တွင် ၁၀၅ ရာခိုင်နှုန်းရှိကြောင်းကို တွေ့ရှိရပါကြောင်း၊ ဘွဲ့လွန်အောင်မြင်ပြီး ဗဟိုအဆင့်‌ဆေးရုံကြီးများ၌ သတ်မှတ်ထားသည်‌့ လေ့ကျင်‌့သင်ကြားချိန် ပြီးမြောက်သော လုပ်သက်ရ လက်ထောက်ဆရာဝန် ဆေးပညာများ ပြောင်းရွှေ့ခန့်ထားချိန်၊ ၂၀၁၉ ခုနှစ် ဧပြီလတွင် လက်ထောက်ဆရာဝန်ဆေးပညာ တစ်ဦးအား ရေဦးမြို့နယ်ပြည်သူ့ ဆေးရုံသို့ ခန့်ထားပေးသွားမည် ဖြစ်ပါကြောင်း၊ လက်ထောက်ဆရာဝန် ၁၀ ဦးကလည်း လုပ်ငန်းများအဆင်ပြေစွာ ထမ်းဆောင်လျက်ရှိသည်ဟု သိရှိရပါကြောင်း၊ ရေဦးမြို့ခုတင် ၁၀၀ ဆေးရုံ၏ ဓာတ်ခွဲခန်း ကျွမ်းကျင်ဝန်ထမ်းများ လက်ရှိဖွဲ့စည်းပုံအင်အားမှာ ဓာတ်ခွဲကျွမ်းကျင်နှစ်ဦး၊ ခွင်‌့ပြုတစ်ဦး၊ လစ်လပ်တစ်ဦးဖြစ်ပါကြောင်း၊ ဓာတ်ခွဲကျွမ်းကျင်သုံးဦး၊ ခွင်‌့ပြုနှစ်ဦး၊ ခန့်ထားနှစ်ဦး ဖြစ်ပါကြောင်း၊ ဓာတ်ခွဲကျွမ်းကျင်လေးဦး၊ ခွင်‌့ပြုနှစ်ဦး၊ ခန့်ထားနှစ်ဦးဖြစ်ပါကြောင်း၊ ရေဦးမြို့ခုတင် ၁၀၀ ဆေးရုံတွင်ဓာတ်ခွဲခန်း ဝန်ထမ်းလေးဦးအား ဓာတ်ခွဲခန်းလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ လစ်လပ်သော ဓာတ်ခွဲခန်း (၂) တစ်ဦးခန့်ထား ပေးရန်အတွက် လောလောဆယ် အစီအစဉ် မရှိသေးပါကြောင်း၊ ရေဦးမြို့နယ်ပြည်သူ့ဆေးရုံ၏ လက်ရှိသူနာပြု အင်အားစာရင်းမှာ သူနာပြုကြီး ခွင်‌့ပြုငါးဦး၊ ခန့်ထားလေးဦး၊ လစ်လပ်တစ်ဦး၊ အထက်တန်း သူနာပြု ခွင်‌့ပြု ၂၆ ဦး၊ ခန့်ထား ၂၂ ဦး၊ လစ်လပ်လေးဦး၊ သူနာပြုခွင်‌့ပြု ၅၀ ဦး၊ ခန့်ထား ၁၃ ဦး၊ လစ်လပ် ၃၇ ဦးရှိပါကြောင်း၊ သူနာပြုကြီး ရာထူးတိုးစာမေးပွဲကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပခဲ့ပြီး သူနာပြုကြီးများ ရာထူးတိုးခန့်ထားချိန် ၂၀၁၉ ခုနှစ် ဧပြီလတွင် သူနာပြုကြီးတစ်ဦး ခန့်ထားပေးမည် ဖြစ်ပါကြောင်း၊ လစ်လပ်လျက်ရှိသော အထက်တန်း သူနာပြုနေရာများ ခန့်ထားနိုင်ရန် စစ်ကိုင်းတိုင်းဒေသကြီး၊ ကုသရေးဦးစီးဌာနမှ အထက်တန်းသူနာပြု ရာထူးတိုး ခေါ်ယူရန် ဆောင်ရွက်လျက်ရှိပြီး ရာထူးတိုးခန့်ထားချိန်၌ လုပ်ငန်းလိုအပ်ချက် အပေါ်မူတည်၍ ခန့်ထားပေးသွားမည် ဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကုသရေးဦးစီးဌာနသို့ ကုသရေးဦးစီးဌာနရုံးချုပ်၏ ၃-၁၁-၂၀၁၉ ရက်စွဲနှင်‌့ ၁၀-၁-၂၀၁၉ ရက်စွဲအရ သူနာပြုစုစုပေါင်း သစ်လွင် ၂၇၁ ဦးကို ခွဲဝေခန့်ထားပေးပြီး ဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ လစ်လပ်လျက်ရှိသော သူနာပြုများနေရာတွင် လုပ်ငန်းလိုအပ်ချက်အရ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကုသရေးဦးစီးဌာနမှ ရေဦးမြို့နယ် ပြည်သူ့ဆေးရုံသို့ ခွဲဝေတာဝန်ချထားပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန် အကြောင်းကြားထားပြီး ဖြစ်ပါကြောင်း၊ ၁၃-၃-၂၀၁၉ ရက်နေ့တွင် ဆက်သွယ်မေးမြန်းမှုအရ သူနာပြု ၁၁ ဦးအား ရေဦးမြို့နယ် ပြည်သူ့ဆေးရုံတွင် ခန့်ထား နိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြထားရှိသည်ဟု သိရှိရပါကြောင်း၊ ရေဦးမြို့နယ် ပြည်သူ့ဆေးရုံတွင် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှစ၍  ငွေလုံးငွေရင်းအသုံးစရိတ် ခွင်‌့ပြုရန်ပုံငွေတွင် ရှစ်ခန်းတွဲလေးထပ် ဝန်ထမ်းအိမ်ရာ အဆောက်အဦအတွက်  ၇၈၇.၈၀၇ သန်း၊ တိုးချဲ့နှစ်ထပ်လူနာခုတင် အတွက် ၆၀၄.၅ သန်းခွင်‌့ပြုခဲ့ရာ ဆောက်လုပ်ဆဲဖြစ်ပါကြောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း အသုံးစရိတ်တွင် လေးခန်းတွဲလေးထပ် ဝန်ထမ်းအိမ်ရာ အဆောက်အဦ ထပ်မံတည် ဆောက်ရန်အတွက် ရန်ပုံငွေကျပ်သန်း ၂၀၀ ခွင်‌့ပြုထားပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကုသရေးဦးစီးဌာနမှ တင်ဒါခေါ်ယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရုံးတွင်းလမ်းခင်းခြင်း လုပ်ငန်းအတွက် ကျပ် ၈.၃၅ သန်းအား ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ပြင်ဆင်ထိန်းသိမ်းစရိတ် ရန်ပုံငွေမှ ၂၈-၂-၂၀၁၉ ရက်စွဲပါ စာအမှတ် ၂၀၈/ဘင(၆) ရန်ပုံငွေ ၂၀၁၉ ဖြင်‌့ ခွဲဝေချထားပေးပြီး ဖြစ်ပါကြောင်း၊ ယခုလက်ရှိ အ‌ခြေအနေ စိစစ်မှုအရ ဝန်ထမ်းအိမ်ရာများမှာ နှစ်စဉ်ဆောင်ရွက်လျက် ရှိနေပါသဖြင်‌့ ဦးစားပေးဆောင်ရွက်ရန် လိုအပ်မှု မရှိသေးပါကြောင်းနှင်‌့ အစည်းအဝေးခန်းမပါဝင်သော မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ရုံးအား ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်ကာလတွင် စီမံကိန်းလျာထား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

 

ဒေါက်တာမင်းသိန်း (ရေဦးမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

အထွေထွေရောဂါကု သမားတော်လစ်လပ်နေသည်မှာ တစ်နှစ်ကျော်ပြီ ဖြစ်ပါကြောင်း၊ မြို့လူထုကလည်း အရေးတကြီး တင်ပြနေသည့်အတွက်ကြောင့် သမားတော်လစ်လပ်နေသည့် တစ်နေရာခန့်ကို ဦးစားပေး ခန့်ထားပေးနိုင်မည့် အချိန်ကို သိရှိလိုကြောင်း ဆက်စပ်မေးမြန်း ပါသည်။

 

ကျန်းမာရေးနှင်‌့ အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်မြလေးစိန်

ဘွဲ့လွန်အောင်မြင်ပြီး ဗဟိုအဆင်‌့ဆေးရုံကြီးများတွင် သတ်မှတ်ထားသော လေ့ကျင်‌့သင်ကြားချိန် ပြုလုပ်နေပါကြောင်း၊ လေ့ကျင်‌့သင်ကြားချိန် ပြီးမြောက်ပြီး လုပ်သက်ရ လက်‌ထောက်ဆရာဝန် တစ်ဦးအား ၂၀၁၉ ခုနှစ်လာမည့် ဧပြီလတွင် ရေဦးမြို့ပြည်သူ့ဆေးရုံ၌ ခန့်ထားပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။