အင်းစိန်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်းပေါင်း ၁၈ ကျောင်း၊ အခြေခံပညာအလယ်တန်း ကျောင်းပေါင်း ၁၁ ကျောင်းနှင့် အခြေခံပညာမူလတန်းကျောင်းပေါင်း ၃၁ ကျောင်းရှိပြီး စုစုပေါင်း ကျောင်းသား/သူဦးရေ ၃၈၀၀၀ ကျော်နှင့် ဆရာ/မပေါင်း ၁၁၀၀ ကျော်ရှိသော်လည်း အင်းစိန်မြို့နယ်ပိုင် ကျောင်းပေါင်းစုံ အားကစားကွင်းနှင့် ကျောင်းပေါင်းစုံမိုးလုံလေလုံ အားကစားမရှိသည့်အတွက် ကျောင်းသားလူငယ်များအတွက် ပြိုင်ပွဲများကို အချိန်အခါမရွေး ဆောင်ရွက်နိုင်ခြင်း မရှိပါသောကြောင့် ကျောင်းသားမိဘများနှင့် ကျောင်းသားလူငယ်များမှာ များစွာစိတ်အားငယ် ကြရပါကြောင်း၊ ထို့အပြင် ကျောင်းသားလူငယ်များအတွက် ကျန်းမာရေးကောင်းမွန်ရန် အတွက်လည်းကောင်း၊ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်ရန် အတွက်လည်းကောင်း၊ ဆေးလိပ်နှင့်အရက် မူးယစ်ဆေးဝါးအန္တရာယ်တို့မှ ကင်းဝေးစေရေး အတွက်လည်းကောင်း ရေရှည်ကိုမျှော်တွေးပြီး စိတ်ပူပင်ကြရပါကြောင်း၊ သို့ပါသောကြောင့် ကျောင်းသားလူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ အ.ထ.က (၃) အင်းစိန် မြေနေရာတွင် လည်းကောင်း၊ ကျောင်းပေါင်းစုံ အားကစားကွင်းတစ်ကွင်း၊ အ.ထ.က (၇) အင်းစိန်မြေနေရာတွင် ကျောင်းပေါင်းစုံ မိုးလုံလေလုံအားကစားရုံ တည်ဆောက်ပေးရန်နှင့် ဆောက်လုပ်ပေးမည်ဆိုပါက မည်သည့်အချိန်တွင် ဆောက်လုပ်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်အတွင်း ၂၀၁၈ ခုနှစ် ငွေလုံးငွေရင်း ရန်ပုံငွေစာရင်းတွင် အခြေခံပညာကျောင်းဆောင်များ တည်ဆောက်ရေးလုပ်ငန်းရှစ်ခုကို ထည့်သွင်း ဆောင်ရွက်လျက် ရှိကြောင်းကို ဦးစွာတင်ပြအပ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင် လိုအပ်လျက်ရှိသော ကျောင်းဆောင်သစ်များ၊ အန္တရာယ်ရှိ ကျောင်းဆောင်များကို ဖျက်သိမ်းပြီး အသစ်ပြန်လည် တည်ဆောက်ခြင်း လုပ်ငန်းများ၊ ဥပဓိရုပ် မကောင်းသော ကျောင်းဆောင်များအား အသစ်ဆောက်လုပ်ခြင်း လုပ်ငန်းများ၊ စာသင်သားဦးရေအရ ကျောင်းဆောင်သစ်များ တိုးချဲ့ဆောက်လုပ်ခြင်း လုပ်ငန်းများ၊ အားကစားရုံ၊ အားကစားကွင်းနှင့် ခန်းမများ၊ ဝန်ထမ်းအိမ်ရာများ၊ ပညာရေးမှူးရုံးများ ဆောက်လုပ်ခြင်းများကို စာရင်းပြုစုပြီး ပြည်ထောင်စု ဘတ်ဂျက်တွင် တင်ပြရရှိနိုင်ရေးအတွက် နှစ်စဉ်လျာထား ဆောင်ရွက်လျက် ရှိပါကြောင်း၊ သို့သော် ပြည်ထောင်စုဘတ်ဂျက်မှ ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး သင်ကြားရေးအတွက် ကျောင်းဆောင်မဖြစ်မနေ လိုအပ်သည့် ကျောင်းများအတွက် ကျောင်းဆောင်အသစ် ဆောက်လုပ်ခြင်းများကိုသာ ဦးစားပေးဆောင်ရွက်နေရသည့် အခြေအနေရှိပါကြောင်း၊
သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် အမှတ် (၇) အခြေခံပညာအထက်တန်း ကျောင်းအတွက် မိုးလုံလေလုံအားကစားရုံ တည်ဆောက်ပေးရန် ရန်ပုံငွေကို ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ဦးစားပေးအနေဖြင့် ထည့်သွင်းလျာထား နိုင်ခြင်းမရှိသော်လည်း လာမည့်ဘဏ္ဍာရေး နှစ်များအတွင်း အပိုင်းလိုက် ဘဏ္ဍာငွေရရှိမှု အပေါ်မူတည်ပြီး လျာထားဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်းဆောက် လုပ်ရေးအတွက် လိုအပ်သည့် ရန်ပုံငွေကို ယခု ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက်ပြီး ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
