မြို့မရပ်ကွက်သည် ပူတာအိုမြို့နယ်၏ အလယ်တွင်ကျရောက်ပြီး လူဦးရေများသော မြို့ပေါ်ရပ်ကွက် တစ်ခုလည်း ဖြစ်ပါကြောင်း၊ မြို့မရပ်ကွက်အတွင်း ခရိုင်/မြို့နယ် အစိုးရဌာနရုံးများ၊ မြို့နယ် အားကစားကွင်း၊ ခရိုင်ပြည်သူ့ဆေးရုံကြီး၊ စည်ပင်သာယာဈေးနှင့် မြို့တော်ခန်းမတည်ရှိသော ရပ်ကွက်တစ်ခုလည်း ဖြစ်သောကြောင့် ရပ်ကွက်နှင့်ပြည်သူများ၊ အစိုးရဝန်ထမ်များနှင့် ဒေသခံ မိဘပြည်သူများ သွားလာမှုများပြားသော ရပ်ကွက်တစ်ခုလည်း ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ဆိုင်ခန်းများကို ကွင်းဆင်းကြည့်ရှုသည့်အခါ ယခင်စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးနိုင်လွင်ဦး အမည်ဖြင့် ဆိုင်ခန်းအဆောက်အဦ နှစ်လုံးတည်ဆောက်ထားရှိမှုကို တွေ့ရှိရပါကြောင်း၊ အဆောက်အဦ (၁) သည် ပြည်ထောင်စုလမ်းမဗဟိုမှ ပျမ်းမျှအကွာအဝေး ၂၅ ပေတွင် တည်ရှိပြီး အဆောက်အဦသည် လမ်းနယ်အတွင်း လုံးဝကျရောက်လျက် ရှိသည်ကို တွေ့ရှိရပါကြောင်း၊ အဆောက်အဦ (၂) သည်လည်း ပြည်ထောင်စုလမ်းမ ဗဟိုပျမ်းမျှအကွာအဝေး ၂၂ ပေတွင် တည်ရှိပြီး အဆောက်အဦသည် လမ်းလမ်းနယ်အတွင်း လုံးဝကျရောက်လျက် ရှိသည်ကို တွေ့ရှိရပါကြောင်း၊
အဆိုပါ အဆောက်အဦနှစ်ခုတွင် ဖွင့်လှစ်ထားသော ဆိုင်ခန်းများမှာ မြို့နယ်စည်ပင်သာယာရေး အဖွဲ့အနေဖြင့်လည်း ဈေးဆိုင်ခန်းများနှင့် ပတ်သက်၍ အခွန်အခကောက်ခံခြင်း မရှိသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ တချို့ဆိုင်ခန်းများကို ဦးနိုင်လွင်ဦးအမည်ဖြင့် ဆိုင်ခန်းများဖွင့်လှစ်ပြီး ဆိုင်ခန်းများကို တစ်ဆင့်ငှားရမ်းထားသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ မိမိတို့ပူတာအိုမြို့၊ မြို့မရပ်ကွက် ပြည်ထောင်စုလမ်းမကြီး၏ လမ်းနယ်ဧရိယာအပေါ်တွင် တည်ဆောက်ထားပြီး ကျူးကျော်ဆိုင်ခန်းများ၏ နောက်ဘက်တွင် အုတ်တံတိုင်းခတ်ထားသည်မှာ ပြန်ကြားရေးဦးစီးဌာန အနေဖြင့် လမ်းဧရိယာကို တိုင်းပြီးမှခတ်ထားခြင်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပူတာအိုမြို့၊ မြို့မရပ်ကွက်အတွင်းရှိ ဆောက်လုပ်ရေးလမ်းမကြီး ဧရိယာပေါ်တွင် ကျူးကျော်ဆောင်ရွက်ထားသော ဈေးဆိုင်ခန်းများအား အမြန်ဆုံးဖျက်သိမ်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မေးမြန်းထားသည့် ဈေးဆိုင်ခန်း (၈) ခန်း ဖြစ်သော်လည်း မြေပြင်လက်ရှိအခြေအနေက မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းမကြီး၏ မိုင်တိုင် (၂၁၇/၅) နှင့် (၂၁၇/၆) အကြားတွင် တည်ရှိသော ပူတာအိုမြို့နယ်၊ မြို့မရပ်ကွက်ရှိ ပြည်ထောင်စုလမ်းဘေးတွင် စုစုပေါင်းဈေးဆိုင်ခန်း ၁၀ ခန်း၊ ပူတာအိုတပ်နယ် သက်သာချောင်ချိရေးအတွက် ဆောက်လုပ်ထားသည့် ဆိုင်ခန်းသုံးခန်းနှင့် စုစုပေါင်းဈေးဆိုင်ခန်း ၁၃ ခန်းရှိပါကြောင်း၊ ယခု အခြေအနေတွင် မြစ်ကြီးနားမှ ပူတာအိုကို နေ့ချင်းပေါက်ခရီး ရောက်နေပြီဖြစ်သည့်အတွက် မော်တော်ကားလမ်းများလည်း ကောင်းမွန်နေပြီ ဖြစ်သောခြင်းကြောင့် ယခုဆိုလျှင် ပူတာအိုမြို့မှာ မော်တော်ကားများစွာ ဝင်ရောက်လာ ဖြစ်သည့်အတွက် အဆိုပါ ဆိုင်ခန်းများသည် လမ်းပန်းဆက်သွယ်ရေး လုံခြုံချောမွေ့စေရေးအတွက် အနှောင့်အယှက် ဖြစ်လျက်ရှိပါကြောင်း၊ Car Traffic အတွက်ကိုလည်း ပိတ်ဆို့နေသည့် အန္တရာယ်များနှင့် ကြုံတွေ့နေသည့်အတွက် ၎င်းဆိုင်ခန်းများကို ဖယ်ရှားရန် လိုအပ်လာပါကြောင်း၊ ထို့ကြောင့် ၎င်းဆိုင်ခန်းများ ဖယ်ရှားနိုင်ရန်အတွက် ၂၄-၁-၂၀၁၉ ရက်နေ့တွင် သက်ဆိုင်ရာ ဆိုင်ခန်းငှားရမ်းသူများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ အားလုံးနှင့်ညှိနှိုင်းပြီး အစည်းအဝေးပြုလုပ်ခဲ့ ပါကြောင်း၊ ၎င်းအစည်းအဝေးတွင် ဈေးဆိုင်ခန်း ၁၀ ခန်းကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလကုန်တွင် ဖယ်ရှားရှင်းလင်းပေးရန် ညှိနှိုင်းခဲ့သော်လည်း ဆိုင်ခန်းရှင်များက ဆိုင်ခန်းမြေနေရာ အခက်အခဲနှင့် ဆိုင်ရွှေ့ရမည့် နေရာအခက်အခဲများ တင်ပြသည့်အတွက် ၂၀၁၉ ခုနှစ် ဇွန်လကုန်တွင် နောက်ဆုံးထားပြီး ဖယ်ရှားပေးပါမည်ဆိုပြီး ကတိကဝတ်ပြုခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုလမ်းကြီး၏ (၁၀) ခန်းအပြင် နောက်သုံးခန်းဖြစ်နေတဲ့ လမ်းနယ်နိမိတ်အတွင်း ပါဝင်ပြီး ဖယ်ရှားရှင်းလင်းရန် ကျန်ရှိနေသည့် ပူတာအိုတပ်နယ် သက်သာချောင်ချိရေးအတွက် ဆောက်လုပ်ထားသော ဆိုင်ခန်းသုံးခန်းကို ဆက်လက်ပြီး ဖယ်ရှားပေးနိုင်ရန်အတွက် ပူတာအိုမြို့ရှိ စစ်ဗျူဟာမှူး၊ အခြေချစစ်ဗျူဟာအဖွဲ့အား ညှိနှိုင်းဆောင်ရွက်ထားရှိပြီး ဖြစ်ပါကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားပါသည်။
