(ခ)-မဘိမ်းမြို့နယ်ရှိ မိုးကုတ်-မိုးမိတ်-မဘိမ်း-ဗန်းမော် ဗျူဟာလမ်းပေါ်ရှိ နမ့်ပေါ်ချောင်းရေကျော်အား ကွန်ကရစ်တံတား(သို့)ဘေလီတံတား ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့ (၇.၃.၂၀၁၉)

 

မဘိမ်းမြို့သည် မိုးကုတ်-မိုးမိတ်-မဘိမ်း-မံစီ-ဗန်းမော် ဗျူဟာလမ်းပေါ်တွင် တည်ရှိပါကြောင်း၊ ရှမ်းပြည်နယ်၏ မြောက်ဘက်အစွန်း ကချင်ပြည်နယ်နှင့် ဆက်စပ်နေပါကြောင်း၊ ယခု ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်ကို ဆက်သွယ်ထားသည့်လမ်းသည် ဟိုးယခင်က ကောင်းမွန်ပြီး မိုးကုတ်မှ ဗန်းမော်အထိ လိုင်းကားများသွားခဲ့ရပါကြောင်း၊ ပြီးခဲ့သည့်ကာလများတွင် အဆိုပါလမ်းကို ပြုပြင်မှု၊ ထိန်းသိမ်းမှုမရှိသည့်အတွက် ယခုဆိုလျှင် ၎င်းလမ်းသည် သွားလာ၍ မရသေးပါကြောင်း၊ ဒုတိယပုံမှန်အစည်းအဝေး (၃၆) ရက်မြောက်နေ့က မေးမြန်းသည့်အခါ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ၂၀၂၀ ခုနှစ်တွင် အပြီးလုပ်ပေးပါမည်ဟု ဖြေကြားခဲ့ပါကြောင်း၊ မိမိမေးမည့်တံတားက အဆိုပါလမ်းပေါ်တွင် မဘိမ်းမြို့ကနေပြီး ၂၅ မိုင်ခန့်ဝေးသည့် စီပိန်းဆိုသည့် ရွာနားလေးတွင် ရှိပါကြောင်း၊ နမ့်ပေါ်ချောင်းကို ယခင်က ရေကျော်လုပ်ပေးထားပါကြောင်း၊ ယခု ၎င်းရေကျော်သည် မကောင်းဘဲ ပျက်စီးနေပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် ၎င်းနေရာတွင် ရေကျော်အစား တံတားတစ်စင်း တည်ဆောက်ပေးရန် လိုအပ်နေခြင်းဖြစ်ပါကြောင်း၊

သို့ဖြစ်ပါသောကြောင့် မဘိမ်းမြို့နယ်အတွင်း လိုအပ်နေခြင်းဖြစ်သည့်အတွက် မဘိမ်းမြို့နယ်ရှိ မိုးကုတ်-မိုးမိတ်-မဘိမ်း-ဗန်းမော် ဗျူဟာလမ်းပေါ်ရှိသည့် နမ့်ပေါ်ချောင်းရေကျော်ကို ကွန်ကရစ်တံတား (သို့) ဘေလီတံတား ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့ နယ်အတွင်းရှိ မိုးကုတ်-မိုးမိတ်-ကုန်းဝက်-မဘိမ်း-စီဦးလမ်းသည် ပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်းဖြစ်ပြီး အဆိုပါလမ်းပေါ်ရှိ  မိုင်တိုင် (၈၈/၅) တွင်ရှိသည့် နမ့်ပေါ်ချောင်းကွန်ကရစ် ရေကျော်သည် အရှည်အားဖြင့် ၁၃၅ ပေရှိပြီး သက်တမ်းအားဖြင့် အနှစ် ၂၀ ကျော် ကြာမြင့်နေပြီ ဖြစ်ပါကြောင်း၊ လက်ရှိချောင်း၏ အကျယ်မှာ ၁၁၀ ပေရှိပြီး တစ်နေ့တာယာဉ်အစီး ၃၀ ခန့်သွားလာလျက် ရှိပါကြောင်း၊ အဆိုပါရေကျော်တွင် သက်တမ်းကြာမြင့်ပြီး သဘာဝဘေးဒဏ်များကြောင့် ယခုအခါ ပျက်စီးသွားခဲ့ပြီး ဖြစ်ပါ၍ ရာသီမရွေး သွားလာနိုင်သော သံကူကွန်ကရစ် (အုတ်မြစ်+ကိုယ်ထည်)၊ နှစ်လွှာတစ်ထပ် ဘေလီတံတား တည်ဆောက်နိုင်ရန်အတွက် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေတွင် တင်ပြထားပြီးဖြစ်ပါကြောင်း၊ ရန်ပုံငွေရရှိမှုပေါ်မူတည်ပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။