နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လျှပ်စစ်မီးရရှိရန်အတွက် လဟယ်မြို့နယ်တွင် ကျီလွယ်ချောင်း၌ ရေအားလျှပ်စစ် စက်ရုံငယ် ၁ ခု၊ လေရှီးမြို့နယ်တွင် လေရှီး-မတူပီချောင်း၌ အသေးစား ရေအားလျှပ်စစ်စီမံကိန်း ၁ ခု၊ နန်းယွန်းမြို့နယ်တွင် တိုင်လွယ်ချောင်း၌ ရေအားလျှပ်စစ်စီမံကိန်း ၁ ခုကို ဆောင်ရွက်သွားရန် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်၏ အမျိုးသားစီမံကိန်းတွင် ပါရှိပြီးဖြစ်ပါကြောင်း၊ ထို့အတူ ခန္တီးမြို့နယ်အတွင်းရှိ နန့်စလိန်ချောင်းသည် နွေရာသီတွင်လည်း ရေအနက် ၄ ပေ၊ ၅ ပေထိရှိပြီး ရေစီးအလွန်သန်သဖြင့် ရေအားလျှပ်စစ်စက်ရုံငယ်လေးတစ်ခု တည်ဆောက်နိုင်ပါကြောင်း ၎င်းချောင်းကို အသုံးပြုပြီး လျှပ်စစ်ထုတ်လုပ်နိုင်ပါက အနီးပတ်ဝန်းကျင်ရှိ ပင်လုံရွာ၊ လယ်ကုတ်ကူ၊ ပါဆောင်၊ ကုန်းခေါင်၊ သက်ကယ်တောင်၊ လောင်ဆောက်ကြီး၊ လောင်ဆောက်လေးရွာ၊ လောင်ပ၊ ဆင်သေကျေးရွာ စသည့် ကျေးရွာပေါင်း ၁၂ ရွာကို မီးပေးနိုင်မည်ဖြစ်ပါကြောင်း၊ ၎င်းဒေသမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် UNDP တို့ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် နိုင်ငံဆိုင်ရာ လုပ်ငန်းအစီ အစဉ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၌ ဆောင်ရွက်ရန် လျာထားသော်လည်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ မပါရှိပါကြောင်း၊ ထို့အတူ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် JICA တို့ ပူးပေါင်းပြီး ကျေးလက်ဒေသမီးလင်းရေးစီမံကိန်း အကောင်အထည်ဆောင်ရွက်မည့့်် စီမံကိန်တွင်လည်း ခန္တီးမြို့နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ မပါဝင်ပါကြောင်း၊ သို့ဖြစ်ပါ၍ ခန္တီးမြို့နယ်အတွင်းရှိ နန့်စလိန်ချောင်း၌ အသေးစားရေအားလျှပ်စစ်ထုတ်လုပ်သည့် စက်ရုံငယ်ကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းတွင် ထည့်သွင်းပေးနိုင်ခြင်းရှိ/မရှိ ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
နိုင်ငံတော်သမ္မတကြီး၏ ၈-၄-၂၀၁၅ ရက်နေ့ ခန္တီးဒေသခရီးစဉ်တွင် ဒေသဖွံ့ဖြိုးရေးအတွက် လျှပ်စစ်ဓာတ်အားအပြည့်အဝရရှိရေးသည် အရေးကြီးကြောင်းကို လမ်းညွှန်ပြီး ဖြစ်မြောက်နိုင်သည့် နေရာများကို လေ့လာဆောင်ရွက်ပေးရန်ဆိုသည့် လမ်းညွှန်ချက်နှင့်အညီ မေလ ၁ ရက်မှ ၇ ရက်နေ့အတွင်း ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ဦးဆောင်သည့် အဖွဲ့တစ်ဖွဲ့သည် ဒေသကို အမြန်ဆုံးသွားရောက်ခဲ့ပါကြောင်း၊ သွားရောက်လေ့လာသည့်အခါ ယခင်က တိုင်းတာထားပြီးဖြစ်သော နမ့်ပုတ်ချောင်းသို့ ထပ်မံပြီး သွားရောက်လေ့လာပါကြောင်း၊ မိမိကိုယ်တိုင်ပင် ခန္တီးကိုလိုက်သွားပြီး တိုင်းတာရေးအဖွဲ့ဝင်များနှင့်အတူ နမ့်ပုတ်ချောင်းထဲကို ဝင်ရောက်လေ့လာရာ ထွက်ရှိမည့် ဓာတ်အားသည် ၈ မဂ္ဂါဝပ်လောက်ထိ ဖြစ်သော်လည်း ပတ်ဝန်းကျင် ဘူမိဗေဒအခြေအနေနှင့် ဇလဗေဒအခြေအနေ ချောင်း၏ အောက်ကြမ်းပြင်ရှိ သဲနုန်းပို့ချထားသည့် အခြေအနေကြောင့် အချိန်တိုအတွင်း တည်ဆောက်ရန် မဖြစ်နိုင်သည့်အတွက် ၎င်းနမ့်ပုတ်ချောင်းပေါ်တွင် မရွေးဘဲ ၎င်း၏ လက်တက်ဖြစ်သော နန့်စလိန်ချောင်းတလျောက်ကို ဆက်လက်ပြီး ကွင်းဆင်းလေ့လာခဲ့ပါကြောင်း။
နန့်စလိန်ချောင်းသည် နိမ့်မြင့်ကွာခြားချက်နည်းပြီး ရေစီးရေလာကောင်းသည်ကို တွေ့ရှိရသည့်အခါ ပြန်လည် သုံးသပ်လိုက်ရာ Run off River Type နှင့် စက်ရုံတစ်ရုံတည်ရန် မသင့်လျော်သည့်တစ်ခုကို တွေ့ပါကြောင်း၊ နန့်စလိန်ချောင်းရဲ့ လက်တက်များအထိ သွားရောက်လေ့လာခဲ့ရာ နန့်စလိန်ချောင်းသည် ခန္တီးနှင့် လဟယ် မြို့နယ်နှစ်ခု၏ နယ်စပ်ဖြစ်ပါကြောင်း၊ ဆက်လက်၍ အနောက်မြောက်ဘက်အရပ်ရှိ ဟုန်းညှိချောင်းကို လေ့လာရာ Run off River Type အဖြစ် ၂ ဆင့် ဆောင်ရွက်၍ရသည်ကို တွေ့ရပါကြောင်း၊ ၅ မဂ္ဂါဝပ်လောက်အထိ ရရှိနိုင်သည့်အတွက် ခန္တီးမြို့အပါအဝင် နီးစပ်ရာ လဟယ်မြို့အစွန်အဖျားရှိ ကိုယ်စားလှယ်တော်ကြီး တင်ပြသွားသော ကျေးရွာများအားလုံးနီးပါး မီးရရနိုင်သည့် အနေအထားကို တွေ့ရပါကြောင်း၊ နွေရာသီတွင် ၂ မဂ္ဂါဝပ်ခန့်ရရှိမည်ဖြစ်ပြီး မိုးရာသီတွင် ၅ မဂ္ဂါဝပ်ခန့် ရရှိနိုင်မည်ကို တွေ့ရှိရပါကြောင်း၊ စီမံကိန်းနှစ်ခုကို ဆက်တိုက် အကောင်အထည်ဖော်နိုင်ရန်အတွက် အလားအလာရှိသော စီမံကိန်းတစ်ခုဖြစ်ပါကြောင်းနှင့် နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်နှင့်အညီ ဆက်လက်ပြီး စီစဉ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
