(ဂ)-တောင်ကုတ်မြို့နယ်၊ မအီမြို့၊ ဆားပြင်ကျေးရွာအုပ်စု၊ ဆားပြင်ကျေးရွာတွင် ရဲကင်းစခန်းတစ်ခု ချမှတ်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၀) ရက်မြောက်နေ့ (၄.၃.၂၀၁၉)

 

တောင်ကုတ်မြို့နယ်၊ မအီမြို့၊ ဆားပြင်ကျေးရွာအုပ်စုသည် ကျေးရွာပေါင်းကိုးရွာ၊ လူဦးရေ ၁၀၀၀၀ နီးပါး နေထိုင်လျက်ရှိသော ကျေးရွာအုပ်စုတစ်ခုဖြစ်ပါကြောင်း၊ ဆားပြင်ကျေးရွာတွင် အိမ်ခြေပေါင်း ၁၉၅၂ အိမ်၊ အိမ်ထောင်စုပေါင်း ၃၂၀ ကျော်ရှိပြီး လူဦးရေ ၃၀၀၀ ကျော် နေထိုင်လျက်ရှိသော ရွာတစ်ရွာလည်း ဖြစ်ပါကြောင်း၊ ထို့အပြင် ဆားပြင်ကျေးရွာသည် တောင်ကုတ်မြို့နယ်နှင့် ၂၀ မိုင်၊ မအီမြို့နယ်နှင့် ၂၀ မိုင်၊ လမူးနယ်မြေရဲစခန်းနှင့်လည်း ၁၃ မိုင်ဝေးကွာပါကြောင်း၊ ၁၉၈၂ ခုနှစ်က အထိုင်ရဲကင်းအနေဖြင့် တာဝန်ယူဆောင်ရွက်ခဲ့ခြင်းလည်း ရှိခဲ့ပါကြောင်း၊ ကျေးရွာအုပ်စုမှာ ရခိုင်ဗုဒ္ဓဘာသာနှင့် ချင်းခရစ်ယာန် လူမျိုးများလည်း နေထိုင်ကြပါကြောင်း၊

အရှေ့ဘက်တွင် ရခိုင်ရိုးမနှင့် ဆက်စပ်လျက်ရှိနေပြီး အနောက်ဘက်တွင် ရမ်းဗြဲမြို့နယ်နှင့် ထိစပ်လျက်ရှိသော ကျေးရွာအုပ်စုတစ်ခုလည်း ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် ကျေးရွာ၌ လူဦးရေ ပိုမိုထူထပ်လာကာ မူလတန်းကျောင်း၊ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းနှင့် ကျေးလက် ကျန်းမာရေးဌာနများလည်းရှိပြီး ဖြစ်ပါကြောင်း၊ နောက်တစ်ချက်က ဆားပြင်ကျေးရွာ အုပ်စု၏ တောင်ဘက်တွင် ဇနီအုပ်စုကျေးရွာငါးရွာနှင့် အိမ်ခြေ ၅၅၀ ခန့်ရှိပြီး မြောက်ဘက်တွင် ပဒါအုပ်စုနှင့်လည်း ဆက်စပ်လျက်ရှိသော ကျေးရွာအုပ်စုဖြစ်ပါကြောင်း၊ ယခုအချိန်တွင် လူဦး‌ရေ ထူထပ်လာသည်နှင့်အမျှ ဆက်စပ်ကျေးရွာအုပ်စုများ၏ လုံခြုံရေးမှာလည်း အလွန်အရေးကြီး လာပါကြောင်း၊ အထက်တွင်ဖော်ပြခဲ့သည်‌့အတိုင်း ရခိုင်ရိုးမတောင်တန်းနှင့် ထိစပ်လျက်  ရှိသည့်အတွက် တစ်စုံတစ်ရာပြဿနာဖြစ်လာပါက တရားဥပဒေစိုးမိုးရေးအတွက် အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် ရဲစခန်းတစ်ခုမဖြစ်မနေ လိုအပ်လျက်ရှိနေပါကြောင်း၊ ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်၊ ၂၀၁၇ ခုနှစ် အထိ အမှုထမ်းကြီး/ငယ်ပေါင်း ၄၃ မှုဖြစ်ပွားခဲ့သော နယ်မြေလည်း ဖြစ်ပါကြောင်း၊ ဆားပြင်နယ်မြေရဲစခန်း တည်ဆောက်ပေးမည်ဆိုပါက မြေနှစ်ဧကတွင်လည်း အဆင်သင့်ရှိပြီး နောက်ထပ်လိုအပ်ချက် များကိုလည်း ကျေးရွာအုပ်စုအတွင်းမှ ထောက်ပံ့ပေးသွားမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တောင်ကုတ်မြို့နယ်အတွင်း လုံခြုံရေးလွှမ်းခြုံ နိုင်ရန်အတွက် ကျေးရွာဒေသများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ မှုခင်းများများပြား လာသည့်အတွက် တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေးအတွက် ဆားပြင်ကျေးရွာအုပ်စုတွင် ရဲစခန်းတစ်ခုချမှတ် တည်ဆောက် ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ တောင်ကုတ် မြို့မရဲစခန်း၊ တမူးနယ်မြေရဲစခန်း၊ ရွာမနယ်မြေရဲစခန်း၊ ဇနီနယ်မြေရဲစခန်းနှင့် တောင်ပုံကြီး နယ်မြေရဲစခန်းတို့ ရှိပါကြောင်း၊ လမူးနယ်မြေရဲစခန်းကို ၁၉၅၀ ခုနှစ်တွင် စတင်ဖွင့်လှစ် ခဲ့ပါကြောင်း၊ ရဲစခန်းဧရိယာ ၂.၆၅ ဧကကျယ်ဝန်းပြီး ပေ ၃၀ ဂရန်ရရှိထားပြီး ဖြစ်ပါကြောင်း၊ လမူးနယ်မြေရဲစခန်းတွင် အရာရှိနှစ်ဦး၊ အခြားအဆင့် ၂၆ ဦး စုစုပေါင်း ၂၈ ဦးဖြင့် နယ်မြေ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဆားပြင်ကျေးရွာအုပ်စုသည် လမူးနယ်မြေရဲစခန်း အပိုင်တွင်ပါရှိပြီး ကျေးရွာပေါင်းကိုးရွာ၊ အိမ်ခြေ ၁၄၈၁ အိမ်၊ အိမ်ထောင်စု ၁၅၀၇ စု၊ လူဦး‌ရေ ကျား ၃၈၄၀ ဦး၊ မ ၃၂၀၃ ဦး စုစုပေါင်း ၇၀၄၃ ဦး အထက်တန်းကျောင်း၊ အလယ်တန်းကျောင်း နှစ်ကျောင်း၊ မူလတန်းကျောင်းငါးကျောင်း၊ ကျေးလက်ကျန်းမာရေး ဆေးပေးခန်းတစ်ခုတို့ ရှိပါကြောင်း၊

ဆားပြင်ကျေးရွာတွင် အိမ်ခြေ ၇၂၆ အိမ်၊ အိမ်ထောင်စု ၇၄၁ စု၊ လူဦးရေ ကျား ၁၄၂၆ ဦး မ ၁၄၈၆ ဦး စုစုပေါင်း ၂၉၁၂ ဦးနေထိုင်လျက် ရှိပါကြောင်း၊ ဆားပြင်ကျေးရွာနှင့် လမူးနယ်မြေ ရဲစခန်းတို့သည် တောင်ကုတ်-မအီ ကားလမ်းဘေးတွင် တည်ရှိပါကြောင်း၊ လမူးနယ်မြေ ရဲစခန်းတွင် ဆားပြင်ကျေးရွာတို့သည် ကတ္တရာလမ်း ၁၃ မိုင်ခန့် ကွာဝေးပြီး ကား၊ ဆိုင်ကယ်ဖြင့် ၄၅ မိနစ်ခန့် သွားလာနိုင်ပါကြောင်း၊ ဆားပြင်ကျေးရွာအုပ်စု မှုခင်းဖြစ်ပွားမှုအနေဖြင့် ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအထိ အမှုကြီးခုနစ်မှု၊ အခြားအမှု ၄၆ မှု၊ ကြိုတင်ကာကွယ်မှု ၅၁ မှု ဖြစ်ပွားခဲ့ပါကြောင်း၊ ဆားပြင်ကျေးရွာတွင် ၁၉၈၂ ခုနှစ်မှစ၍ လှုပ်ရှားရဲကင်းအား အရာရှိတစ်ဦး၊ အခြား ၅ ဦးဖြင့် ထားရှိခဲ့ပြီး ၁၇-၁၁-၂၀၁၈ ရက်နေ့တွင် အဆိုပါရဲကင်းမှ တပ်ဖွဲ့ဝင်များအား လမူးနယ်မြေရဲစခန်းသို့ ပြန်လည်အင်အား ဖြည်‌့တင်းခဲ့ပါကြောင်း၊ ထို့အပြင် ကျေးရွာသည် တမူးနယ်မြေရဲစခန်းနှင့် ခရီးကွာဝေးမှုမရှိခြင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်း၊ မှုခင်းဖြစ်ပေါ်မှု နည်းပါးခြင်း၊ လမူးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များဖြင့် ရွာစင်ကြယ် လှည့်ကင်း၊ ဝပ်ကင်းများ ဆောင်ရွက်လျက် ရှိခြင်းကြောင့် ရဲကင်းစခန်းဖွင့်လှစ်ရန် မလိုအပ်သေးသော်လည်း လှုပ်ရှားရဲကင်းအဖြစ် ပြန်လည်ချထား ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာတွင် ရဲကင်းစခန်းဖွင့်လှစ်ပေးရန် အစီအစဉ် မရှိသေးပါကြောင်းနှင့် နယ်မြေလုံခြုံ‌ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် လမူးနယ်မြေရဲစခန်းမှ အင်အားထုတ်နှုတ်၍ လှုပ်ရှားရဲကင်းအဖြစ် ပြန်လည်ချထား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။