(က)-လွိုင်လင်မြို့နယ်ရှိနောင်ဟိုင်းရွာအဝင်သစ်သား တံတားသည် အန္တရာယ်ရှိနေပါ၍ သင့်လျော်သည့် တံတားတစ်စင်းတည်ဆောက်ပေးရန်နှင့်နောင်မတ် မီးရွာအတွက် စိမ့်စမ်းရေသွယ်ယူခြင်းကိုမည်သည့် အချိန်တွင် ဆောင်ရွက် ပေးမည်ကိုသိ လိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၅၃)ရက်မြောက်နေ့ (၂၇.၅.၂၀၁၅)

ဦးခင်မောင်သီ (လွိုင်လင်)လွိုင်လင်မြို့နယ်၊ ပင်လုံဒေသ၊ ပန်မုန့်ကျေးရွာအုပ်စုရှိ နောင်ဟိုင်းရွာအဝင်တံတား (ဦးပူရလေး တံတား) သည် လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ ခန့်က တည်ဆောက်ခဲ့သော တံတားဖြစ်ပြီး ယခုအချိန်တွင် ရာသီဥတုဒဏ်ကြောင့် ပြိုကျပျက်စီးနိုင်သော၊ ဆွေးမြည့်ပျက်စီးနေသော အခြေအနေများကို တွေ့ရှိခဲ့ရပြီး ဒေသခံတိုင်းရင်းသား ရပ်မိရပ်ဖများက ပြင်ဆင်ပေးရန် အကြံပြုလာကြပါကြောင်း၊ သစ်သားတံတားကြီးသည် ရာသီဥတုဒဏ်ကြောင့် လည်းကောင်း၊ ခရီးသွား မော်တော်ယာဉ်များ၏ ဖြတ်သန်းသွားလာမှုကြောင့်လည်းကောင်း အချိန်မရွေး ပြိုကျပျက်စီးမည့် အန္တရာယ်ရှိနေပါ၍ ၎င်းသစ်သားတံတားကြီးနေရာတွင် သင့်လျော်သည့် တံတားတစ်စင်း တည်ဆောက်ပေးပါရန်နှင့် လွိုင်လင်မြို့နယ်၊ နောင်လှိုင်အရှေ့ကျေးရွာအုပ်စုရှိ နောင်မတ်မီးရွာ သောက်သုံးရေရရှိရေးအတွက် စိမ့်စမ်းရေသွယ်ယူခြင်း ၃ မိုင်ခန့် အကွာအဝေး နေရာမှ ရေသွယ်ယူခြင်းကို မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်တင်အောင်ချစ်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်တင်အောင်ချစ်နောင်ဟိုင်းရွာအဝင် ပေ ၄၀ တံတား တည်ဆောက်မည်ဆိုပါက တံတားပတ်ဝန်းကျင်ကျေးရွာရှစ်ရွာနှင့် အိမ်ခြေ ၅၅၈ လုံး၊ လူဦးရေ ၂၂၃၂ ဦးနှင့် ဒေသနေပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ဆက်သွယ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို များစွာအထောက်အကူပြုမည်ပါဖြစ်ကြောင်း၊ ထို့အတူ နောင်မတ်မီးရွာ စိမ့်စမ်းရေသွယ်ယူခြင်း လုပ်ငန်း ဆောင်ရွက်ပါက နောင်မတ်မီးရွာရှိ အိမ်ခြေ ၆၉ လုံး၊ လူဦးရေ ၄၁၃ ဦးတို့၏ ကျန်းမာရေးနှင့် လူမှုဘဝမြင့်မားရေးအတွက် များစွာ အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၄၀ ဖြင့် လွိုင်လင်မြို့နယ်၊ ပန်မုန့်ကျေးရွာအုပ်စု၊ နောင်ဟိုင်းရွာအဝင် ကွန်ကရစ်တံတား (၄၀x၁၆x၂၀) ပေ၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၂၂.၅ သန်းဖြင့် နောင်လှိုင်အရှေ့ ကျေးရွာအုပ်စုရှိ နောင်မတ်မီးရွာ စိမ်‌့စမ်းရေသွယ်ယူခြင်း ၃ မိုင်လုပ်ငန်းကို ဆောင်ရွက် ပြီးစီးပြီဖြစ်ပါကြောင်းနှင့် အဆိုပါလုပ်ငန်းများ ရာခိုင်နှုန်းပြည့်ပြီးစီးပြီဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။