(ခ)-ထောင်ကျအကျဉ်းသားများ၊ ကျသစ်များ၊ ရုံးထုတ်အပြန် အချုပ်သားများ ထောင်တွင်းပြန်ဝင်လာချိန်တွင် ခန္တာကိုယ်အတွင်းသို့ တရားမဝင်ပစ္စည်းများ လျှို့ဝှက်သယ်ဆောင်လာကြောင်း သတင်းရရှိ၍ စအိုအတွင်း လက်ဖြင့်နှိုက်ရှာခြင်းသည် လူ့ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေးနှင့် မညီညွတ်ပါသဖြင့် X-ray စက်ဖြင့် ရှာဖွေခြင်းကို မည်သည့်ဘဏ္ဍာနှစ်တွင် စတင်ဆောင်ရွက်မည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
နိုင်ငံတကာတွင် UN ကနေလွှတ်သည့် လူ့အခွင့်အရေးကော်မရှင်ကဲ့သို့သော အဖွဲ့အစည်းမျိုးများ၊ နောက်တစ်ခါ အခြားသော NGO များက လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး တိုင်းတာကြသည့်အခါ ပထမဦးဆုံး အကျဉ်းထောင်များဖြစ်ပါကြောင်း၊ ထို့ကြောင့် အကျဉ်းထောင်များထဲတွင် အများစုသည် လူများ၏ လူ့အခွင့်အရေးကို ချိုးဖောက်သဖြင့် ပြစ်ဒဏ်ပေးခံရသည့် သူများအများစု နေထိုင်ကြသူများ ဖြစ်ပါကြောင်း၊ တဖန် ၎င်းတို့သည် အကျဉ်းထောင်ထဲကို ပြန်ရောက်သည့်အခါ ဥပဒေ၏ အကာအကွယ်ပေးမှု အင်မတန်မှ အနည်းဆုံးပုဂ္ဂိုလ်များ ဖြစ်ပါကြောင်း၊ နောက်ပြီး သမိုင်းကြောင်းများကို ပြန်ကြည့်မည်ဆိုလျှင်လည်း ထောင်ထဲတွင်ရှိသည့် ညှဉ်းပန်း နှိပ်စက်မှုများ၊ အစားအစာမသန့်ရှင်းမှုများ၊ နေထိုင်မှုကြောင့်ဖြစ်ပေါ်သည့် ပြဿနာများ၊ ဆေးကုသမှုပြဿနာများက သမိုင်းကြောင်း တစ်လျှောက်လုံးတွင်လည်း ပြတိုက်ကြီးတစ်ခုကဲ့သို့ ဖြစ်နေပါကြောင်း၊ သို့သော်လည်း ခေတ်အဆက်ဆက် အစိုးရများက ပြုပြင်ပြောင်းလဲမှုများ ရှိလာသည့်အတွက်ကြောင့် ယနေ့ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က Report များ၊ တခြား AAPP က Report များကို ကြည့်လျှင် တိုးတက်မှုများလည်း ရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ ၎င်းတို့ထဲမှာမှ ဘဏ္ဍာငွေ အနည်းအကျဉ်း သုံးရုံဖြင့် သမိုင်းစာမျက်နှာပေါ်တွင် ကြီးကြီးမားမားရှိနေသည့် အမဲစက်တစ်ခုကို ပယ်ဖျက်နိုင်မည်ဟု ယုံကြည်သဖြင့် အဆိုပါမေးခွန်းကို မေးမြန်းခြင်းဖြစ်ပါကြောင်း၊ ထိုမေးခွန်း၏ ဇစ်မြစ်က တရားမဝင်သည့် ပစ္စည်းများကို အကျဉ်းသားများကနေပြီး ခန္ဓာကိုယ်ထဲကို ထိုးသွင်းပြီးသယ်ဆောင် လာသော ကိစ္စဖြစ်ပါကြောင်း၊ ထိုအခါ အကျဉ်းထောင်ဘက်မှလည်း ၎င်းကို သတင်းရသည့်အခါ လုံခြုံရေးအရ ရှာကြရပါကြောင်း၊ ပြဿနာက ခန္ဓာကိုယ်ထဲကို လက်ထိုးသွင်းပြီး မွှေနှောက်ရှာဖွေ ရသည့်ကိစ္စဖြစ်ခြင်းကြောင့် သတင်းသဘောအရ တိကျခြင်းလည်းရှိမည်၊ တချို့ရှာမတွေ့သည့် ကိစ္စမျိုးရှိသည့်အခါ လူ့ဂုဏ်သိက္ခာကို ထိခိုက်သည့်အပြင် မလိုလားအပ်သည့် ရောဂါကူးစက်မှု များလည်း ဖြစ်နိုင်သည့်အလားအလာများ အများကြီးရှိပါကြောင်း၊ နောက်ပြီး ICRC ကဲ့သို့ လူ့အခွင့်အရေး အဖွဲ့အစည်းများ ထောင်ထဲရောက် လာသောအခါ အကျဉ်းသားများကို မေးသည့်အတွက် အားလုံးကတန်းစီပြီး ဖြေကြရပါကြောင်း၊ ဖြေကြသည့်အခါ မည်သည့်ကိစ္စမျိုးဖြစ်ဖြစ် လွှတ်တော်ထဲဆိုလျှင် လူ့အခွင့်အရေးကို တန်ဖိုးထားသည့် နိုင်ငံရေးပါတီက ကိုယ်စားလှယ် အသီးသီးရောက်ရှိ နေကြခြင်း ဖြစ်ပါကြောင်း၊ ဒါကို မိမိတို့ ဖြေလျှော့ပေးဖို့ဆိုလျှင် ယခုနောက်ပိုင်း သုံး၍ရသည့် နည်းနာတစ်ခုပေါ်လာပြီ ဖြစ်ပါကြောင်း၊ ၎င်းမှာ X-ray စက်ပေါ်ထိုင်ပြီး စမ်းသပ်လျှင် ခန္ဓာကိုယ်ထဲရှိ ထည့်သွင်းလာသည့် အရာများကို တွေ့မြင်နိုင်ပါကြောင်း၊ တွေ့လျှင်လည်း လက်ဖြင့် နှိုက်စရာမလိုသည့် အခြားနည်းလမ်းကို စဉ်းစား၍လည်းရပါကြောင်း၊ ဥပမာ- ဝမ်းနှုတ်ခြင်းမျိုးများဖြင့် လုပ်၍ရပါကြောင်း၊ ထို့ကြောင့် အကောင်းဆုံးနည်းလမ်းက X-ray စက်ကိုသုံးခြင်းသည် အကောင်းဆုံးနည်းလမ်း ဖြစ်သည်ဟု ယူဆမိပါကြောင်း၊ ထို့ကြောင့် နိဂုံးချုပ်အနေဖြင့် ဘတ်ဂျက်ငွေ အနည်းအကျဉ်းသုံးပြီး အဆိုပါကိစ္စကို ဆောင်ရွက်လိုက်လျှင် မိမိတို့၏ လူ့အခွင့်အရေး သမိုင်းစာမျက်နှာပေါ်ရှိနေသည့် အမဲစက်တစ်စက်ကို ပယ်ပျောက် သွားနိုင်မည် ဖြစ်သဖြင့် X-ray စက်များသုံးခြင်းကို မည်သည့်နှစ်တွင် စပြီးသုံးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
အကျဉ်းထောင်အသီးသီးတွင် လုံခြုံရေးကျိုးပေါက်မှုမရှိစေရန် အကျဉ်းထောင်အတွင်း တားမြစ်ပိတ်ပင် ထားသည့်ပစ္စည်းများ မရောက်ရှိစေရန်အတွက် ထောင်ဝင်စာပစ္စည်းများ ရှာဖွေလျှင် တရားရုံးပြန်ရှာဖွေရေးနှင့် ဝန်ထမ်းအဝင်အထွက် ရှာဖွေရေးတို့ကို အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါ မူးယစ်ဆေးဝါးမှုဖြင့် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားများ များပြားလျက်ရှိရာ မူးယစ်ဆေးဝါး၊ စိတ်ကြွဆေးပြားများကိုလည်း အကျဉ်းထောင် အတွင်းသို့ ကိုယ်အတွင်းထည့်၍ သော်လည်းကောင်း၊ ပါးစပ်မှမျိုချ၍သော်လည်းကောင်း၊ ခေါက်ဆွဲထုပ်၊ မုန့်ထုပ်၊ ကော်ဖီမစ်ထုပ်အတွင်းသို့ ထည့်သွင်း၍လည်းကောင်း၊ အခြားအစား အသောက် ဗူးများအတွင်း ထည့်သွင်း၍လည်းကောင်း နည်းလမ်းမျိုးစုံဖြင့် သွင်းယူလာ ကြသောကြောင့် ရှာဖွေရေးကို အထူးအာရုံစိုက် ဆောင်ရွက်လျက် ရှိပါကြောင်း၊ အင်းစိန်ဗဟို အကျဉ်းထောင် တစ်ခုတွင်း၌ပင် တရားရုံးပြန်ရှာဖွေရေးနှင့် ထောင်ဝင်စာရှာဖွေရေးတို့မှ ၂၀၁၈ ခုနှစ်အတွင်း မူးယစ်ဆေးဝါး ၆၈ ကြိမ် ဖမ်းဆီးရမိခဲ့ပါသည်။ အင်းစိန်ဗဟိုအကျဉ်းထောင် နေ့စဉ်ရုံးထုတ်ရုံးပြန် ဦးရေတစ်ထောင်ကျော်ရှိပြီး ရုံးပြန်ချိန်တွင်လည်း နေဝင်ချိန်ရောက်ရှိနေပြီ ဖြစ်သဖြင့် ရှာဖွေရေးဆောင်ရွက်ရာတွင် အချိန်ပေးနိုင်ခြင်းမရှိဘဲ လျင်မြန်စွာ ရှာဖွေဆောင်ရွက် လျက်ရှိပါကြောင်း၊ ရှာဖွေရေးပြုလုပ်ရာတွင် လူ့ဂုဏ်သိက္ခာ မညိုးနွမ်းစေရန် အထူးအလေးထား ဆောင်ရွက်လျက် ရှိပါကြောင်း၊ ခန္ဓာကိုယ်အတွင်း သွင်းယူလာကြောင်း သတင်းအတိအကျရရှိသူကို စအိုအတွင်း လက်နှိုက်ရှာဖွေခြင်း လုံးဝမပြုလုပ်ဘဲ စအိုအောက်တွင် ကြည့်မှန်ခံ၍ ထိုင်ထပြုလုပ် စေခြင်းနှင့် အန်စေခြင်း နည်းလမ်းတို့ကိုသာ ဆောင်ရွက်ပြီး ရှာဖွေလျက်ရှိပါကြောင်း၊ အဆိုပါ နည်းလမ်းများ ဆောင်ရွက်ခြင်းကြောင့် မူးယစ်ဆေးဝါး ထွက်ရှိလာခြင်း မရှိပါက အကျဉ်းထောင် ဆေးရုံတွင်ရှိသည့် ရောဂါရှာဖွေရန်ထားရှိထားသော ဓာတ်မှန်ရိုက်စက်ဖြင့် ဓာတ်မှန်ရိုက် စစ်ဆေးလျက်ရှိပါကြောင်း၊ သို့သော် အခြားသတင်းမရရှိသော သူများထံမှလည်း အကျဉ်းထောင် အတွင်းသို့ စိတ်ကြွဆေးပြား သွင်းလာနိုင်သဖြင့် ရှာဖွေရန် Body Search Scanner များ လိုအပ်သောကြောင့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ် စက်နှင့်စက်ပစ္စည်း ရန်ပုံငွေ၌ အဆိုပါစက်ဝယ်ယူရန် လျာထားတန်ဖိုးအပါအဝင် ငွေကျပ် ၁၀၄၆.၃၅၅ သန်း တင်ပြတောင်းခံခဲ့သော်လည်း ငွေကျပ် ၅၅.၀၆၈ သန်းသာ ခွင့်ပြုချက် ရရှိခဲ့ပြီး ငွေကျပ် ၉၉၁.၂၈၇ သန်း ဖြတ်တောက်ခဲ့ပါကြောင်း၊ ထိုသို့ ဖြတ်တောက်သည့် စာရင်းတွင် Body Search Scanner နှစ်စုံ ဝယ်ယူရန်အတွက် ငွေကျပ် ၁၁၅.၅ သန်း ပါဝင်သွားခဲ့ပါကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ် စက်ပစ္စည်းနှင့်ရန်ပုံငွေတွင်လည်း Body Search Scanner တစ်စုံနှင့် X-ray စက်နှစ်စုံဝယ်ယူရန် လျာထားတန်ဖိုးများ အပါအဝင် ငွေကျပ် ၂၁၄၆.၀၈ သန်း တင်ပြတောင်းခံ ခဲ့ပါကြောင်း၊ တောင်းခံရာတွင် ငွေကျပ် ၅၉၅.၀၈၈ သန်းသာ ခွင့်ပြုချက်ရရှိခဲ့ပြီး ငွေကျပ် ၁၅၅၀.၉၉၂ သန်း ဖြတ်တောက်ခဲ့ပါကြောင်း၊ ထိုသို့ဖြတ်တောက်သည့်စာရင်းတွင် Body Search Scanner တစ်စုံအတွက် ငွေကျပ် ၅၇.၇၅ သန်းဖြင့် X-ray စက်နှစ်စုံအတွက် ငွေကျပ် သန်း ၃၀ ပါဝင် သွားခဲ့ပါကြောင်း၊ သို့ပါ၍ အကျဉ်းဦးစီးဌာန တရားရုံးထုတ်ရုံးပြန်၊ ထောင်ဝင်စာများ တွေ့ဆုံမှု များပြားသည့် အကျဉ်းထောင်များ မူးယစ်ဆေးဝါး ပြန့်ပွားမှုများပြားသည့် အကျဉ်းထောင်များတွင် အသုံးပြုရန် Body Search Scanner သုံးစုံနှင့် X-ray Baggage Expression Machine စက်သုံးလုံးကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ဖြည့်စွက်ရန်ပုံတွင်လည်းကောင်း၊ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း မူလရန်ပုံငွေတွင်လည်းကောင်း ထည့်သွင်းလျာထား တင်ပြတောင်းခံ သွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။
