(စ)-ဉာဏ်ကျွန်းကျေးလက် ကျန်းမာရေးဌာနခွဲအား ကျန်းမာရေးဌာနအဖြစ် အဆင့်တိုးမြှင့်ပေးရန်နှင့် လောင်မီး၊ ကမာဖရံ၊ အပိုင်နှင့် ကသဲကုန်းကျေးရွာများတွင် ကျေးလက်ကျန်းမာရေး ဌာနခွဲများ ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့ (၁.၃.၂၀၁၉)

 

သနပ်ပင်မြို့နယ်ရှိ ဉာဏ်ကျွန်းကျေးလက်ကျန်းမာရေးဌာနခွဲအား ကျန်းမာရေးဌာနအဖြစ် အဆင့်တိုးမြှင့် ပေးရန်နှင့် လောင်မီး၊ ကမာဖရံ၊ အပိုင်နှင့် ကသဲကုန်းကျေးရွာများတွင် ကျေးလက်ကျန်းမာရေးဌာနခွဲများ ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

 

သနပ်ပင်မြို့နယ်တွင် လူဦးရေ ၁၇၀၀၀၀ ခန့်ရှိပြီး ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံ လေးခုရှိပါကြောင်း၊ မြို့နယ်ဆေးရုံမှာ ၂၅ ခုတင်ဆံ့ရှိပါကြောင်း၊ တိုက်နယ်အဆင့် ကျန်းမာရေးဌာနနှစ်ခုရှိပြီး ကျန်းမာရေးဌာန ငါးခုရှိပါကြောင်း၊ ကျန်းမာရေးဌာနခွဲ ၂၈ ခုရှိပါကြောင်း၊ ကျန်းမာရေးဌာနများတွင် ကျန်းမာရေးမှူး ခြောက်ဦး၊ ကျန်းမာရေး ဆရာမရှစ်ဦးနှင့် ကြီးကြပ် (၂) ၄၄ ဦး၊ သားဖွားဆရာမ ၄၂ ဦး ရှိပါကြောင်း၊ သားဖွားဆရာမတစ်ဦးလျှင် လူ ၃၇၀၀ ခန့်အထိ တာဝန်ယူနေရဆဲ ဖြစ်ပါကြောင်း၊ ဉာဏ်ကျွန်းကျေးရွာတွင် အိမ်ထောင်စု ၈၉၈ စု၊ လူဦးရေ ၃၇၉၁ ဦးရှိပြီး စံကိုက်ကျန်းမာရေးဌာန ဖွင့်လှစ်နိုင်ရန် မြေနေရာနှင့် အခြားလိုအပ်ချက်များလည်း ရှိသည့်အတွက် ကျန်းမာရေးဌာနအဖြစ် အဆင့်တိုးမြှင့်ရန် သင့်တော်ကြောင်း၊ လောင်မီး၊ ကမာဖရံနှင့် အပိုင်ကျေးရွာများတွင် ကျန်းမာရေး ဌာနခွဲများ ဖွင့်လှစ်ပေးရန် ၁၄-၁၀-၂၀၁၆ ရက်စွဲဖြင့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့ပြီး ၉-၃-၂၀၁၇ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးက ဖြေကြားရာတွင် လောင်မီး၊ ကမာဖရံ၊ အပိုင်ကျေးရွာများတွင် ကျန်းမာရေးဌာနခွဲများ ဖွင့်လှစ်ပေးရန် လိုအပ်ကြောင်း ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှတင်ပြပြီး ကျေးလက်ကျန်းမာရေး ဌာနခွဲဖွင့်လှစ်မည့် နေရာတွင် လိုအပ်လျက်ရှိသည့် ကျန်းမာရေးအခက်အခဲများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး လုပ်ငန်းများအပြင် အခြားကျန်းမာရေး လုပ်ငန်းများအတွက် များစွာအထောက်အကူ ဖြစ်စေမည်ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲပါသဖြင့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ဖွဲ့စည်းပုံ ခွင့်ပြုမိန့်ရရှိရေးအတွက် စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းကို ကတိပြုဖြေကြား ခဲ့ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီး၏ အဖြေကိုကြားသိရသည့် ပြည်သူများမှာ အထူးပင်ဝမ်းမြောက် ခဲ့ကြကြောင်း၊ သို့သော်လည်း ဘတ်ဂျက်နှစ်များ တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသွားပြီး နှစ်နှစ်ခန့် ကြာသည်အထိ ဆောင်ရွက်ပေးနိုင်ခြင်း မရှိသည့်အတွက် ပြည်သူများမှာ ဝမ်းနည်းစိုးရိမ်မှုများ ခံစားလာရပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို မေးခွန်းထုတ်နေကြပါကြောင်း၊ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီကိုလည်း တင်ပြပြီးဖြစ်ပါကြောင်း၊

ဖော်ပြပါ ကတိဖြစ်ပြီးကျေးရွာများအပြင်ကို ကသဲကုန်း၊ ကြက်ပတိုင်လေးနှင့် လာပကစ်ကျေးရွာ များမှာလည်း ကျေးလက်ကျန်းမာရေးဌာနခွဲများ ဖွင့်လှစ်ရန်သင့်တော် ပါကြောင်းနှင့် သနပ်ပင်မြို့နယ်တွင် အမှန်တကယ်လိုအပ်နေသည့် ကျန်းမာရေးဌာနနှင့် ကျန်းမာရေးဌာနခွဲများကို တိုးချဲ့ဖွင့်လှစ်ပေးပါက ပြည်သူများအတွက် ကာကွယ်ဆေးထိုးခြင်း၊ မိခင်နှင့်ကလေး စောင့်ရှောက်မှုပေးခြင်း၊  သက်ကြီးရွယ်အိုများ စောင့်ရှောက်ခြင်း၊ ကျန်းမာရေးအသိပညာ ပေးခြင်းများနှင့် အခြားလိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် သနပ်ပင်မြို့နယ်ရှိ ဉာဏ်ကျွန်းကျေးလက် ကျန်းမာရေးဌာနခွဲအား ကျန်းမာရေးဌာနအဖြစ် အဆင့်တိုးမြှင့်ပေးရန်နှင့် လောင်မီး၊ ကမာဖရံ၊ အပိုင်နှင့် ကသဲကုန်းကျေးရွာများတွင် ကျေးလက် ကျန်းမာရေးဌာနခွဲများ ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကိုယ်စားလှယ်တော်ကြီး၏ မေးခွန်းတွင် တစ်ခုက ဉာဏ်ကျွန်းကျေးလက် ကျန်းမာရေးဌာနခွဲအား ကျေးလက်ကျန်းမာရေးဌာန (Rural Health Center) အဖြစ်အဆင့်မြင့်ရန်နှင့် ဒုတိယမေးခွန်းတွင် လောင်မီး၊ ကမာဖရံ၊ အပိုင်နှင့် ကသဲကုန်းကျေးရွာမှာ ကျေးလက်ကျန်းမာရေးဌာနခွဲ (Sub-Center) များ ဖွင့်လှစ်ပေးရန်ကိစ္စ ဖြစ်ပါကြောင်း၊ ဤကိစ္စသည် ပြည်သူ့ကျန်းမာရေးနှင့် ဆိုင်သည့်အတွက် ပထမဦးဆုံးလေ့လာသောအခါ သနပ်ပင်မြို့နယ်တွင် ကျေးရွာပေါင်း ၆၂ ရွာ၊ အိမ်ခြေပေါင်း ၃၂၀၀၀ ကျော်ရှိပြီး လူဦးရေ ၁၆၀၀၀၀ ကျော်ရှိပါကြောင်း၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုအတွက်ဆိုလျှင် Station Health Unit ဟုခေါ်ပါကြောင်း၊ Station Health Unit  ဆိုသည်မှာ ဆေးရုံ၊ ပြည်သူ့ကျန်းမာ‌ရေး လုပ်သည့်အရာသုံးခု ရှိပါကြောင်း၊ ကျေးလက်ကျန်းမာရေးဌာန လေးခု၊ ကျန်းမာရေးဌာနခွဲ ၂၈ ခု၊ မိခင်နှင့်ကလေး တစ်ခုရှိပါကြောင်း၊ ပြည်သူ့ကျန်းမာရေး ဝန်ထမ်း ကျန်းမာရေးမှူးတစ်ဦး၊ လက်ထောက်ကျန်းမာရေးမှူး ခြောက်ဦး၊ မြို့နယ်သူနာပြုအဆင့်တစ်ဦး၊ ကျန်းမာရေးကြီးကြပ် (၁) သုံးဦး၊ ကျန်းမာရေးဆရာမ ခုနစ်ဦး၊ သားဖွားဆရာမ ၄၇ ဦး၊ ကျန်းမာရေးကြီးကြပ် (၂) ၄၂ ဦးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးလျက်ရှိပါကြောင်း၊ သို့ဖြစ်၍ လွှတ်တော်ကိုယ်စားလှယ်ကြီး ပြောသည့် ဉာဏ်ကျွန်းကျေးလက် ကျန်းမာရေးဌာနခွဲသည် ၎င်းအပေါ်တွင် ကမာစဲကျေးလက် ကျန်းမာရေးဌာနရှိပါကြောင်း၊ ၎င်းအောက်တွင် ဖြစ်ပါကြောင်း၊ အကွာအဝေးဖြင့် ကြည်‌့မည်ဆိုလျှင် ကမာစဲကျေးလက် ကျန်းမာရေးဌာနကို ခုနစ်မိုင်ဝေးပါကြောင်း၊ ခရမ်းတိုက်နယ်ဆေးရုံနှင့် ရှစ်မိုင်၊ သနပ်ပင်ပြည်သူ့ဆေးရုံနှင့် ခုနစ်မိုင်ဝေးပြီး နွေရာသီ၊ ဆောင်းရာသီတွင် လမ်းပန်းဆက်သွယ်ရေး ကောင်းပါကြောင်း၊ မိုးရာသီတွင် ခက်ခဲပြီး မော်တော်ဆိုင်ကယ်၊ လှေများကို အသုံးပြု၍ သွားလာရသည်ကို တွေ့ရပါကြောင်း၊ မိမိအနေဖြင့် ၎င်းကိုဖွင့်ရန်အတွက် အားလုံးသုံးသပ်သောအခါ ဖွင့်သင့်သည်ဟု သုံးသပ်မိပါကြောင်း၊ သုံးသပ်ရာတွင် သုံးသပ်ပြီး ဖွဲ့စည်းပုံကို ၂၀၂၀-၂၁ ခုနှစ်မှပင် တင်မည်ဖြစ်ပါကြောင်း၊ အဘယ်ကြောင့် ဆိုသော် ပိုပြီးလိုအပ်သည်များက များစွာရှိသည့်အတွက် ၂၀၂၀-၂၁ ခုနှစ်တွင် ထည့်ပေးမည် ဖြစ်ပါကြောင်း၊ ထည့်ပေးသည့်အပြင် လောလောဆယ် အမျိုးသားကျန်းမာရေး စီမံကိန်း (National Health Plan 2017-2021) တွင် ပါသည့်ကိစ္စများကို ဆက်လုပ်သွားမည် ဖြစ်ပါကြောင်း၊ ပစ္စည်းကိရိယာ၊ အင်အားဖြည့်သည်ကအစ မိမိတို့ဆက်လက်ပြီး လုပ်ပေးမည်၊ ၎င်းတို့ကို ၂၀၂၁ ခုနှစ်တွင် တင်၍ရအောင် ယခုချိန်မှစပြီး သက်ဆိုင်ရာ Process များကိုစလုပ်မည်၊ Process သည်ကြာမြင့် နေခြင်းဖြစ်သည့် အတွက်ကြောင့် စလုပ်ခြင်းဖြစ်ပါကြောင်း။

ကသဲကုန်းကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ တိုးချဲ့ဖွင့်လှစ်ရေး ကိစ္စနှင့်ပတ်သက်၍ ဉာဏ်ကျွန်း‌ကျေးလက် ကျန်းမာရေးဌာနသာ ဖွင့်ခွင့်ရမည်ဆိုလျှင် ကသဲကုန်းက အလိုအလျောက် ပါဝင်ပြီးသား ဖြစ်ပါကြောင်း၊ ဌာနခွဲဖြစ်သည့်အပြင် ဂလိုင်၊ ခလက်၊ လောင်မီးရွာသုံးရွာတွင်လည်း ကျေးလက်ကျန်းမာရေး ဌာနခွဲလေးခု အလိုအလျောက်ရမည် ဖြစ်ပါကြောင်း၊ မေးခွန်းတွင်ပါသည့် နောက်ထပ် သုံးရွာရှိပါကြောင်း၊ လောင်မီးကျေးရွာ၊ ကမာဖရံကျေးရွာ၊ အပိုင်ကျေးရွာများတွင် ကျေးလက်ကျန်းမာရေး ဌာနခွဲဖွင့်လှစ်ရန် ကိစ္စနှင့်ပတ်သက်ပြီး မိမိဖြေထားသည်များ ရှိပါကြောင်း၊ မိမိတို့ ပြန်ကြည့်သည့်အခါ ၎င်းသည် ပြီးသွားပြီဖြစ်ကြောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဖွဲ့စည်းပုံစိစစ်ဖွဲ့၍ ၂၇-၁၂-၂၀၁၈ ရက်နေ့တွင် ကျင်းပသော (၆/၂၀၁၈) ကြိမ်မြောက် ဖွဲ့စည်းပုံ ညှိနှိုင်းအစည်းအဝေးမှ အတည်ပြုပြီးဖြစ်သဖြင့် လုပ်ထုံးလုပ်နည်းများနှင့် ဆက်လက်ပြီး ဆောင်ရွက်လျက် ရှိပါကြောင်း၊ ရမည်မှာ သေချာသကဲ့သို့ ရှိပါကြောင်း၊ သို့သော် မိမိအနေဖြင့် တစ်ခုတင်ပြလိုသည်မှာ ကျေးလက်ကျန်းမာရေးဌာန အသစ်ဖြစ်ဖြစ်၊ ထပ်တိုးသည်ဖြစ်ဖြစ်၊ အဆင့်မြင့်သည်ဖြစ်ဖြစ် Process က အလွန်ကြာပါကြောင်း၊ ဤ Process ကို ပြန်လည်သုံးသပ်ရန် လိုပါကြောင်း၊ Process သည် မိမိတို့ဝန်ကြီးဌာနနှင့် မဆိုင်ပါကြောင်း၊ ဆက်လက်ပြီး အခြားဝန်ကြီးဌာနဖြစ်သည့် စီမံကိန်းနှင့်ဖွဲ့စည်းပုံတွင် ၎င်းဌာနများနှင့် မည်သို့သော Flow Diagram များနှင့်လုပ်ပြီး မြန်အောင်လုပ်မည်ဆိုလျှင် လွှတ်တော်ကိုယ်စားလှယ်ကြီးများ၏ တောင်းဆိုမှုများ မြန်မြန်ဆန်ဆန် ရမည်ဖြစ်ပါကြောင်း၊ ယခုဤကိစ္စကို ကြည့်မည်ဆိုလျှင်လည်း အလွန်ကြာသွားပါကြောင်း၊ မိမိဖြေသည့်အချိန်နှင့် အစည်းအဝေးလုပ်သည့် အချိန်က အလွန်ကြာ သွားပါကြောင်း၊ ထို့ကြောင့် မိမိတို့ လွှတ်တော်ကိုယ်စားလှယ်ကြီးများမှတစ်ဆင့် အားလုံးဝိုင်းဝန်း စဉ်းစားပြီး မည်သို့လုပ်မည် ဆိုသည်ကို စဉ်းစားလျှင် မိမိတို့၏ Efficiency နှင့် မိမိတို့ဝန်ကြီးဌာန၊ အခြားဝန်ကြီးဌာနများ၏ Efficiency လည်း အားလုံးတိုးတက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။