(င)-လေရှီးမြို့နယ်ရှိ ဟိန်ကွတ်၊ ပိန္ဒဲကုန်း၊ ကော်လ်ကန်၊ ရန်နွေး၊ အောင်ဇေယျ၊ ထိန်းဖာရံနှင့် ကျဲကော့ ကျေးရွာများ၏ ကျေးလက်ကျန်းမာရေးဌာနခွဲများအား စံကိုက်အဆောက်အဦဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့ (၁.၃.၂၀၁၉)

 

မေးခွန်းတွင်ဖော်ပြထားသည့် ကျန်းမာ‌ရေးဌာနခွဲများသည် ယခင်က န.တ.လ အစီအစဉ်ဖြင့် ဆောက်လုပ်ခဲ့သော အဆောက်အဦများလည်း ရှိပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနကနေပြီး ဆောက်လုပ်ပေးခဲ့သည့် အဆောက်အဦများလည်း ရှိသကဲ့သို့ အချို့ကျေးရွာက ကိုယ်ထူကိုယ်ထ ထရံကာ၊ ကတ်ကာလေးဖြင့် ဆောက်လုပ်ခဲ့သည့် ဆေးခန်းများလည်း ရှိပါကြောင်း၊ ယခုကဲ့သို့ ဒေသထွက် သစ်၊ ဝါးများဖြင့် ဆောက်လုပ်သည့်အခါ ယခုဆိုလျှင် ပျက်စီးနေပြီဖြစ်သည့်အပြင် ဝန်ထမ်းများနေရန်လည်း မလုံလောက်ပါကြောင်း၊ သန့်ရှင်း၊ လုံခြုံမှုလည်းမရှိ ဖြစ်နေပါကြောင်း၊ ထို့ကြောင့် ကျန်းမာရေးဌာန ဆရာ/မများနှင့် ဆေးခန်းအတွက် ဒေသရာသီဥတုနှင့် ကိုက်ညီသော လုံခြုံသည့် အဆောက်အဦကို လိုအပ်နေပြီဖြစ်ပါကြောင်း၊ မိမိတင်ပြထားသည့် ကျေးရွာများသည် ကားလမ်းပေါက်ထားသည့် လမ်းကြောင်းပေါ်တွင်ရှိနေပြီး ဆောက်လုပ်ရေးပစ္စည်း သယ်ယူရန် အတွက်လည်း အဆင်ပြေနိုင်သည့်အတွက်ကြောင့် ဝန်ထမ်များလုံခြုံမှုရှိရေးနှင့် ဆေးခန်းများ သန့်ရှင်း လုံခြုံရေးတို့အတွက် အစောဆုံးဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုသည့်အတွက် အထက်ပါမေးခွန်းကို မေးမြန်းရခြင်း ဖြစ်ပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မိမိမှ အဆိုပါကိစ္စကို ပြန်လည်သုံးသပ်သည့်အခါ ဆောက်မည်ဆိုလျှင် မြေပိုင်ရှိရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် မြေအမည်ပေါက်ပုံစံ (၁၀၅) (၁၀၆) လျှောက်ထား ဆောင်ရွက်လျက် ရှိပါကြောင်း၊ ၎င်းကိုဆောင်ရွက်သည့်ကိစ္စတွင် လွှတ်တော်ကိုယ်စားလှယ်ကြီးအနေဖြင့် နယ်မြေ ဒေသမှပံ့ပိုးမည်ဆိုလျှင် မြန်မြန်တည်ဆောက် နိုင်မည်ဖြစ်ပါကြောင်း၊ ၎င်းကိစ္စနှင့်ပတ်သက်ပြီး မြို့နယ်ကျန်းမာရေး ဦးစီးဌာနတွင်လည်း ၂၆ ရက် ဖေဖော်ဝါရီလတွင် ရက်စွဲပါစာအမှတ်-၀၅၂/အစရ (၅)/၄(၂) ဖြင့် တင်ပြလာအပေါ်မှာလည်း စစ်ကိုင်းတိုင်း‌ဒေသကြီး ပြည်သူ့ကျန်းမာ‌ရေး ဦးစီးဌာနလည်း ထောက်ခံထားပါကြောင်း၊ အမြန်ဆုံး ပုံစံ (၁၀၅) (၁၀၆) မြေပိုင်ဆိုင်ရမည်ဆိုလျှင် မိမိတို့အနေဖြင့် အနီးဆုံးဘဏ္ဍာရေးနှစ်တွင် တင်တောင်းမည် ဖြစ်ပါကြောင်း၊ အကယ်၍ မြေပိုင်ဆိုင်မှုသာ နောက်နှစ် ၂၀၁၉-၂၀ ဘတ်ဂျက်မတိုင်ခင် ရမည်ဆိုပါက ၂၀၁၉-၂၀ ဘတ်ဂျက်ထဲတွင် ထည့်ပေးမည် ဖြစ်ပါကြောင်း၊ ထို့အပြင် မိမိတို့အနေဖြင့် လွှတ်တော်ကိုယ်စား လှယ်ကြီး ပြောသည့်အတိုင်း ဝန်ထမ်းအိမ်လည်း မရှိသည့်အတွက် ဝန်ထမ်းအိမ်ပါ ရမည်ဆိုလျှင် Sub-Center တစ်ခုကို ၁၂၆ သန်းကျပါကြောင်း၊ ၁၂၆ သန်း ပေးမည်ဆိုလျှင် တစ်ထပ် Sub-Center ရသည့်အပြင် ၎င်းမှာ သားဖွားဆရာမနှင့် ပြည်သူ့ကျန်းမာရေး ကြီးကြပ် (၂) ရှိပါကြောင်း၊ ၎င်းတို့အတွက်လည်း နှစ်ခန်းတွဲတစ်ထပ်အိမ် တစ်လုံးလည်း ဆောက်မည် ဖြစ်ပါကြောင်း၊ မိမိတို့ကအမြန်ဆုံး ဆောက်ချင်ပါကြောင်း၊ ခက်ခဲသည့် ဒေသတွင်နေရခြင်း ဖြစ်သည့်အခါ အိမ်မရှိလျှင် ဒုက္ခရောက်သည့်အတွက် လွှတ်တော်ကိုယ်စားလှယ်ကြီး အနေဖြင့် ပုံစံ (၁၀၅) (၁၀၆) ကို အမြန်ဆုံး ရရှိအောင် ဆောင်ရွက်ပေးပါရန် လေးစားစွာဖြင့် ရှင်းလင်းဖြေကြားပါသည်။