သူနာပြုများသည် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် အရေးကြီးသည့်အခန်းကဏ္ဍတွင် ပါဝင်နေပါကြောင်း၊ မိမိတို့ငယ်စဉ်က ဆေးထိုး၊ ဆေးသောက်ရမည်ကို ကြောက်သော်လည်း သူနာပြုဆရာမ လေးများ၏အပြုံးကို မြင်ရပါက ကြောက်စိတ်တစ်ဝက်သက်သာပြီး ရောဂါလည်း တစ်ဝက်ပျောက်ကင်း သွားပါကြောင်း၊ ထို့ကြောင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနရှိ ဆေးရုံဆေးခန်းများတွင် သူနာပြုဆရာမလေးများ လိုအပ်လျက်ရှိပါကြောင်း၊ လိုအပ်သည့် နေရာများကို အားဖြည့်ကူညီ ပေးရသည့်အတွက် သူနာပြုဆရာမလေးများ အလုပ်များပြား သည့်အတွက် ရုန်းအားများ လျော့ကျနေကြပါကြောင်း၊ ၂၀၀၇ ခုနှစ် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း ဆိုင်ရာဥပဒေအရ ပုဂ္ဂလိကဆေးရုံဆေးခန်းများ ပေါ်ထွက်လာရာတွင်လည်း သူနာပြုအင်အားများ လိုအပ်နေပါကြောင်း၊ သူနာပြုတစ်ဦးဖြစ်ရန် အချိန်နှစ်နှစ်ခွဲ၊ သုံးနှစ်၊ ဘွဲ့ရသူနာပြုများသည် လေးနှစ်စသည်ဖြင့် ကြာမြင့်ပါကြောင်း၊ သူနာပြုများတွင် အရန်သားဖွား (Auxiliary Midwife-AMW)၊ သားဖွား (MW-Midwife) နှင့် သူနာပြု (Nurse) ဟူ၍ အဆင့်ဆင့်ရှိသော်လည်း ပြည်သူလူထုကြားတွင် သူနာပြု (Nurse) ဟုသာ အားလုံးခေါ်ဝေါ်ကြပါကြောင်း၊ သူနာပြုများ မလုံလောက်၍ ပြင်ပသူနာပြုအကူ သင်တန်းများဖွင့်လှစ် လာကြပါကြောင်း၊ အချို့က အလွန်အားနည်းပါကြောင်း၊ ပြင်ပအကူသင်တန်းက သူနာပြုများသည် လူနာများ၊ သက်ကြီး ရွယ်အိုများနှင့် ကလေးများကိုစောင့်ရှောက်ရာတွင် စနစ်ကျမှုများ အားနည်းပါကြောင်း၊ ကလေးများကို စောင့်ရှောက်ရာတွင် လက်သည်းအရှည်များထားခြင်း၊ လက်သည်းဆိုးဆေး ဆိုးခြင်းများ ပြုလုပ်ပါကြောင်း၊ ကလေးများကို ထိမိခိုက်မိသည့်အတွက် အလွန်အဆင်မပြေ ဖြစ်ပါကြောင်း၊ အချို့က အလွန်တော်ပါကြောင်း၊ ၎င်းတို့၏ ပညာအရည်အချင်း၊ လုပ်သက်၊ လုပ်ကိုင်နိုင်မှု စွမ်းရည်များအပေါ် မူတည်ပြီး သူနာပြုအကူများကို စနစ်တကျစစ်ဆေးပြီး ခွင့်ပြုပေးနိုင်မည်၊ ခွင့်ပြုလက်မှတ် ထုတ်ပေးနိုင်မည်ဆိုပါက ၎င်းတို့အတွက် အခွင့်အလမ်းများလည်း ပိုမိုကောင်းမွန်လာမည် ဖြစ်ပါကြောင်း၊ နိုင်ငံရပ်ခြားတွင် Aged care kalbar ဟုခေါ်သော သက်ကြီးရွယ်အို စောင့်ရှောက်မှုလုပ်ငန်းများက အလွန်လိုအပ် လာပါကြောင်း၊ အထူးသဖြင့် ဂျပန်ကဲ့သို့ နိုင်ငံမျိုးတွင် အပြင်ထွက်ပြီးအလုပ်လုပ် ကြပါကြောင်း၊ သက်ကြီးရွယ်အိုများကို အိမ်တွင်ထားခဲ့ကြပါကြောင်း၊ ၎င်းတို့ကိုစောင့်ရှောက်မှုအတွက် သူနာပြု အကူလုပ်ငန်းများကို များစွာလိုအပ်လာသည့်အတွက် လစာလည်းကောင်းကောင်းရ၊ အဆင့်အတန်းရှိရှိ လေးလည်းလုပ်နိုင်သော သူနာပြုအကူသင်တန်းများကိုသာ ဝန်ကြီးဌာန အနေဖြင့် စနစ်တကျ စောင့်ကြပ်ကြည့်ရှုပြီး လက်မှတ်များထုတ်ပေးနိုင်မည် ဆိုပါက လူငယ်များ အတွက် အခွင့်အလမ်းများစွာ ဖြစ်နိုင်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လူငယ်များအတွက် သူနာပြုအကူ Vocational Training Certificate ရရှိစေသောသင်တန်းမျိုးများ လုပ်ပေးနိုင်ပါက လူငယ်များအတွက် အခွင့်အလမ်းကောင်း တစ်ရပ်အနေဖြင့် ပိုမိုရရှိလာမည်ဖြစ်သည့်အတွက် ပြင်ပသူနာပြု အကူသင်တန်းများကို တရားဝင်ဖွင့်လှစ်ခွင့် ပြုထားခြင်းရှိ/မရှိနှင့် ပြင်ပသူနာပြု သင်တန်းများ၏ အရည်အချင်းများကို မည်သည့်ဌာနက မည်ကဲ့သို့ စနစ်တကျကြီးကြပ် ဆောင်ရွက်နေသည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။
ပထမဆုံးမေးခွန်းဖြစ်သော ပြင်ပအကူသူနာပြုများကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ တရားဝင်ဖွင့်လှစ် ခွင့်ပြုထားခြင်းရှိ/မရှိနှင့် ပတ်သက်ပြီး မိမိတို့ကခွင့်ပြုထားခြင်း လုံးဝမရှိပါကြောင်း၊ သို့သော် ၎င်းကိစ္စက အလွန်အရေးကြီးသည့် ကိစ္စဖြစ်သည့်အတွက် နှစ်ပတ်အတွင်း Workshop, Seminar နှစ်ရက်ပြုလုပ်မည် ဖြစ်ပါကြောင်း၊ အကူသူနာပြုသည် အလုပ်သမား ဝန်ကြီးဌာနနှင့်ပိုမို သက်ဆိုင်ပါကြောင်း၊ သို့သော် ၎င်းတို့၏အရည်အသွေး၊ အရည်အချင်း စစ်ဆေးခြင်းများ မိမိတို့က လုပ်ဆောင်ပေးရသည့်အတွက် ပုဂ္ဂလိကဆေးရုံများ အသင်း၊ ပုဂ္ဂလိကကျန်းမာရေး ကြီးကြပ်မှုဗဟို ကော်မတီဥက္ကဋ္ဌဖြစ်သော မိမိ၊ မြန်မာနိုင်ငံ သားဖွားနှင့်သူနာပြုကောင်စီ၊ သားဖွားနှင့်သူနာပြုအသင်း၊ အလုပ်သမားဝန်ကြီးဌာန Represent၊ လတ်တလောဖွင့်လှစ်နေသောကျောင်းက သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်၊ သူနာပြုတက္ကသိုလ် များ၏ ပါမောက္ခချုပ်များနှင့် သူနာပြုသားဖွားကျောင်း ၅၀ က အချို့သော ကျောင်းအုပ်များကိုပါ ခေါ်ယူပြီးဆွေးနွေးမည် ဖြစ်ပါကြောင်း၊ အရည်အသွေးပြည့်ဝစေရန် မည်သို့လုပ်ဆောင်မည်နည်း၊ တာဝန်ခံမှု၊ တာဝန်ယူမှု၊ ကျင့်ဝတ်နှင့်ပြည့်ဝသော အကူသူနာပြုများကို ဆက်လက်ပြီး မည်သို့မွေးထုတ် မည်နည်းတို့ကို အမြန်ဆုံးလုပ်ဆောင်မည် ဖြစ်ပါကြောင်း၊ နှစ်ပတ် အတွင်း လုပ်ဆောင်ရန်ပြောထားပြီး ဖြစ်ပါကြောင်း၊ လုပ်ငန်းလိုအပ်ချက်အရ နှစ်ကြိမ်ခေါ်ယူသည့်အခါ လုပ်ငန်းလည်းရမည်၊ သင်တန်းပေးခြင်းအားဖြင့် အလုပ်မဝင်သော်လည်း ၎င်းတို့သည် အပြင်ဆေးရုံ ပုဂ္ဂလိကတွင် လုပ်ကိုင်နိုင်သည့်အတွက် အလွန်အကျိုးရှိသည့်ကိစ္စ ဖြစ်သည့်အပြင် ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူများကို ကိုးလသင်တန်းခေါ်ယူ သင်တန်းပေးပါကြောင်း၊ အမှန်တကယ် အဆင့်မြင့်သည့်သင်တန်း ဖြစ်ပါကြောင်း၊ ၂၀၁၄ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၅ ခုနှစ်တွင်တစ်ကြိမ် စုစုပေါင်း ၃၀၅၀ သင်တန်းပေးခဲ့ပါကြောင်း၊ နောက်ပိုင်းတွင် ရပ်နား သွားပါကြောင်း၊ သင်တန်းကို ခုတင် ၂၀၀ နှင့် အထက် ဆေးရုံများတွင် ခေါ်ယူပြီး ပေးပါကြောင်း၊ အလွန်အဆင့်အတန်းမြင့်ပြီး သင်ရိုးညွှန်းတမ်းဖြင့် သေသေချာချာလုပ်ပါကြောင်း၊ စုစုပေါင်း ၁၆ ဘာသာသင်ကြားပါကြောင်း၊ စာတွေ့ ၄၂၆ နာရီ၊ လက်တွေ့ ၈၃၆ နာရီ သင်ကြားပါကြောင်း၊ အဆိုပါသင်တန်းကို ပြန်လည်ဖွင့်လှစ် ပေးနိုင်မည်ဆိုပါက နိုင်ငံအတွက်များစွာ အကျိုးရှိမည် ဖြစ်ပါကြောင်း၊ အဘယ့်ကြောင့်ဆိုသော် သူနာပြုများအလွန် လိုအပ်နေပါကြောင်း၊ မိမိတို့ စဉ်းစားပေးမည် ဖြစ်ပါကြောင်း၊ ထို့အပြင် ပြင်ပတွင်ဖွင့်လှစ်နေသော ကျောင်းများက မိမိတို့ကဲ့သို့ အဆင့်မြင့်ပေးနိုင်သလား၊ မပေးနိုင်ပါက မိမိတို့ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက မည်သည်ကို ပံ့ပိုးမည်နည်းကို နှစ်ရက်ပြုလုပ်သော Workshop တွင် အားလုံး ၁၆ ချက် ပါရှိပါကြောင်း၊ စိတ်ကျန်းမာရေး၊ ပြည်သူ့ကျန်းမာရေး၊ သက်ကြီးရွယ်အို၊ အာဟာရ၊ ရောဂါ ကာကွယ်ရေး၊ အခြေခံသူနာပြု၊ ရှေးဦးသူနာပြု၊ ပိုးမွှားဗေဒ၊ ခန္ဓာဗေဒ၊ ဇီဝ၊ ဆေးဝါး အားလုံးကို သေချာစွာ စနစ်တကျ လုပ်ဆောင်ထားပါကြောင်း၊ Curriculum လည်း ရှိပါကြောင်း၊ ထို့ကြောင့် ဆက်လက်ဖွင့်လှစ်ရန် စဉ်းစားမည်ဖြစ်ပါကြောင်း၊ ထွက်ပေါ်လာသည့် အထဲကလည်း ခန့်ထားပါကြောင်း၊ အကူသူနာပြုကို ဖွဲ့စည်းပုံအရ ၁၄၀၀ ကို ခန့်ထားပါကြောင်း၊ ကျန်သည့် ၁၆၂၀ ကလည်း ပြင်ပဆေးရုံ၊ ဆေးခန်းများတွင် လုပ်ကိုင်နေသည့်အတွက် နိုင်ငံကအလွန်အကျိုးရှိသည့် အလုပ်ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီး သိလိုသော လိုအပ်ချက်များကို ဝန်ကြီးဌာနက စီမံထားသည်မှာ ယခုအချိန်အထိ သူနာပြုသားဖွား သုံးနှစ်ဒီပလိုမာ စုစုပေါင်း ၃၅၁၇၄ ယောက်၊ သူနာပြုသိပ္ပံ (BNSC) Nurse က ၄၅၂၅ ဦး နှင့် ဘက်စုံသားဖွားဆရာမ နှစ်နှစ်သင်တန်း ၃၉၉၂၈ ဦး မွေးထုတ်ထားသော်လည်း မလောက်သည့်အတွက် သူနာပြုများကို ၁၈၀၀ နှစ်စဉ် ခေါ်ယူနေသည်ကို ယခုနှစ်ကစပြီး ၃၆၉၀ ဦး ဆက်လက်ခေါ်ယူမည် ဖြစ်ပါကြောင်း၊ လက်ရှိသူနာပြု တက္ကသိုလ်တွင် တက်ရောက်နေသော BNSC ရရှိမည့်သင်တန်းသား ၁၃၂၀ ရှိပါကြောင်း၊ သုံးနှစ်သူနာပြုသင်တန်းကျောင်းတွင် အစိုးရထောက်ပံ့ငွေပေးပြီး တက်ရောက် နေသော သင်တန်းသား/သူ စုစုပေါင်း ၉၁၃၄ ဦး ရှိပါကြောင်း၊ လတ်တလောတွင် သားဖွားနှစ်နှစ် သင်တန်းတက်ရောက်နေသော သားဖွားသင်တန်းသူ ၁၆၈၈ ရှိသည့်အတွက် မကြာမီ အချိန်အတွင်း သူနာပြုသားဖွားအရေအတွက်က တဖြည်းဖြည်း ပြန်လည်ပြည့်မီရန် ရှိပါကြောင်း၊ ထို့အပြင် ဆရာဝန်သူနာပြုအချိုးက ပြောင်းပြန်နီးပါး ဖြစ်နေပါကြောင်း၊ သူနာပြုပိုမိုခန့်အပ်မည် ဆိုပါက ကျောင်းများထပ်မံလိုအပ်မည် ဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ရွှေဘိုတွင် သူနာပြုသင်တန်းကျောင်း တစ်ကျောင်း ကျပ်ပေါင်း သန်း ၃၄၀၀.၅၇ ချထားပြီး ဘဏ္ဍာငွေလည်း ရရှိပြီးဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင်လည်း သူနာပြုသင်တန်းကျောင်း တစ်ကျောင်း ကျပ်သန်း ၃၄၀၀ ရရှိထားပါကြောင်း၊ ယခုစတင်လုပ်ဆောင် နေပါကြောင်း၊ ချင်းပြည်နယ်၊ ဟားခါးမြို့တွင်လည်း သားဖွားသင်တန်းကျောင်း တစ်ကျောင်းကို ကျပ်သန်း ၉၇၃ ဖြင့် ဘဏ္ဍာငွေရရှိပြီ ဖြစ်ပါကြောင်း၊ ၎င်းတို့ကို ဆက်လက်၍ အမြန်ဆုံးဆောက်လုပ် ပြီးပါက သင်တန်းများထပ်မံပေးပါက များစွာရရှိမည် ဖြစ်ပါကြောင်း၊ ယခုထွက်ပေါ်လာသော အကူ သူနာပြုများက ကိုးလသင်တန်းပေးလိုက်ခြင်းအားဖြင့် လတ်တလောလုပ်ကိုင်နေသော သူနာပြုများအတွက် များစွာအထောက်အကူ ရရှိပါကြောင်း၊ ဆိုလိုသည်မှာ သူနာပြုများ လုပ်ဆောင်နေသော အချို့အလုပ်များကို အကူသူနာပြုက လုပ်ဆောင်ပါက သူနာပြုများ၏ အလုပ် နည်းပါးသွားမည် ဖြစ်ပါကြောင်း၊ အရည်အသွေးပြည့်ဝသော ဝန်ဆောင်မှုကို လူနာများကို ပေးနိုင်သည့်အတွက် သူနာပြုလောကကိုလည်း အလွန်အထောက်အကူပြုမည့်ကိစ္စ ဖြစ်ပါကြောင်း၊ ထို့နောက် မလုံလောက်သည့် သူနာပြုအတွက် ယခု အစိုးရလက်ထက်တွင် ၅၇၆၃ ဦး၊ သားဖွား သုံးထောင်ကျော်နှင့် အကူသူနာပြု ၁၀၈၄ ဦး ခန့်အပ်ပါကြောင်း၊ များစွာခန့်အပ်နေ ပါကြောင်း၊ ယခုမကြာမီ်ကာလ ရက်ပိုင်းအတွင်းတွင်လည်း သားဖွားဆရာမ ၉၃၉ ဦးခန့်အပ်ရန် ခွင့်ပြုချက်ရရှိထားပြီ ဖြစ်ပါကြောင်း၊ အမြန်ဆုံးခန့်အပ်ပြီး Sub Centre ၊ Rural Health Centre များတွင် သားဖွားဆရာမများ ပြည့်လာမည် ဖြစ်ပါကြောင်း၊ အကူသူနာပြုကိစ္စက ၎င်းတို့ကျောင်း ဖွင့်လှစ်လိုပါက မိမိတို့တွင်ကျန်းမာရေး လုပ်ငန်းဆိုင်ရာ အလုပ် အကိုင်ကျွမ်းကျင်မှုစံ သတ်မှတ်ရေး ကော်မတီရှိပါကြောင်း၊ ညွှန်ကြားရေးမှူးတစ်ဦးက ဥက္ကဋ္ဌလုပ်ပါကြောင်း၊ စိစစ်ပြီး မိမိတို့ဝန်ကြီးဌာနက သဘောတူမည်ဆိုပါက National Skill and Standard Authority ကို တင်ပြရပါကြောင်း၊ National Skill and Standard Authority က အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဘက်က လုပ်ဆောင်ပြီး ၎င်းတို့က Approved လုပ်ပါက အကူသူနာပြုပုဂ္ဂလိက ကျောင်းများကို ဖွင့်လှစ်ခွင့်ပေးပါကြောင်း၊ Elderly Care က အရေးကြီးကြောင်း သိသည့်အတွက် Elderly Care Assistant ခြောက်လသင်တန်းကို Poster Guigo Service ကုမ္ပဏီနှင့် ဂျပန်နိုင်ငံရှိ သက်ကြီးရွယ်အို ကျန်းမာရေးစောင့်ရှောက်မှု သင်တန်းကျောင်း၏ အကူအညီဖြင့် မတ်လ ၇ ရက်နေ့တွင် စတင်ဖွင့်လှစ်မည် ဖြစ်ပါကြောင်း၊ သင်တန်းတက်မည့်သူ စုစုပေါင်း ၉၇ ဦးရွေးချယ်ပြီးဖြစ်ပါကြောင်း၊ သန်းခေါင်းစာရင်းအရ ၁၉၇၃ ခုနှစ်တွင် အသက်၆၀ အထက် သက်ကြီးရွယ်အို ၁.၇ သန်းသာရှိပြီး ၂၀၁၄ ခုနှစ်တွင် ၄.၅ သန်း တက်လာသည့်အတွက် တစ်နှစ်လျှင် အသက် ၆၀ ကျော် ၂.၄ ရာခိုင်နှုန်းခန့် တက်နေသည့် အတွက် သက်ကြီးရွယ်အို ကိစ္စကလည်း အလွန်အရေးကြီးပါကြောင်း၊ ပြင်ပကလာပြီးဖွင့်လှစ်လိုသူများစွာ ရှိပါကြောင်း၊ ၎င်းတို့ကို ဆက်လက်လုပ်ဆောင်ပြီး အောင်မြင်လာသူများကို လက်မှတ်ပေးအပ် ပါကြောင်း၊ သို့သော် ပိုအရေးကြီးသည်မှာ National Skill Standard Authority (NSSA) က လက်မှတ်ပေးအပ်ပါက နိုင်ငံခြားတွင်လည်း သွားရောက်လုပ်ကိုင်၍ ရပါကြောင်း၊ ယခုထက်ပိုမို၍ ဆက်လက်ဆောင်ရွက်မည်ဟု ရှင်းလင်းဖြေကြားပါသည်။
