(ဆ)-ဗန်းမောက်မြို့နယ်အတွင်း နယ်စပ်ရေးရာဝန်ကြီးဌာနမှ စီမံဆောင်ရွက်နေသော စာခမ်း-ဟော်ယောလမ်း ကျောက်ချောလမ်းခင်းခြင်း ငါးမိုင်အားပြီးစီးအောင် ဆောင်ရွက်ခြင်း မရှိသည့်အတွက် အရေးယူဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည်‌့မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့ (၂၇.၂.၂၀၁၉)

    

ဗန်းမောက်မြို့နယ်အတွင်း စာခမ်း-ဟော်ယောလမ်း ၁၅ မိုင်အနက် ငါးမိုင်ကျောက်ခင်းလမ်းကို ၂၀၁၈ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီးဘတ်ဂျက် ၃၄၅.၃၅ သန်းဖြင့် ခွင့်ပြုခဲ့ပါကြောင်း၊ မိုးဇမ္ဗူအောင်ကုမ္ပဏီက လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်သည်ကို တွေ့ရှိရပါကြောင်း၊  ၂၀၁၈ ခုနှစ် မတ်လတွင် ၂၃ ရာခိုင်နှုန်းခန့် ပြီးစီးအောင် ဆောင်ရွက်ခဲ့ပါကြောင်း၊ ၉-၅-၂၀၁၈ ရက်နေ့တွင် ဗန်းမောက်မြို့နယ်အတွင်း စီမံကိန်းများ ပြီးစီးအောင်ဆောင်ရွက် မပေးနိုင်ခြင်းကိစ္စအား စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ စာရေးသားတင်ပြခဲ့ပါကြောင်း၊ ၂၀၁၈-၁၉ ခုနှစ် ခြောက်လဘတ်ဂျက် ပြီးဆုံးသည့်အချိန်တွင် မေးခွန်းမေးမြန်းချိန်ထိ လမ်းပိုင်း၏ ၄၅ ရာခိုင်နှုန်းခန့်သာ ပြီးစီးခဲ့ပါကြောင်း၊ ထို့နောက် လာရောက်ဆောင်ရွက်ခြင်းမျိုးလည်း မရှိသည်ကို တွေ့ရှိရပါကြောင်း၊

ပြည်သူ့လွှတ်တော်ရုံးသို့ မေးခွန်းမေးမြန်းပြီး မဲဆန္ဒနယ်သို့ အပြန်မှသာ အပြေးအလွှား လာရောက်ပြီး ဆောင်ရွက်ပါကြောင်း၊ ၂၅-၂-၂၀၁၉ ရက်နေ့ထိ ပြီးစီးအောင် ဆောင်ရွက်ခြင်း မရှိသေးပါကြောင်း၊ ငါးမိုင်အနက် (ဝ/၀) မိုင်မှ (၃/ဝ) မိုင်အထိ နှစ်လက်မ၊ လေးလက်မ ကျောက်ဖြင့်ခင်းပြီး ကျန်အပိုင်းများကို မြေသားဖြင်‌့ ယခုအချိန်ထိ ရှိနေဆဲဖြစ်ပါကြောင်း၊ ၁၇-၃-၂၀၁၈ ရက်နေ့တွင် အရည်အသွေးစစ်အဖွဲ့က သွားရောက်စစ်ဆေးပါကြောင်း၊ တင်ဒါ စည်းကမ်းများ၊ ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများကို ချိုးဖောက်နေသဖြင့် ပြင်းထန်စွာ အရေးယူ သင့်ပါကြောင်း၊ ယခုကဲ့သို့သောကုမ္ပဏီများကို နယ်စပ်ရေးရာဝန်ကြီးဌာန၏တင်ဒါလုပ်ငန်းများတွင် ဆောင်ရွက်စေခြင်းအားဖြင့် ဌာန၏ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သောကြောင့် မည်ကဲ့သို့အရေးယူ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်အတွင်း စာခမ်း-ဟော်ယောလမ်း ငါးမိုင် ကျောက်ခင်းခြင်းလုပ်ငန်းသည် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး၏ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းဖြစ်ပါကြောင်း၊ ငွေကျပ် ၃၂၆.၃ သန်းဖြင့် ဆောင်ရွက်ပြီး  မိုးဇမ္ဗူအောင်ကုမ္ပဏီက တင်ဒါအောင်မြင် ဆောင်ရွက်ခဲ့ပါကြောင်း၊ ကျောက်ခင်းခြင်း ငါးမိုင်နှင့်စပ်လျဉ်းပြီး ကုမ္ပဏီအနေဖြင့် ၂၀-၁-၂၀၁၈ မှ  ၂၅-၆-၂၀၁၈  ရက်နေ့အထိ အောက်ခံမြေသားလမ်း ပြုပြင်ခြင်း၊ အချောသပ်ကျောက်ခင်းခြင်း  ၂ မိုင် ၂ ဖာလုံ ၂ လက်မ  ၄ လက်မ ၊ ကျောက်ခင်းခြင်း၂ ဖာလုံတို့ကို ဆောင်ရွက်ခဲ့ပြီးဖြစ်ရာ ကျောက်ခင်းရန်  ၂ မိုင် ၄ ဖာလုံ ကျန်ရှိပါကြောင်း၊  ကျောက်ကွင်းတွင် ကျောက်ကျင်း ၇၀ ခန့် စုပုံထားရှိပြီး လုပ်ငန်းတစ်ခုလုံး၏ ၆၅ ရာခိုင်နှုန်းဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လုပ်ငန်းနေရာအနီးရှိ ကျောက်များသည် သက်တမ်းနုသည့်အတွက် ပိုမိုကောင်းမွန်သော ကျောက်များရရှိနိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်ရမည့် နေရာနှင့် ၁၅ မိုင် ခန့် ကွာဝေးသည့်နေရာမှ သယ်ယူပို့ဆောင်ရာတွင် မိုးတွင်းကာလ၌ လမ်းပျက်စီးမှုများ ဖြစ်ပေါ်ခြင်းတို့ကြောင့် လုပ်ငန်းဆောင်ရွက်ခြင်းများ ရပ်ဆိုင်းထားရခြင်း ဖြစ်ပါကြောင်း၊ မိုးဇမ္ဗူအောင်ကုမ္ပဏီက ပွင့်လင်းရာသီချိန်ရောက်ရှိချိန်မှ ကျောက်စုပုံခြင်း၊ အောက်ခံမြေသားလမ်း ပြုပြင်ခြင်းနှင့်ရေမြောင်း တူးဖော်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက် လျက်ရှိပါကြောင်း၊ စာခမ်း-ဟော်ယောလမ်း ငါးမိုင်ကျောက်ခင်းခြင်း လုပ်ငန်းကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ကုမ္ပဏီဒါရိုက်တာ ဦးမိုးဇက်တိုက်အောင်မှ ကတိဝန်ခံချက်ပြုပြီး တိုင်း/ခရိုင်/မြို့နယ်အဆင့်   ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးတို့၏ အနီးကပ်ကြီးကြပ် မှုဖြင့် လုပ်ငန်းပြီးပြတ်အောင် မျက်‌ခြည်မပြတ် တွန်းအားပေးဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊

လုပ်ငန်းများ မပြီးစီးသေးသည့် ကိစ္စနှင့်ပက်သတ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် သက်မှတ်ကာလအတွင်း ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခြင်းမရှိသည့် မိုးဇမ္ဗူအောင်ကုမ္ပဏီအား စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း နောင်ပြုလုပ်မည့်တင်ဒါလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခွင့်ကို ပိတ်ပင်သွားမည် ဖြစ်ပါကြောင်း၊ ကတိဝန်ခံချက်အတိုင်း ၂၀၁၉ ဖေဖော်ဝါရီလအတွင်း ပြီးစီးမှုမရှိပါက ကုမ္ပဏီနှင့်ဒါရိုက်တာ အဖွဲ့ဝင်အားလုံးကို black List ကြေညာ၍ စာချုပ်ပါ စည်းမျဉ်းစည်းကမ်းအတိုင်း ဆက်လက်အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကိုယ်စားရှင်းလင်းဖြေကြားပါသည်။

 

ဦးကျော်စိုး (ဗန်းမောက်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

စီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် သက်ဆိုင်ရာဘဏ္ဍာရေး နှစ်အတွင်းပြီးစီးအောင် ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ သတ်မှတ်ရက်အတွင်း မပြီးစီးပါက မူလသတ်မှတ်ရက်မှ ရက်ပေါင်း ၃၀ ကို နောက်ကျရက်အဖြစ် သတ်မှတ်ပြီး တစ်ရက်အတွက် ရက်လွန်ကြေး၊ ဒဏ်ကြေးအဖြစ် ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းတန်ဖိုး၏ ဝ.၀၁ ရာခိုင်နှုန်းကို ပေးဆောင် ရပါကြောင်း၊ နောက်ကျ ရက် ၃၀ ရက်ထက်ကျော်လွန်ပါက ကုမ္ပဏီအမည်ပျက် စာရင်းသွင်းရန်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနသို့ အကြောင်းကြားရမည်ကို သဘောတူပါကြောင်း၊ နောက်ကျကြေး၊ ဒဏ်ကြေးများကိုလည်း Performance Guarantee မှ ဖြတ်တောက်ရမည်ဟု လုပ်ငန်းဆောင်ရွက်သူများနှင့် စာချုပ်ချုပ်သည့်အခါ ချုပ်ဆိုလေ့ ရှိကြပါကြောင်း၊ နောက်မကျစေရန်အတွက် ဆောင်ရွက်လျက် ရှိကြပါကြောင်း၊ ထို့ကြောင့် ၎င်းဘဏ္ဍာငွေကို တစ်နှစ်မှနောက်တစ်နှစ် ပြောင်းပြီး ဆောင်ရွက်ခြင်းသည် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနှင့် ညီညွတ်ပါသလား၊ ကုမ္ပဏီအားအမည်ပျက် စာရင်းသွင်းရန် အစီအစဉ် ရှိပါသလား၊ ယခုဖြစ်စဉ်တွင် ကြီးကြပ်မှု၊ စစ်ဆေးမှုအားနည်းရသည့်အတွက် မြို့နယ်၊ ခရိုင်၊ တိုင်း တာဝန်ရှိသူများကို မည်သို့ကြပ်မတ် အရေးယူသွားမည်ကို သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်

မိမိတို့တွင် ဘတ်ဂျက်နှစ်ခု ရှိပါကြောင်း၊ ပြည်ထောင်စုဘတ်ဂျက်နှင့် တိုင်းဒေသကြီး/ပြည်နယ် ဘတ်ဂျက်တို့ ဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်းသည်လည်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဘတ်ဂျက်မှ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနနှင့် ဆောင်ရွက်သည့် လုပ်ငန်းမဟုတ်ပါကြောင်း၊ ကုမ္ပဏီကသတ်မှတ်ရက်အတွင်း မပြီးစီးပါက တိုင်းဒေသကြီး အစိုးရကသာ အရေးယူဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊

နိုင်ငံတော်က ပြဋ္ဌာန်းထားသည့်စာချုပ်တွင် သတ်မှတ်ရက်ထက် တစ်ရက်ကျော်သွားပါက မည်မျှ အရေးယူရမည်မှာ ရှိပြီးသားဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း ကုမ္ပဏီကို Black List သွင်းပြီးပါက စည်းမျဉ်းစည်းကမ်းအတိုင်း ဆက်လက်အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားခဲ့ပြီးဖြစ်သည့်အတွက် မိမိအနေဖြင့် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ကို လွှတ်တော်ကိုယ်စားလှယ်၏ ဆက်စပ်မေးခွန်းအပေါ်တွင် ဆက်လက် ညှိနှိုင်းဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။