ကြာအင်းဆိပ်ကြီးဒေသသည် ကရင်ပြည်နယ်၏ မြို့တော် ဘားအံမြို့ကိုလည်းကောင်း၊ တခြား ပြည်နယ်/တိုင်းဒေသကြီးများ၏ မည်သည့်မြို့၊ မည်သည့်ဒေသကိုမဆို သွားမည်ဆိုပါက မွန်ပြည်နယ်၏ ကျိုက်မရောမြို့နယ်၊ မုဒုံမြို့နယ်နှင့် မော်လမြိုင်မြို့နယ် များကို ကျော်ဖြတ်ပြီးမှသာ တခြားဒေသသို့ ရောက်ရှိနိုင်သော ဝေးလံခေါင်သီပြီး လူမှုရေးခက်ခဲသည့် ဒေသအဖြစ် ယခင်က သတ်မှတ်ထားခြင်းခံရသည့် မြို့နယ်တစ်ခုဖြစ်ပါကြောင်း၊ နေ့စဉ် ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွား၊ ဆက်သွယ်ရေး၊ သာရေး/နာရေး၊ သေရေး/ရှင်ရေးအတွက် သံလွင်ရေကြောင်းဌာနခွဲပိုင် အတ္တရံမြစ်ကူးချောင်းနှစ်ခွ ဇက်ကူးတို့ ရေယာဉ်အဖြစ်သာ ယာဉ်ကြီး/ယာဉ်ငယ်မျိုးစုံ တင်ဆောင်သွားလာနေရာ ၁-၅-၂၀၁၅ ရက်နေ့ နံနက်ပိုင်းမှစ၍ ဇက်ကူးတို့ရေယာဉ် ပြန်လည်ရုပ်သိမ်းထွက်ခွာသွားပါ၍ ကရင်ပြည်နယ်၊ မွန်ပြည်နယ်ပေါင်းကူး ကြာအင်းဆိပ်ကြီး ချောင်းနှစ်ခွ၊ မုဒုံ-မော်လမြိုင်လမ်းကြောင်း ပြတ်တောက်ကာ စက်တပ် လှေငယ်များဖြင့် အဆင့်ဆင့် ပင်ပမ်းခက်ခဲကြီးစွာ သွားလာနေကြရပါကြောင်း၊ မွန်ပြည်နယ်အခြေစိုက် အရှေ့တောင်ပိုင်းစစ်ဌာနချုပ်၏ လက်အောက်ခံ၊ ဒေသစစ်ဆင်ရေးကွပ်ကဲမှု နယ်မြေများကို ဆက်သွယ်ရာ လမ်းကြောင်းပေါ် နိုင်ငံတော်လုံခြုံရေးတာဝန်၊ နယ်မြေ တည်ငြိမ်အေးချမ်းရေး တာဝန်များကို ဆောင်ရွက်ရာတွင်လည်း အသုံးပြုရသည့် တစ်ခုတည်းသောလမ်းကြောင်းပေါ်မှ အတ္တရံမြစ်ကူး ချောင်းနှစ်ခွ ဇက်ကူးတို့ရေယာဉ်သည် မရှိမဖြစ် လိုအပ်နေသော ကြားခံတစ်ခုလည်းဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ ယခင် နေ့စဉ်ဖြတ်သန်းသွားလာနေသော ကုန်ရောင်းကုန်ဝယ်ဒေသထွက်သီးနှံများ တင်ပို့မှု၊ အခြေခံစားကုန်များ ပြန်လည်ဝယ်ယူသယ်ဆောင်မှုနှင့် ခရီးသည်တင်ယာဉ်ကြီး/ယာဉ်ငယ် မျိုးစုံ အစင်းရေ ၈၀ မှ ၁၀၀ ဝန်းကျင် လွန်းပျံအသွားအလာ အပြန်အလှန် သွားလာနေမှုလမ်းကြောင်း ချက်ချင်း ပြတ်တောက်သွားခြင်းအတွက် ပတ်ဝန်းကျင်ကျေးရွာများစွာမှ ဒေသခံပြည်သူများ အခက် အခဲ ကြီးမားစွာ ကြုံတွေ့နေရပါ၍ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ်ရောက်ရှိစ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ဒေသခံ တိုင်းရင်းသားပြည်သူများ၏ နိုင်ငံတော်အစိုးရသစ်ပေါ် ကျေးဇူးတင်ရှိမ ငံ့လင့်မှုအလို့ငှာ အတ္တရံမြစ် ကူးချောင်းနှစ်ခွ ဇာတ်ကူးတို့ရေယာဉ်တစ်စင်းအား ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသည် ပို့ဆောင်ရေးဝန်ကြီးဌာနအောက်ရှိ နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်းတစ်ခုဖြစ်ပြီး နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေဖြင့် ပြည်ပတွင် ဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်ပါကြောင်း၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသည် မြစ်ဝကျွန်းပေါ်ဒေ သနှင့် မြန်မာနိုင်ငံ၏ မြစ်ကြီးများအတွင်း ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများကို မြစ်ဝကျွန်းပေါ်ဌာနခွဲ ဧရာဝတီဌာနခွဲ၊ သံလွင်ဌာနခွဲ၊ ချင်းတွင်းဌာနခွဲ၊ ရခိုင်ဌာနခွဲနှင့် ကုန်စည်ပို့ဆောင်ရေးဌာနခွဲ စသည့် ဌာနခွဲ ၆ ခုနှင့် ခရီးလမ်း ၁၈ ခုကို ခရီးစဉ်များ ပြေးဆွဲပေးလျက်ရှိပါကြောင်း၊ ပြည်တွင်းရေးကြောင်း ပို့ဆောင်ရေး သံလွင်ဌာနခွဲတွင် စုစုပေါင်း ရေယာဉ်အင်အား ဇက်ရေယာဉ် ၆ စီးနှင့် မော်လမြိုင်-နတ်မှော်(ပုံမှန်)၊ မော်လမြိုင်-နတ်မှော်(အထူး)၊ မော်လမြိုင်-မလွီနှင့် ချောင်းနှစ်ခွကူးတို့ ခရီးလမ်းများကို ပွေးဆွဲပေးလျက်ရှိပါကြောင်း။
၃-၃-၂၀၁၅ ရက်နေ့တွင် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ရခိုင်ဌာန၌ စစ်တွေ-တောင်ကုတ်ခရီးစဉ်ပြေးဆွဲသည့် အောင်တံခွန်-၃ ရေယာဉ် နစ်မြုပ်မှုဖြစ်ပွားပြီးနောက်ပိုင်း အဆိုပါ ဖြစ်စဉ်မျိုး ထပ်မံမပေါ်ပေါက်စေရန်အတွက် ဌာနအတွင်းရှိ ရေယာဉ်များ၏ ကြံ့ခိုင်မှုကို အလေးထားစစ်ဆေးခြင်း၊ ခရီးသည်နှင့် ကုန်စည်များကို သတ်မှတ်ခွင့်ပြုချက်ထက် ပိုမိုတင်ဆောင်ခြင်းမပြုဘဲ စည်းကမ်းတကျ စိစစ်တင်ဆောင်စေခြင်းများကို ဌာနခွဲအားလုံးရှိ ရေယာဉ်များတွင် ကြပ်မတ်ဆောင်ရွက်စေခဲ့ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် မော်လမြိုင်ဌာနခွဲရှိ ရေယာဉ်၊ တွဲရေယာဉ်များ၏ ကြံ့ခိုင်မှုကို ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ရေယာဉ်စစ်ဆေးရေးမှူး (Surveyor) များဖြင့် ၂၇-၄-၂၀၁၅ ရက်နေ့တွင် စစ်ဆေးရာ စစ်ဆေးတွေ့ရှိချက်များအရ မုဒုံ-ချောင်းနှစ်ခွ-ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းမကြီးရှိ ချောင်းနှစ်ခွကျေးရွာ၊ အတ္တရံမြစ်ကူးချောင်း နှစ်ခွကူးတို့ လမ်းပြေးဆွဲနေသော ရေဘဝဲ-၁ ရေယာဉ်ကို ကျွန်တော်တို့ ပြုပြင်ရန်လိုအပ်ခြင်း၊ စက်မကြီးများ General Over Hall ပြုပြင်ခြင်း၊ ရှော်တယ်စစ်ဆေးပြုပြင်ခြင်းများ ပြုလုပ်ရန် လိုအပ်ခြင်းတို့ကြောင့် ချောင်းနှစ်ခွကူးတို့လမ်းတွင် ၃၀-၄-၂၀၁၅ ရက်နေ့အထိ ပြေးဆွဲခဲ့ပြီး ၂၀၁၅ ခုနှစ် မေလဆန်းတွင် ချောင်းနှစ်ခွမှ မော်လမြိုင်-သံလွင် သင်္ဘောကျင်းသို့ ကျင်းတင်ပြုပြင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း။
သို့ဖြစ်ပါ၍ ချောင်းနှစ်ခွကူးတို့လမ်းတွင် အမြန်ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် သံလွင်ဌာနခွဲရှိ ဇက်-၁၀၁ ရေယာဉ်ကို ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ စစ်ဆေးချက်အရ ရေယာဉ်၏ ရေအောက်ပိုင်းကိုယ်ထည် ကြံ့ခိုင်မှုအားနည်းနေခြင်းများကို ပြုပြင်ရန်နှင့် တခြား လိုအပ်သည်များကို ပြုပြင်ရန်အတွက် မေလ ၇ ရက်နေ့မှ စ၍ သံလွင် သင်္ဘောကျင်းတွင် ကျင်းတင်ပြုပြင်လျက်ရှိပါကြောင်း၊ ကိုယ်ထည်ပိုင်း ပြုပြင်ရမည့်ကိစ္စများ များပြားသည့်အတွက် ၎င်းရေယာဉ်သည် ဇူလိုင်လအတွင်း၌ ပြုပြင်ပြီးစီး နိုင်မည်ကို စစ်ဆေးတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ဇူလိုင်လအတွင်း စစ်ဆေးပြုပြင်ပြီးပါက သက်တမ်းတိုးခြင်းများ ဆောင်ရွက်ပြီးပါက ချောင်းနှစ်ခွ ရေယာဉ်ကူးတို့လမ်းတွင် ပြန်လည်ပြေးဆွဲပေး သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
