(က)-ဆားလင်းကြီးမြို့နယ်၊ ဘုတ်စုကွင်း၊ အမှတ်(၃)ကွင်း၊ ပေါင်းဝ၊ ဆားခါး၊ ခွန်သာ၊ ရုံးပင်ရိုး စုစုပေါင်း (၁၄)ကွင်းတွင် စိုက်ပျိုးရေးလုပ်ကိုင်နေသော တောင်သူ(၁၄၁)ဦး၏ ယာမြေများအား သစ်တောမြေ ကင်းလွတ်ခွင့်ပြုပေးနိုင်ခြင်းရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့ (၂၇.၂.၂၀၁၉)

 

ဘုတ်စုကွင်း၊ ဆားခါးကွင်း၊ အမှတ် (၃) ကွင်းနှင့် ရုံးပင်ရိုးကွင်းတို့သည် ချင်းတွင်းမြစ် အနောက်ဘက်ကမ်းတွင် တည်ရှိပြီး ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းသည် အနောက်မြောက် တိုင်းမြို့တော်ဖြစ်သော မုံရွာမြို့ဖြစ်ပါကြောင်း၊ အဆိုပါကွင်းများတွင် ကုလားပဲ၊ မြေပဲ၊ ပဲစင်းငုံ၊ ဂျုံ၊ ပြောင်း၊ နှမ်းစသည်တို့ စိုက်ပျိုးကြပါကြောင်း၊ နှစ်ပေါင်းမြောက်မြားစွာက မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို စိုက်ပျိုးမြေများ ဖြစ်အောင် ခေတ်အဆက်ဆက် မည်သည့် လက်နက်၊ မည်သည့်စက်ယန္တရားမျှ မပါဘဲ ခဲယဉ်းစွာ ရှင်းလင်းဖော်ထုတ်ခဲ့ကြသော စိုက်ပျိုးမြေများ ဖြစ်ပါကြောင်း၊ အချို့သောပြောင်းပင်များကို နွားစာအဖြစ် အသုံးချပြီး အခြားပြောင်းမျိုးဖြစ်သည့် ပြောင်းလက်ကောက်၊ နှံစားပြောင်း၊ လူး၊ ဆပ် စသဖြင့် Bean less များကို ဆန်ရှားပါးမှုကြောင့် ဆန်အစားထိုးပြီး လူတို့ချက်စားကြရသည့် အခြေအနေလည်း ဆားလင်းကြီးမြို့နယ်တွင် ရှိပါကြောင်း၊ ထိုကဲ့သို့အခြေခံ လူတန်းစားများသည် အလုပ်အကိုင်အခွင့်အလမ်းများ ကျပ်တည်း ဆင်းရဲနေသော်လည်း ဌာနဆိုင်ရာက ၁-၄-၂၀၀၆ ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ် (၂၂/၂၀၀၆) ဖြင့် ဧရိယာ အကျယ်အဝန်းမြေဧက ၅၆၀၀ ကို ဆားလင်းဆားခါးကြိုးပြင် ကာကွယ်တောအဖြစ် သတ်မှတ်ကြေညာခြင်းနှင့် ကြုံရပြန်ပါကြောင်း၊

ဌာနဆိုင်ရာအနေဖြင့် လုပ်ပိုင်ခွင့်ရှိသည်မှာ မှန်သော်လည်း ဒေသခံပြည်သူများကို စာနာနားလည် ပေးနိုင်ပါက နားလည်ပေးရန် တင်ပြခြင်းဖြစ်ပါကြောင်း၊ အဆိုပါဆားလင်းကွင်းတွင် ဌာနဆိုင်ရာက မည်သည့်စီမံကိန်းမျှ စိုက်ပျိုးခြင်းများ မတွေ့ရပါကြောင်း၊ သစ်တောအသစ် တစ်ဖန်ပြန်လည် ထူထောင်ခြင်းလည်း မရှိပါကြောင်း၊ ဌာနဆိုင်ရာအနေဖြင့် သစ်တောများတိုးချဲ့ခြင်း လုပ်ငန်း များကို လူသူအရောက်ပေါက် မရှိသော၊ နယ်မြေစိုးမိုးမှု နည်းပါးသော နယ်စပ်ဒေသများတွင် သတ်မှတ် ဆောင်ရွက်ပါက မိမိနိုင်ငံလည်း ခြံစည်းရိုးလုံခြုံမှုပါရရှိပြီး သယံဇာတဆုံးရှုံးမှုများပါ လျော့နည်း ပပျောက်စေနိုင်ပါကြောင်း၊ သို့ပါ၍ ဆားလင်းကြီးမြို့နယ်မှ ဘုတ်စုကွင်း၊ အမှတ် (၃) ကွင်း၊ ပေါင်းဝ၊ ဆားခါး၊ ခွန်သာ၊ ရုံးပင်ရိုးစသော ကွင်းပေါင်း ၁၄ ကွင်းတွင် စိုက်ပျိုးရေးလုပ်ကိုင် နေကြသည့် တောင်သူ ၁၄၁ ဦး၏ ယာမြေများကို သစ်တောမြေကင်းလွတ်ခွင့် ပေးနိုင်ခြင်း ရှိ/မရှိနှင့် ကင်းလွတ်ခွင့် ပေးပါက ပုံစံ (၇) ထုတ်ပေးခြင်း အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ

သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအနေဖြင့် လွှတ်တော်ကိုယ်စား လှယ်ကြီး မေးမြန်းသည့်မေးခွန်းပါ ဆားခါးကြိုးပြင်ကာကွယ်တောထဲရှိ ဆားလင်းကွင်းအတွင်း စိုက်ပျိုးလုပ်ကိုင်နေသော တောင်သူ ၁၄၁ ဦး၏ ယာမြေများနှင့် ပတ်သက်သော အခြေအနေကို စိစစ်ဖြေကြားထားမှု ရှိပါကြောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန အနေဖြင့် ၂၀၁၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၂/၂၀၀၆) နှင့် ဆားလင်းဆားခါးကြိုးပြင် ကာကွယ်တောဧက ၅၆၀၀ ဖွဲ့စည်းခဲ့စဉ်က တည်ရှိနေသော ဆားခါး၊ ပေါင်းဝ၊ ရုံးပင်ရိုး၊ ဘုတ်စုကျေးရွာနှင့် အမှတ်(၃)ရပ်ကွက်တို့မှ စုစုပေါင်း တောင်သူ ၃၂၀ တို့၏ယာမြေ ၂၅၁၂.၅၂ ဧကကို ဆိုင်ရာဆိုင်ခွင့်များဖြင့် ဆက်လက် လုပ်ကိုင်ခွင့် ခွင့်ပြုပေးခဲ့ပြီး ဖြစ်သည်ဟု ဖြေကြားထားပါကြောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနအနေဖြင့် ၂၀၁၃ ခုနှစ်တွင်လည်း ကြိုးဝိုင်းကျူးကျော်စာရင်းများ ကောက်ယူ ခဲ့ပါကြောင်း၊ ဆားခါး၊ ပေါင်းဝ၊ ရုံးပင်ရိုး၊ ဘုတ်စုကျေးရွာနှင့် အမှတ် (၃) ရပ်ကွက် စုစုပေါင်း ကျေးရွာရပ်ကွက် ၁၂ ခုက ကြိုးဝိုင်းကျူးကျော် ၄၄၃ ဦး၏ ကျူးကျော်မြေ၊ ယာမြေ ၃၁၈၈.၅၉ ဧကကိုစာရင်းကောက်ယူ ရရှိခဲ့ပြီး ဆိုင်ရာဆိုင်ခွင့်ရရှိခဲ့သော တောင်သူများအနေဖြင့် ၎င်းတို့ကို ခွင့်ပြုခဲ့သော ဆိုင်ရာဆိုင်ခွင့် အခွင့်အရေးများကို ချိုးဖောက်ပြီး ထပ်မံကျူးကျော်လုပ်ကိုင်ခြင်း၊ လက်လွှဲရောင်းချခြင်းများ ပြုလုပ်ခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု ဖြေကြားထားမှု ရှိပါကြောင်း၊

ထို့အပြင် ဆားလင်းဆားခါးကြိုးပြင် ကာကွယ်တောအတွင်း မူလကဆိုင်ရာ ဆိုင်ခွင့်အဖြစ် ပေးအပ်ခဲ့သည့် တောင်သူများအပြင် တောင်သူ ၁၂၃ ဦး၊ ယာမြေ ၆၆၇.၀၇ ဧက ထပ်မံတိုးချဲ့ပြီး ဝင်ရောက်လုပ်ကိုင်ခဲ့ကြောင်းလည်း စစ်ဆေးတွေ့ရှိရမှုကို ဖြေကြားထားပါကြောင်း၊ သစ်တော ဦးစီးဌာနအနေဖြင့် ကြိုးဝိုင်းကျူးကျော်စာရင်း ကောက်ယူရရှိမှုအပေါ် ကြိုးကျူးရွာမြေ၊ လယ်မြေ၊ သာသနာ/အများပိုင် မြေများကို သစ်တောမြေအဖြစ်မှ ပယ်ဖျက်ခွင့်ပြုပြီး ယာမြေများကို သီးနှံသစ်တော ရောနှောစနစ်ဖြင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်မှုကို လမ်းညွှန်ချက်အရ ဆားလင်းဆားခါး ကြိုးပြင်ကာကွယ်တောမှ ယာမြေများတွင် ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တော စိုက်ခင်းများ တည်ထောင်သွားရန် စည်းရုံးဆောင်ရွက်လျက် ရှိသည်ဟု သိရှိရပါကြောင်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အနေဖြင့် သစ်တောသယံဇာတ အရင်းအမြစ်များ ရေရှည်ထုတ်ယူသုံးစွဲနိုင်ရေးနှင့် သစ်တောဖုံးလွှမ်းမှု ကောင်းမွန်လာစေရေးအတွက် သစ်တောများပြန်လည် တည်ထောင်ခြင်း အစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးဆိုင်ရာ နိုင်ငံအလိုက် ဆောင်ရွက်ရမည့် ကတိကဝတ်ကို လက်မှတ်ရေးထိုးပြီး ဖြစ်သည့်အတွက် မိမိတို့ နိုင်ငံဧရိယာ၏ ၃၀ ရာခိုင်နှုန်းကို ကြိုးဝိုင်းနှင့်ကြိုးပြင် ကာကွယ်တောအဖြစ်၊ ၁၀ ရာခိုင်နှုန်းကို သဘာဝထိန်းသိမ်းရေး နယ်မြေများအဖြစ် တိုးချဲ့ဖွဲ့စည်းရန် စီစဉ်ဆောင်ရွက်လျက် ရှိသည်ဟု ဖြေကြား ထားပါကြောင်း၊ လက်ရှိအချိန်အထိ ကြိုးဝိုင်းကြိုးပြင် ကာကွယ်တောများ ၂၅.၂၃ ရာခိုင်နှုန်း၊ သဘာဝနယ်မြေ ၅.၇၉ ရာခိုင်နှုန်းရှိပြီး ဖြစ်ပါကြောင်း၊ ဖွဲ့စည်းရန်ကျန်ရှိသည့် ကြိုးဝိုင်းကြိုးပြင် ကာကွယ်တော ၄.၇၇ ရာခိုင်နှုန်းနှင့် သဘာဝနယ်မြေ ၄.၂၁ ရာခိုင်နှုန်းထပ်မံ ဖွဲ့စည်းနိုင်ရန်အတွက် အခက်အခဲအမျိုးမျိုးကို ဖြေရှင်းပြီး ကြိုးပမ်းဆောင်ရွက်ရသည့် အခြေအနေဖြစ်သည့်အတွက် တစ်ဖက်တွင်လည်း ဖွဲ့စည်းပြီး ကြိုးဝိုင်းကြိုးပြင် ကာကွယ်တောနှင့် သဘာဝနယ်မြေများ လျော့ပါးမှု မရှိစေရေး အလေးထားဆောင်ရွက် လျက်ရှိပါကြောင်း၊

၂၀၀၆ ခုနှစ် ဆားလင်းဆားခါးကြိုးပြင် ကာကွယ်တော ဖွဲ့စည်းသတ်မှတ်ခဲ့စဉ်က တည်ရှိခဲ့သော ယာမြေများကို ဒေသခံပြည်သူလူထု နစ်နာမှုမရှိစေရန်အတွက် ဆိုင်ရာဆိုင်ခွင့်နှင့် အခွင့်အရေးများ ခွင့်ပြုပေးပြီး ဆက်လက်လုပ်ကိုင်ခွင့်ပြုခဲ့ပြီးလည်း ဖြစ်ပါကြောင်း၊ နိုင်ငံတကာကတိကဝတ် ပြည့်မီရန်အတွက် သစ်တောကြိုးဝိုင်း ဖွဲ့စည်းရေးကိုသာ ဦးစားပေးဆောင်ရွက် နေရသည်က တစ်ကြောင်း၊ ၂၀၁၃ ခုနှစ်တွင် ကောက်ယူခဲ့သည့် ကြိုးဝိုင်းကျူးကျော်စာရင်းတွင် ပါဝင်ခဲ့သော ယာမြေများကို ဒေသခံပြည်သူ အစုအဖွဲ့ပိုင် စိုက်ခင်းများ တည်ထောင်သွားရန် စည်းရုံးဆောင်ရွက် လျက်ရှိပြီး သစ်တောမြေအဖြစ်က ပယ်ဖျက်ရန် အစီအစဉ်မရှိကြောင်း ဖြေကြားထားပါကြောင်း၊ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေ‌ဥပဒေအရ သစ်တောမြေအဖြစ်မှ ပယ်ဖျက်ခဲ့ပြီးသော ဧရိယာများကိုသာ လုပ်ထုံးလုပ်နည်းနှင့်အညီ လယ်ယာမြေလုပ်ပိုင် ခွင့်ပြုလက်မှတ်ပုံစံ (၇) ထုတ်ပေးနိုင်ရေးကို မိမိတို့ ဝန်ကြီးဌာနက ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းသော စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ဘုတ်စုကွင်း၊ အမှတ် (၃) ကွင်း၊ ပေါင်းဝ၊ ဆားခါး၊ ခွန်သာ၊ ရုံးပင်ရိုးစုစုပေါင်း ၁၄ ကွင်းတွင် စိုက်ပျိုးလုပ်ကိုင် နေကြသော တောင်သူ ၁၄၁ ဦး၏ ယာမြေများကို သစ်တောမြေအဖြစ်မှ ပယ်ဖျက်နိုင်ခြင်း မရှိသည့်အတွက် ပုံစံ (၇) ထုတ်ပေးရန် အစီအစဉ်မရှိပါကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်ရှင်းလင်း ဖြေကြားပါသည်။