(ဂ)-ဝိုင်းမော်မြို့နယ်တွင်ရှိသော ဝါရှောင်ရေလွှဲဆည်ကို အကြီးစားပြုပြင်တည်ဆောက်ပေးရန်နှင်‌့ မြေသား တူးမြောင်းမကြီးအား ဆည်မြောင်းပုံစံကျ ကွန်ကရစ်အုတ်စီနံရံ တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ နှင်‌့စပ်လျဉ်းသည်‌့မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့ (၂၇.၂.၂၀၁၉)

 

ဝါးရှောင်ရေလွှဲဆည်ကို ၁၉၆၂-၆၃ ခုနှစ်တွင် ယူကိုစလပ် နည်းပညာဖြင်‌့ စတင်တည်ဆောက်ခဲ့ပြီး ၁၉၆၆-၆၇ တွင် ပြီးစီး၍ ကွင်းပေါင်း ၄၂ ကွင်းနှင့်စီမံကိန်းနယ်မြေ ဧရိယာဧက ၁၇၄၅၀ ဧကကို မြေပေးဝေခဲ့သည့် ဆည်ကြီးဖြစ်ပါကြောင်း၊  အဆိုပါ ရေလွှဲဆည်သည် ယခင်မိုးတွင်းကာလ ရေဝပ် ဧရိယာသည် ပေပေါင်း ၂၀ ကျော် နက်သည့်အတွက် လူအများဖြတ်ကူးရေချိုး၍ မရပါကြောင်း၊ ယခုလက်ရှိ အခြေအနေတွင် နုန်းသဲများပြည့်‌နေပါကြောင်း၊ ၎င်းဆည်တွင် ၂၀ ကျော်နက်သည့် ရေထုတ်၊ သဲထုတ်တံခါးရှိပါကြောင်း သဲထုတ်တံခါးကို ဦးစားပေးပြီးမှ နုန်းသဲများကို ဖော်ရမည်ဖြစ် သော်လည်း အရှေ့ခြမ်းကိုသာကွက် ဖော်ထားပြီး သဲသောင်တစ်ပြင်လုံးကို ဖော်ထားခြင်းမရှိသည်ကို တွေ့ရှိရပါကြောင်း၊ နုန်းသဲဖော်ပြီးသော်လည်း ရေဝပ်ဧရိယာအောက်တွင် နုန်းသဲများပြန်လည် ထူထပ်လာပြီး လက်ရှိအခြေအနေတွင်လည်း မူလအတိုင်း နုန်းသဲများပြည့်နေပါကြောင်း၊ နုန်းသဲများ ဖော်ခြင်းအတူ ဆည်တွင်အဆောက်အဦများ ဆောက်နေသည်များ ရှိပါကြောင်း၊ ရေကူလွဲဘက်ကို သွားသည့်လမ်းတွင် နှစ်ပေပတ်လည် ကွန်ကရစ်ရှိသည်ကို ပြန်ဖြတ်ပြီးသစ်ပြန်လည်ပြင်ဆင်၍ ဘတ်ဂျက်မကုန်ကုန်အောင် လုပ်သကဲ့သို့ ဖြစ်နေပါကြောင်း၊ လက်ရှိအခြေအနေတွင် တောင်သူများ အမှန်တကယ် လိုအပ်သည်မှာ သဲသောင်ပြင်အစား ရေရှိရန်လိုအပ်နေခြင်း ဖြစ်ပါကြောင်း၊ သို့သော် လက်ရှိလုပ်နေသည့် လုပ်ငန်းများတွင် ရေသိုလှောင်နိုင်မှု တောင်သူများကို ရေပေးဝေနိုင်အောင် လုပ်ဆောင်နေခြင်း မရှိသည်ကို တွေ့ရှိရပါကြောင်း၊ နှစ်စဉ်နှစ်တိုင်း ဘတ်ဂျက်များ ချထားပြီး လုပ်ဆောင်နေသော်လည်း ပေးကာပေး၏ မရဆိုသလို အနာနှင့်ဆေး တစ်ခြားစီဖြစ်နေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် အမှန်တကယ်တောင်သူများ ရေရရှိနိုင်ရန်အတွက် နုန်းသဲများကိုဖော်၍ ဆည်ကိုပြုပြင် ပေးရန်နှင်‌့ မြေသားမြောင်း မကြီးများကို အုတ်စီနံရံပြုလုပ်ပေးရန် ဝိုင်းမော်မြို့နယ်တွင် တည်ရှိသည့် ဝါရှောင်ရေလွှဲဆည်ကို အကြီးစားပြုပြင်ပေးရန်နှင်‌့ မြေသားတူးမြောင်းမကြီးကို ကွန်ကရစ်အုတ်စီနံရံ တည်ဆောက်ပေးပါရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင်‌့ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ဦးလှကျော်
အဖြေ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နန့်မြင်းခချောင်းပေါ်ရှိ ဝါရှောင်ရေလွှဲဆည်ကို ၁၉၆၆-၆၇ ခုနှစ်တွင်  တည်ဆောက်ပြီးစီးခဲ့ပြီး ထိုစဉ်က ဆည်မြောင်းဦးစီးဌာနက စီမံခန့်ခွဲထိန်းသိမ်း ထားလျက်ရှိသည့် ဆည်ဖြစ်ပါကြောင်း၊ ဝါရှောက်ရေလွှဲဆည်၏ ဆည်ရေသောက်စနစ်တွင် တူးမြောင်းမကြီးသည် အလျား ၁၁.၅၂ မိုင် ကျန်ရှိ၍ လက်တံမြောင်း ၂၄ ခုရှိပြီး အလျား မိုင် ၅၀ ကျော်ခန့် ရှိပါကြောင်း၊  တူးမြောင်းအဆောက်အဦပေါင်း ၄၂၉ ခုကို စနစ်တကျ ထည့်သွင်းတည်ဆောက်ထားပြီး ဆည်ရေသောက် ဧရိယာ ၁၁၄၄၆ ဧက ရှိပါကြောင်း၊  ၂၀၁၇-၁၈ ခုနှစ်တွင် မိုးစပါး ၁၁၂၁၈ ဧက စိုက်ပျိုးနိုင်ပါကြောင်း၊ ဝါရှောင်ရေလွှဲဆည် အကြီးစားပြုပြင်ပေးရန် ကိစ္စနှင့်ပတ်သက်၍ ပုံမှန်ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို နှစ်စဉ်ရန်ပုံငွေ ခွဲဝေရရှိမှုအပေါ် မူတည်ပြီး ဆောင်ရွက် ရပါကြောင်း၊  ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုသာမန် အသုံးစရိတ်ရန်ပုံငွေနှင့် ရေလွှဲဆည် ရေဝပ်ဧရိယာ အတွင်းရှိ သဲနုန်းကျင်းပေါင်း ၁၅၀၀၀ ခန့်ကို တူးဖော်ပေးခဲ့ပါကြောင်း၊  ရေပိုလွှဲ၏ အထွက်ရေလမ်းကြောင်း ဖြောင့်ရန်အတွက် သဲနုန်း ၄၈၅၆ ကျင်း တူးဖော်ခြင်း၊ ရေပိုလွှဲအောက်ပိုင်း ကျောက်စီမြေကာ နံရံတည်ဆောက်ခြင်း လုပ်ငန်းကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊  ၂၀၁၈ ခုနှစ် ဧပြီ-စက်တင်ဘာ ဘဏ္ဍာရေးနှစ် မီနီဘတ်ဂျက်တွင် ပြည်ထောင်စုသာမန် အသုံးစရိတ် ရန်ပုံငွေနှင့် ရေလွှဲဆည်နှင်‌့ ရေပိုလွှဲအောက်ပိုင်း ကြမ်းခင်းသံကူ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကိုဆောင်ရွက် ခဲ့ပါကြောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ဝါရှောင်ရေလွှဲဆည်၏ ရေလျှံထိန်းတာပေါင် ပုံစံကျမြေဖို့ခြင်းနှင့် လိုအပ်သည့်နေရာများတွင် ကျောက်စီခြင်း လုပ်ငန်းများကို စီမံဆောင်ရွက် လျက်ရှိပါကြောင်း။

ဝါရှောင်ရေလွှဲဆည်၏ သက်တမ်းသည် နှစ်ပေါင်း ၅၀ ကျော်ခန့် ရှိခဲ့ပြီးဖြစ်ပါကြောင်း၊ နှစ်ကာလ ကြာလာတာနှင့်အမျှ ရေလွှဲဆည်အထက်ဘက် ရေဝပ်ဧရိယာတွင် သဲနုန်းပို့ချတိမ်ကောမှုကို ဆက်လက်တူးဖော်ရန် လိုအပ်လျက်ရှိပါကြောင်း၊ ထို့အပြင် သဲထုတ်ရေတံခါးနှင့် မြောင်းမင်းကြီး ရေသွင်းရေတံခါး အရှေ့တွင် ဒိုက်ကာတပ်ဆင်ခြင်းလုပ်ငန်း ရေလွှဲဆည်၏အထက်ဘက် ရေဝင် လမ်းကြောင်းတွင် ချောင်းပေါင်ပုံစံကျ မြေဖို့ခြင်းနှင့် ကျောက်စီခြင်း လုပ်ငန်းစသည့် လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ချက်ရှိနေပါကြောင်း၊  အဆိုပါလုပ်ငန်းများသည် အကြီးစားပြုပြင် ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်ပါကြောင်း၊  လုပ်ငန်းပမာဏ ကြီးမားပြီး ရန်ပုံငွေလိုအပ်ချက် များသည့်အတွက် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေတွင် ဘဏ္ဍာရေးနှစ်အလိုက် လျာထား တောင်းခံပြီး ရန်ပုံငွေရရှိမှုနှင့်အတူ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် စီစဉ်ထားပြီး ဖြစ်ပါကြောင်း၊ ဝါရှောင်တူးမြောင်းမကြီးကို မြောင်းပုံစံကျ ကွန်ကရစ်အုတ်စီနံရံ တည်ဆောက်ရန် ကိစ္စနှင်‌့ပတ်သက်၍ တူးမြောင်းမကြီးတစ်လျှောက် ကွန်ကရစ်လိုင်နင် ဆောင်ရွက်ရန် လုပ်ငန်းပမာဏ ကြီးမားပြီး ရန်ပုံငွေလိုအပ်ချက်လည်းများစွာ များပြားမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများကို စိစစ်ပြီး အဓိကလိုအပ်သည့် အပိုင်းများကိုသာ ဆောင်ရွက်ရန် ရှိပါကြောင်း၊ ဝါရှောင်ရေလွှဲဆည်၏ တူးမြောင်း မကြီးတွင် ကွန်ကရစ်လိုင်နင် ပြုပြင်တည်ဆောက်ရမည့် နေရာများ မြောင်းပေါင်၏ ပြုပြင်ရမည့် အစိတ်အပိုင်းများကို ဘဏ္ဍာရေးနှစ်အလိုက် ခွဲဝေရရှိမှု ရန်ပုံငွေပေါ် မူတည်ပြီး ပြုပြင်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် လက်တံမြောင်း (F) ပုံစံကျမြေဖို့ပြုပြင်ခြင်း လုပ်ငန်း၊ ၂၀၁၈ ခုနှစ် ဧပြီ-စက်တင်ဘာ မီနီဘတ်ဂျက်တွင် လက်တံမြောင်း (F) ပေါ်ရှိ  ရေသွယ်လျောက် အဝင်အထွက်  အုတ်လိုင်နင်စီခြင်းလုပ်ငန်း၊ တူးမြောင်းမကြီးတွင် ပျက်စီးနေသည့် ကွန်ကရစ်လိုင်နင် အစိတ်အပိုင်းအချို့ကို ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းစသည့် လုပ်ငန်းများကို ပြည်ထောင်စု သာမန်အသုံးစရိတ်ငွေနှင့် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေး နှစ်တွင်  လက်တံမြောင်း (M) ကွန်ကရစ်လိုင်နင် ဆောင်ရွက်ခြင်း၊ လက်တံမြောင်း ၁၁ ခုတွင် သဲနုန်း တူးဖော်ခြင်းနှင့် ပုံစံကျမြေဖို့ပြုပြင်ခြင်း၊ မြောင်းမကြီးနှင့် လက်တံမြောင်း (A) မြောင်းပေါင်နိမ့်ကျမှုများ ပြုပြင်ခြင်း၊ တူးမြောင်းမကြီးနှင်‌့ လက်တံမြောင်းခွဲများ တွင်ရှိသည့် တိုက်ရိုက်ရေထုတ် ပေါက်များကို ရေထိန်းတံခါးရွက် တပ်ဆင်ခြင်း လုပ်ငန်းတို့ကို ဆောင်ရွက်လျက် ရှိပါကြောင်း၊   ဝါရှောင်ရေလွှဲ ဆည်နှင့်ဆည်ရေသောက် စနစ်ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဘဏ္ဍာရေးနှစ်အလိုက် ပြည်ထောင်စုသာမန်အသုံး စရိတ်ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်ပြီး ဦးစားပေးလုပ်ငန်းများ သတ်မှတ်ပြီး ဆောင်ရွက်ပေးလျက် ရှိပါကြောင်းနှင်‌့ ရေလွှဲဆည် အကြီးစားပြုပြင်ခြင်း လုပ်ငန်းများနှင်‌့ တူးမြောင်းမကြီး၏ လိုအပ်သည့် အပိုင်းများတွင် ကွန်ကရစ်လိုင်နင်စီးခြင်း လုပ်ငန်းများကို ဆောင်ရွက်ရန် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်မှစ၍ ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေတွင် ထည့်သွင်း တောင်းခံ၍ ဆည်မြောင်းနှင်‌့ ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ လုပ်ငန်းများအကောင် အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား ခဲ့ပါသည်။

 

ဦးလဂန်ဇယ်ဂျုံး (ဝိုင်းမော်မဲဆန္ဒနယ်) မှ ဆက်စပ်မေးခွန်းမေးမြန်းပါသည်

အစိုးရသစ်တက်လာသည့် သက်တမ်းကာလသုံးနှစ်တွင် နှစ်စဉ်လုပ်ဆောင်နေသည်ကို တွေ့ရှိရ ပါကြောင်း၊   လုပ်ဆောင်သည့် နေရာတွင် သဲနုန်းဖော်သည့်ကျင်းပေါင်း ၁၅၀၀ သည်  ဖော်ပြီးသည့် နောက်ပိုင်းတွင် ပကတိအခြေအနေအတိုင်း ဖြစ်သွားပါကြောင်း၊  ယခုလို တစ်နှစ်တစ်နှစ် လျာထားသည့် ဘတ်ဂျက်ရန်ပုံငွေဖြင့်သာ လုပ်နေမည်ဆိုပါက  တောင်သူများ ရေအပြည့်အဝ ရရှိမည် မဟုတ်ပါကြောင်း၊ အလုပ်ပြရုံသက်သက် ဖြစ်နေမည်ဖြစ်ပါကြောင်း၊  နှစ်စဉ်ဘဏ္ဍာငွေ တောင်းခံမှုအပေါ် မူတည်ပြီး လုပ်နေမည်ဆိုပါက အဆင်မပြေနိုင်မည် မဟုတ်ပါကြောင်း၊ ယခင်က နွေစပါးလည်းလုပ်နိုင်ပြီး လယ်မြေဧက ၁၂၀၀၀ ကျော်ကို ရေပေးဝေနိုင်သည့် အခြေအနေ ရှိခဲ့ပါကြောင်း၊ ယနေ့အချိန်ကျမှ မည်သည့်အတွက် ယခုလိုမဖြစ်နိုင်မှုအပေါ် သေချာအဖြေရှာပြီး နှစ်စဉ်ရန်ပုံငွေ တောင်းခံမှုအပေါ် မူတည်ခြင်းမဟုတ်ဘဲ တစ်လုံးတစ်ခဲတည်း ရန်ပုံငွေသတ်မှတ်ပြီး လုပ်ဆောင်ပေးနိုင်ခြင်း ရှိ/မရှိကို သိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းခဲ့ပါသည်။

 

စိုက်ပျိုးရေး၊မွေးမြူရေးနှင်‌့ဆည်မြောင်းဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ဦးလှကျော်  

ကာလအပိုင်းအခြားအလိုက် အကောင်အထည်‌ဖော် ဆောင်ရွက်သွားရမည့် အစီအစဉ်ကို တစ်နှစ်တည်းအပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးလိုသည့် အခြေအနေဖြစ်သည်ကို နားလည်ပါကြောင်း၊ ဘဏ္ဍာရေးရန်ပုံငွေ ခွဲဝေရရှိမှုသည်  နံပါတ် (၁) အချက်ဖြစ်ပြီး  ဒုတိယအချက်မှ လုပ်ငန်းပမာဏ ကြီးမားသည့်အလျောက် တစ်နှစ်တာကာလအတွင်း ဆောင်ရွက်နိုင်စွမ်း ရှိ/မရှိ ဆိုသည့်အပေါ် မူတည်ပါကြောင်း၊  ထို့ကြောင့် ဘဏ္ဍာငွေတင်ပြ တောင်းခံသည့်အခါ အပြည့်အဝ ရရှိရေးသည်လည်း အရေးကြီးသည့်အလျောက် ပြည်သူ့လွှတ်တော်တွင်လည်း အထူးစဉ်းစားပေးရန် နံပါတ် (၁) အချက်အဖြစ် တင်ပြအပ်ပါကြောင်း၊  မိမိတို့တွင်ရှိသည့် စက်ယန္တရားအားနှင့် လုပ်ကိုင်နိုင် စွမ်းအားအပေါ် မူတည်ပြီး လုပ်ငန်းများကို အချိန်တိုကာလအတွင်း စီမံဆောင်ရွက် ပေးသွားရန် ညှိနှိုင်းပြီးဆောင်ရွက် သွားရမည့်အခြေအနေ ဖြစ်ပါကြောင်းဖြင့် ဆက်စပ်မေးခွန်းအား ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါသည်။