ပေါက်ခေါင်းမြို့နယ်ရှိ တောင်နဝင်းရေလှောင်တမံကြီး၏ ငလျင်ဒဏ်ကြောင့် တမံထိပ်ပြင်မြေသား နိမ့်ကျမှုနှင့် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာမှုကို မိုးရာသီကာလမတိုင်မီနှင့် မိုးရာသီကာလတွင် မြို့နယ်သူမြို့နယ်သားများ လုံခြုံမှုရှိစေရန် မည်ကဲ့သို့စီမံထားသည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း
ကျိုးကြောင်းဖော်ပြချက်က တောင်နဝင်းရေလှောင်တမံသည် ပေါက်ခေါင်းမြို့နယ်၊ ရပ်သစ် ကျေးရွာအနီး တောနဝင်းချောင်းပေါ် တွင် တည်ရှိပြီး တမံအမြင့် ၁၄၁ ပေ၊ တမံအလျား ၁၆၆၇၄ ပေရှိ မြေသားတမံဖြစ်ပါကြောင်း၊ တောင်နဝင်းရေလှောင်တမံကို ၁၉၈၅-၈၆ ခုနှစ်မှ ၁၉၉၄-၉၅ ခုနှစ်အတွင်း တည်ဆောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ တောင်နဝင်းရေလှောင်တမံသည် ဆည်ရေသောက် မြေဧရိယာ ၅၇၂၅၈ ဧကကို စိုက်ပျိုးရေပေးဝေနိုင်ပါကြောင်း၊
၂၀၁၉ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းကစပြီး တောင်နဝင်းရေလှောင်တမံ ထိပ်ပြင်မြေသားအလျားပေ ၁၀၀ အတွင်း တစ်ပေ ခန့်နိမ့်ကျပြီး မြေသားပေါင်ပေါ်တွင် အက်ကွဲကြောင်းများ ပေါ်ပေါက်လာသည့် အတွက်ကြောင့် ပေါက်ခေါင်းမြို့နယ်သူ/သားများ အထူးစိုးရိမ်လျက် ရှိကြပါကြောင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ စူးစမ်းလေ့လာမှုများကို စဉ်ဆက်မပြတ် ပြုလုပ်နေပါသော်လည်း ယခုအချိန်အထိ အက်ကွဲကြောင်းများတွင် ပိုမိုကြီးမားလာခြင်း၊ မြေသားပေါင်ကြီးတွင် ပိုမိုနိမ့်ကျ လာခြင်းတို့ကြောင့် ဒေသခံများ အထူးစိုးရိမ်လျက်ရှိပါကြောင်း၊ ထိုကဲ့သို့ ဖြစ်ရပ်များ ဖြစ်ပေါ်လာသော်လည်း စူးစမ်းလေ့လာမှုများမှ ပြင်ဆင်သည့်အဆင့်သို့ မရောက်ရှိသေးပါသဖြင့် မိုးရာသီကာလ ရေသိုလှောင်မှုနှင့် ပတ်သက်၍ ရေလှောင်ပမာဏ ပိုမိုများပြားလာသည့်အခါ တမံကြီး၏ ကြံ့ခိုင်မှုအခြေအနေကို ပြည်သူများ ပိုမိုစိုးရိမ်ထိတ်လန့် လာကြပါကြောင်း၊ ၄-၂-၂၀၁၉ ရက်နေ့ နံနက် ၅ နာရီခန့်တွင် စတုတ္ထအကြိမ်မြောက် ငလျင်ထပ်မံလှုပ်ခတ်သည့် အတွက်ကြောင့် ပေါက်ခေါင်းမြို့နယ်သူ မြို့နယ်သားများ၏ စိုးရိမ်ထိတ်လန့်မှုသည် အမြင့်ဆုံးအခြေအနေကို ရောက်ရှိလာခဲ့ပါကြောင်း၊ ယင်း အခြေအနေများကြောင့် မိုးရာသီကာလမတိုင်မီ မိုးရာသီအတွင်း ရေလှောင်ပမာဏ ပိုမိုများပြားလာပါက တမံကြီး၏လုံခြုံစိတ်ချရမည့် အနေအထားကို မည်ကဲ့သို့ စီမံထားရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်အတွင်း တည်ရှိသည့် တောင်နဝင်းရေလှောင်တမံကို ဒေသစိုက်ပျိုးမြေဧက ၅၇၂၅၈ ဧကတွင် မိုးစပါး၊ နွေးစပါး၊ ကျန်သီးနှံနှင့်အခြားသီးနှံများ စိုက်ပျိုးရေ ပေးဝေစိုက်ပျိုးနိုင်ရန် ရည်ရွယ်ပြီး ၁၉၈၄-၁၉၈၅ ခုနှစ်က စတင်တည်ဆောက်ခဲ့သော ရေလှောင်တမံ ဖြစ်ပါကြောင်း၊ တည်ဆောက်မှုကာလ ၁၀ နှစ်တာ ကာလကြာမြင့်ခဲ့ပြီး စနစ်တကျအချိန်ယူ တည်ဆောက်ခဲ့သော ရေလှောင်တမံကြီး တစ်ခုလည်းဖြစ်ပါကြောင်း၊ ၁၉၉၅ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး တမံအလျားအနေဖြင့် ၁၆၆၇၄ ပေဖြင့် တမံအမြင့် ၁၄၁ ပေ ရှိပါကြောင်း၊ ကန်ရေပြည့် ရေလှောင်ပမာဏက ဧကပိုင် ၁၈၇၀၀၀ ရှိပါကြောင်း၊
ယခုနှစ်နှစ်ဆန်းကာလ ၈-၁-၂၀၁၉ ရက်နေ့တွင် ရေလှောင်တမံ၏ ပေတိုင် ၅၆၅၀ မှ ၆၁၀၀ ကြား၊ တမံထိပ်ပြင် (Crest) တွင် အက်ကြောင်းပေါ်ထွက်ခဲ့ပါကြောင်း၊ အဆိုပါ ဖြစ်ရပ်ပေါ်ပေါက် လာသည်နှင့်အညီ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ အင်ဂျင်နီယာပညာရှင်များ၊ ဂျပန်နိုင်ငံအတိုင်ပင်ခံ ပညာရှင်များနှင့် မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီတို့မှ အင်ဂျင်နီယာ ပညာရှင်များက အချိန်နှင့်တစ်ပြေးညီ ရေလှောင်တမံကို အသီးသီးကွင်းဆင်း စစ်ဆေးမှုရှိခဲ့ပါကြောင်း၊ အဆိုပါကွင်းဆင်း စစ်ဆေးခဲ့သည့် ပညာရှင်များ၏ သုံးသပ်ချက်အရ ရေလှောင်တမံ တည်ရှိရာ ပေါက်ခေါင်းမြို့အနီးဝန်းကျင်ကို ဗဟိုပြုပြီး ၂၀၁၈ ခုနှစ်တွင် ကြုံတွေ့ခဲ့ရသည့် မြေငလျင်လေးကြိမ် လှုပ်ခတ်မှုကြောင့် တမံအောက်ခြေ အုတ်မြစ် ကျောက်သားသည် လှုပ်ရှားမှုဖြစ်ပေါ်ခဲ့ပြီး တမံထိပ်မျက်နှာပြင် အပေါ်ယံအပိုင်း အက်ကြောင်း ဖြစ်ပေါ်ခြင်း ဖြစ်နိုင်ပါကြောင်းကို သုံးသပ်စစ်ဆေးရရှိပါသည်။ အက်ကြောင်း စတင်ဖြစ်ပေါ်သည့် နေ့ရက်မှပြီး အက်ကြောင်းအတိုင်းအတာပမာဏ ပြောင်းလဲလာမှုရှိ/မရှိ၊ တမံထိပ်မျက်နှာပြင်နိမ့်ကျ ပြောင်းလဲနိုင်မှု ရှိ/မရှိ၊ တမံကိုယ်ထည်ရွေ့လျားမှု Dam Body Displacement ရှိ/မရှိတို့ကို မိမိတို့ဌာနအနေဖြင့် ၂၄ နာရီအချိန်ပြည့် စောင့်ကြည့်တိုင်းတာ စစ်ဆေးခဲ့ပါကြောင်း၊
ယခုလို ဆောင်ရွက်ခဲ့သည့်အခါ တမံကိုယ်ထည်နှင့် အောက်ခံအုတ်မြစ်အခြေ အနေများကို ဘူမရူပဗေဒဆိုင်ရာ ပုံရိပ်ဖမ်းခြင်းနည်းပညာ စမ်းသပ်နွံတွင်းများ တူးဖော်ပြီး မြေသိပ်သည်းဆ စစ်ဆေးသော နည်းလမ်းတို့ဖြင့် စူးစမ်းလေ့လာတိုင်းတာခြင်း လုပ်ငန်းများကို စမ်းသပ် မြေပြင်နေရာတွင် ၇ နေရာတူပြီး အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်သည့်အခါ လက်ရှိတူးဖော်ပြီးစီးခဲ့သည့် စမ်းသပ်တွင်းများ၏ စစ်ဆေးတွေ့ရှိချက်အရ တမံကိုယ်ထည် မြေသား၏သိပ်သည်းဆသည် မူလဒီဇိုင်းပြုပြင် တည်ဆောက်ထားသော မြေပြင်မြေသား သိပ်ဆည်းဆ ဂုဏ်သတ္တိများအတိုင်း ရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ တမံအောက်ခံအုတ်မြစ်၏ အလွှာအချို့တွင် မြေငလျင်၏ လှုပ်ခတ်မှုဒဏ်သက်ရောက်မှုကြောင့် ပုံသဏ္ဍာန်ပျက်ယွင်းမှု အနည်းငယ်ဖြစ်ပေါ်နေကြောင်း တွေ့ရှိရပါသည်။
မြေငလျင်လှုပ်ခတ်မှုကဲ့သို့ သဘာဝဘေးအန္တရာယ်ကို ကြိုတင်သိရှိနိုင်ခြင်း မရှိသည့်အလျောက် ဖြစ်ပေါ်လာသော အခြေအနေအပေါ်တွင် မူတည်ပြီးေ တမံ၏ဘေးကင်းလုံခြုံမှုအတွက် အချိန်နှင့် တစ်ပြေးညီ ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စီမံလုပ်ဆောင်ခဲ့ပါကြောင်း၊ ဌာနမှသတ်မှတ် ပြဋ္ဌာန်းထားသော လုပ်ထုံးလုပ်နည်းနှင့်အညီ နှစ်စဉ်မျက်မြင်စစ်ဆေးခြင်းဆိုင်ရာ စစ်ဆေးမှုလုပ်ငန်းစဉ် များအတိုင်း စောင့်ကြည့်စစ်ဆေးစီမံ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့အပြင် တမံ၏ အခြေအနေမှန်ကို အချိန်နှင့်တစ်ပြေးညီ ဒေသနေပြည်သူများ စောင့်ကြည့်ပြီး လိုအပ်မည့် အစီအစဉ်များ ဆောင်ရွက်နိုင်ရေး အတွက်ကိုလည်း ဌာနမှစီမံဆောင်ရွက် နေမှုများကိုလည်း အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရေးအတွက်ကိုလည်း CCTV ကင်မရာရှစ်လုံး တပ်ဆင်ပြီး ဆောင်ရွက်ထားမှု ရှိပါကြောင်း၊ အလားတူရေလှောင်တမံနှင့် ပတ်သက်ပြီး ပြည်သူများ စိုးရိမ်ကြောင့်ကြမှု လျော့နည်းစေရေးအတွက်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် ဆည်မြောင်းပညာရှင်၊ ဂျပန်ပညာရှင်တို့မှ ဒေသခံပြည်သူများကို အခါမလပ်ဖြစ်ပေါ် တိုးတက်ရန်အခြေအနေများကိုလည်း ရှင်းလင်းဆောင်ရွက် ပေးခဲ့ပါကြောင်း၊
လက်ရှိဂျပန်နိုင်ငံ ဆည်မြောင်းပညာရပ်ဆိုင်ရာ အတိုင်ပင်ခံအဖွဲ့ဖြစ်သည့် Sanyu အဖွဲ့က ဘူမိဗေဒပညာရှင် တစ်ဦးလည်း လိုအပ်သည့်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းဘူမိဗဒပညာရှင်၏ အကြံပြုချက်နှင့်အညီ တမံအက်အကြောင်းကို ချဲ့ထွင်တူးဖော်ပြီး အက်ကြောင်းအတွင်းကို ဓာတုဆေးရည်ဖြည့်သွင်းပြီးနောက် ဘူမိရူပဗေဒဆိုင်ရာ နည်းပညာနှင့် ပုံရိပ်ဖမ်းပြီး အက်ကြောင်းဖြစ်ပေါ်မှု ပုံစံနှင့်အတိမ်အနက်ကို တိကျစွာသိရှိနိုင်ရန် ဆောင်ရွက်လျက် ရှိပါကြောင်း၊ မကြာမီတွင် ဂျပန်နိုင်ငံ၊ Sanyu အတိုင်ပင်ခံအဖွဲ့မှ တမံဆိုင်ရာကျွမ်းကျင် အင်ဂျင်နီယာ တစ်ဦး ထပ်မံရောက်ရှိလာရမည်ဖြစ်ပြီး မြန်မာပညာရှင်များနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွာရန် စီစဉ်ထားပြီးလည်း ဖြစ်ပါကြောင်း၊
လတ်တလောစူးစမ်း လေ့လာတိုင်းတာမှုများအရ ရရှိသည့် အချက်အလက်များအပေါ် အခြေခံပြီး ၂၀-၂-၂၀၁၉ ရက်နေ့တွင် မိမိတို့ဝန်ကြီးဌာနမှ ဆည်မြောင်းပညာရပ်ဆိုင်ရာ ပညာရှင်များ၊ ဂျပန်နိုင်ငံမှ ပညာရှင်များနှင့် တောင်နဝင်းရေလှောင်တမံ ကြံ့ခိုင်မှုနှင့် ဘေးကင်းလုံခြုံမှုအတွက် မိုးရာသီမတိုင်မီ ဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံများကို အကြေအလည် သုံးသပ်ဆွေးနွေးပြီး အသေးစိတ်ညှိနှိုင်း ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ရေလှောင်တမံ နောင်ရေရှည်ကြံ့ခိုင်မှုနှင့် ဘေးကင်းလုံခြုံမှုအတွက် တမံ၏ အခြေအနေကို အချိန်ပြည့်စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်းများနှင့်အတူ စီမံဆောင်ရွက် သွားရမည့် လုပ်ငန်းစဉ်များကို မိုးရာသီမတိုင်မီ ပြီးစီးအောင် အချိန်နှင့်တစ်ပြေးညီ လုပ်ကိုင်သွားမည် ဖြစ်ပါကြောင်း၊ လာမည့် မိုးရာသီကာလအတွင်းလည်း ရေသိုလှောင်ထိန်းသိမ်းမည့် အခြေအနေများကို ချိန်ဆစီမံဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ အကောင်အထည်ဖော် ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များကို တင်ပြရမည်ဆိုလျှင် တမံ၏အောက်ခံအုတ်မြစ် အားဖြည့်ခြင်းအတွက် ဘိလပ်မြေသရွတ် မှုတ်သွင်းခြင်း၊ တမံကိုယ်ထည်၏ နောက်ဘက်မှ မြေသားပိုးပြီး မြေဖို့ခြင်းတို့ကို တစ်ပြိုင်နက်စတင် ဆောင်ရွက်ခြင်း၊ ထို့နောက် တမံထိပ်ပြင်အပေါ်ပိုင်းရှိ အက်ကြောင်းဖြစ်ပေါ်မှု ပုံစံကို အက်ကြောင်းမြေပုံ ရေးဆွဲခြင်း၊ တစ်ဆက်တည်း တစ်မီတာအနက်တူးဖော်ပြီး တွေ့ရှိရသည့် အခြေအနေကို အက်ကြောင်းမြေပုံ ထပ်မံရေးဆွဲခြင်း၊ အက်ကြောင်းအတွင်းကို ဘိလပ်မြေ၊ မြေဖယောင်း၊ အလွန်သေးငယ်သော စီလီကွန်နန်းမျှင်များဖြင့် နာနိုနည်းပညာသုံး ဓာတုဗေဒ ပစ္စည်းများ ရောစပ်ထည့်သွင်းခြင်း၊ အဆိုပါလုပ်ငန်းစဉ်အတိုင်း အက်ကြောင်းတွေ့ရှိမှုအပေါ် မူတည်၍ အနက်သုံးမီတာမှ ငါးမီတာအထိ မြေသားဖယ်ရှားခြင်း၊ ဓာတုဗေဒပစ္စည်းများ ထည့်သွင်းခြင်းနှင့် အက်ကြောင်းမြေပုံ ရေးဆွဲခြင်းတို့ကို တစ်မီတာချင်းအလိုက် အဆင့်ဆင့်ဆောင်ရွက်သွားခြင်း၊ အများဆုံး ငါးမီတာအထိ ဆောင်ရွက်ခဲ့ပြီးနောက် အက်ကြောင်းဖြစ်ပေါ်မှု ရှိ/မရှိစစ်ဆေး တွေ့ရှိချက်အရ အက်ကြောင်းတွေ့ရှိပါက အက်ကြောင်းများအတွင်း ဓာတုဗေဒပစ္စည်းများ ထည့်သွင်းခြင်းနှင့် လိုအပ်သည့် ပြုပြင်ပြီးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို အဆင့်လိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ရှိပါကြောင်း၊ အထက်ဖော်ပြပါ လုပ်ငန်းစဉ်များပြီးလျှင် အဆိုပါ မြေသားဖယ်ရှားထား ပြီးဖြစ်သည့် တမံထိပ်ပြင်အပိုင်းကို တမံမြေဖို့ခြင်း လုပ်ငန်းစဉ်များအတိုင်း စနစ်တကျပြန်လည်မြေပြီး ဆောင်ရွက်သွားခြင်း တို့ကိုလည်း အကောင်အထည် ဖော်သွားမည် ဖြစ်ပါကြောင်း၊
တောင်နဝင်းရေလှောင်တမံ၏ ထိပ်ပြင်အပေါ်ပိုင်းတွင် ယခုလို အက်ကြောင်း ဖြစ်ပေါ်မှုနှင့် ပတ်သက်ပြီး ရေလှောင်တမံကြံ့ခိုင်မှုနှင့် ဘေးကင်းလုံခြုံမှုအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို မိုးရာသီမတိုင်မီ ပြီးစီးအောင် စီမံဆောင်ရွက်သွားမည် ဖြစ်သည့်အလျောက် လက်ရှိပူးပေါင်းဆောင်ရွက် လျက်ရှိသော ဂျပန်ပညာရှင်များ၏ ညှိနှိုင်းဆက်သွယ်မှုအရ ဂျပန်နိုင်ငံ၊ ဆည်မြောင်းပညာရပ် အဆင့်မြင့်နည်းပညာဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် Technical Institute of Rural Development Committee ၏ စူးစမ်းလေ့လာမှု စံနှုန်းသတ်မှတ်ချက်များနှင့်အညီလည်း ထပ်မံစူးစမ်းလေ့လာ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယခုဖြစ်ရပ်အပေါ် ဒေသနေပြည်သူများ၏ စိုးရိမ်ပူပန်မှုများ လျော့ပါးသွားစေမှုမှ ပူပင်သောကများ ကွယ်ပျောက်သွားပြီး မိမိတို့၏ဘဝ၊ အသက်အိုးအိမ်စည်းစိမ်များ စိတ်ချလုံခြုံစေမည့် အခြေအနေ ဖန်တီးဖြစ်ပေါ် လာနိုင်မည့် အနေအထားအထိ အထူးအလေးထား စီမံဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဒေါ်နီနီဒွန်း (ပေါက်ခေါင်းမဲဆန္ဒနယ်)
မိမိ၏မြို့နယ် ပြည်သူများအနေဖြင့် နိုင်ငံတော်အဆင့် ပြည်ထောင်စုဝန်ကြီး သို့မဟုတ် ဒုတိယဝန်ကြီး အမြန်ဆုံးလာရောက် ကြည့်ရှုစစ်ဆေးပြီး ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
ထပ်ပြီးသွားချင်သည့် ဆန္ဒရှိသော်လည်း အကြောင်း၊ အကြောင်းများ ရှိသည့်အလျောက် မကြာမီ အချိန်အတွင်း ဝန်ကြီး သို့မဟုတ် မိမိလွှတ်တော်ကိုယ်စားလှယ်ကြီး၏ ဆန္ဒအတိုင်း ဆောင်ရွက်ပေးရန် ဖြည့်ဆည်းလုပ်ကိုင် ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက အဆိုပါ ကြယ်ပွင့်ပြမေးခွန်းသည် ပြည်သူလူထု တစ်ရပ်လုံးနှင့် သက်ဆိုင်ပြီး အများအတွက်အကျိုးရှိစေသည့် မေးခွန်းဖြစ်သည့်အတွက်ကြောင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၅၀ အရ နိုင်ငံသားများအတွက် အကျိုးဖြစ်ထွန်းစေမည့် မေးခွန်းနှင့် ဖြေကြားချက်များဖြစ်သည့်အတွက် နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းခြင်းနှင့်နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြနိုင်ရေးတို့ကို စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း လွှတ်တော်သို့ အသိပေး တင်ပြအပ်ပါသည်။
