မြန်မာ့ ကမ်းရိုးတန်းအရှည်သည် ရခိုင်ကမ်းရိုးတန်း ၄၄၃ မိုင်၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ ကမ်းရိုးတန်း ၂၇၂ မိုင်၊ တနင်္သာရီကမ်းရိုးတန်း ၆၇၀ မိုင် စုစုပေါင်း အရှည်အားဖြင့် ၁၃၈၅ မိုင် ရှည်လျားပါကြောင်း၊ ထို့အပြင် မြန်မာ့ပိုင်နက်ပင်လယ်ရှိ ကျွန်းပေါင်း ၁၀၀၀ ကျော်ရှိသည်ဟုလည်း သိရပါသည်။ မြန်မာ့ပိုင်နက်ပင်လယ်တွင် အခြေခံမျဉ်းမှ ပင်လယ်ဘက်သို့ ရေမိုင် ၁၂ မိုင် ဆက်စပ်ဇုန်တွင်လည်း ပိုင်နက်ပင်လယ်၏ ပြင်ပတွင်ရှိပြီး အခြေခံမျဉ်းမှ ပင်လယ်ဘက်သို့ ရေမိုင် ၂၄ မိုင်၊ ထို့အပြင် သီးသန့်စီးပွားရေးဇုန်မှာလည်း ပိုင်နက်ပင်လယ်ပြင်တွင်ရှိပြီး အခြေခံမျဉ်းမှ မိုင် ၂၀၀ ထိ ကျယ်ဝန်းကြောင်း သိရပါသည်။
မိမိတို့ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ကျွန်းစုတစ်ခုတည်းတွင် ကျွန်းကြီး၊ ကျွန်းငယ်ပေါင်း ၈၀၀ ကျော်ရှိပါကြောင်း၊ ယခုအခါ နယ်မြေအေးချမ်းလာသည့် အတွက်ကြောင့် ကျွန်းအချို့၌ ဟိုတယ်များ ဆောက်လုပ်ထားပြီး ၎င်းဟိုတယ်များသို့ ပြည်သူများသွား ရောက်လည်ပတ် အပန်းဖြေလျက် ရှိပါကြောင်း၊ ယခုကဲ့သို့ ကျွန်းများကို သွားရောက်အပန်း ဖြေသည့်အခါ ရွက်လှေစီးခြင်း၊ အရှိန်ပြင်း မော်တော်ဘုတ်စီးခြင်း၊ လေဟုန်စီးခြင်းစသည့် ကျွန်းကြီး၊ ကျွန်းငယ်တို့အကြား လှည့်ပတ်သွားလာ လေ့ရှိကြောင်းလည်း သိရပါသည်။ တစ်ဖက်တွင်လည်း မြန်မာ့ပင်လယ်ပြင်တွင် လူမှောင်ခိုကူးခြင်း၊ တရားမဝင် ငါးခိုးဖမ်းခြင်း၊ မူးယစ်ဆေးဝါးမှောင်ခို သယ်သူယူခြင်း၊ အချို့ကျွန်းများပေါ်တွင် တရားမဝင် ဝင်ရောက်နေထိုင်ခြင်းစသည့် ရာဇဝတ်မှုများလည်း ရှိသည်ကိုသိရပါကြောင်း၊ တရားဝင်ငါးဖမ်း လုပ်သူများ၊ ရေလုပ်သားများနှင့် အနားယူအပန်းဖြေ သွားလာကြသည့် ပြည်သူများအတွက် မြန်မာ့ပိုင်နက်ပင်လယ်တွင် အကယ်၍ အန္တရယ်တစ်စုံတစ်ခု ကြုံလာပါက ရှာဖွေကယ်ဆယ်ရေး ပြုလုပ်ရန် အဖွဲ့အစည်းမရှိသေးကြောင်း သိရပါသည်။ သြဂုတ်လ ၂၉ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံပိုင် သင်္ဘောတစ်စီးအား ကုန်တင်ယာဉ်သင်္ဘော ကုန်ပစ္စည်းများမရှိတော့ပါကြောင်း၊ သုံးခွမြို့နယ်၊ သမစိတ္တရွာ တရွာအနီးလာပြီး သောင်တင်ခဲ့ပါကြောင်း၊ ၎င်းသင်္ဘောက ယခုအချိန်တွင် နစ်မြုပ်သွားခဲ့ပါကြောင်း၊ အဆိုပါကိစ္စအတွက် မည်ကဲ့သို့ အရေးယူထားသနည်း ဆိုသည်ကို မိမိတို့လေ့လာသည့်အခါ မြန်မာကုန်သည်သင်္ဘော အက်ဥပဒေပုဒ်မ ၂၇၃ အရ အရေးယူထားသည်ဟု သိရပါကြောင်း၊ ထိုပုဒ်မကို လေ့လာကြည့်သည့်အခါ process များ များသည့်အတွက်ကြောင့် မိမိတို့ နိုင်ငံအတွက် အများကြီးငွေကြေးကုန်ကျမည် ဖြစ်ပါကြောင်း၊ ၎င်းသည် ကမ်းခြေစောင့်တပ်မျိုး မရှိသည့်အတွက်ကြောင့် ကမ်းခြေအနီးကိုဝင်လာခြင်း ဖြစ်ပါသည်။ ထို့အပြင် မိမိတို့ ဘိတ်မြို့တွင်ရှိသည့် ခရီးသည်တင် အလည်သွားသော Speed boat တစ်စီးသည်လည်း ၂၃-၁၂-၂၀၁၈ ရက်နေ့တွင် နှစ်နှစ်ရီခန့် နစ်မြုပ်သွားခဲ့ပါကြောင်း၊ အဆိုပါနေရာတွင် မိမိတို့ဘိတ်မြို့က ကယ်ဆယ်ရေးအဖွဲ့များက သွားရောက်ကယ်တင်ကြသော်လည်း အမျိုးသမီးနှစ်ဦး သေဆုံးသည်ကို တွေ့မြင်ခဲ့ရသည့်အကြောင်း သိရပါသည်။ ထို့ကြောင့် အထက်ပါမေးခွန်းကို မေးမြန်းရခြင်းဖြစ်ပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့အနေဖြင့် မြန်မာ့ ရေပြင်ပိုက်နက်ဖြစ်သည့် ပင်လယ်ပြင်အတွင်းပိုင်းရေပြင်၊ ပိုက်နက်ပင်လယ်ဆက်စပ်ဇုန်၊ သီးသန့် စီးပွားရေးဇုန်တို့အတွင်း လုံခြုံရေးနှင့်တရားဥပဒေ စိုးမိုးရေးဆောင်ရွက်နိုင်ရန်၊ ဘေးဒုက္ခရောက်ရှိ နေသူများကို ကယ်ဆယ်နိုင်စွမ်းရှိရန်၊ ရေကြောင်းသွားလာ လုပ်ကိုင်နေသူများနှင့် ရေကြောင်းအကျိုး စီးပွားလုပ်ငန်းများအတွက် လုံခြုံမှုရရှိစေရန် ဆောင်ရွက်ရန်ဟူ၍ ရည်မှန်းချက်တာဝန် (၃) ရပ် ချမှတ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ရေကြောင်းရဲတပ်ဖွဲ့အနေဖြင့် အဆိုပါ ရည်မှန်းချက်တာဝန် (၃) ရပ် ကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ဝမ်ပုံ၊ ကျောက်ဖြူ၊ စစ်တွေ၊ ပုသိမ်၊ မြိတ်နှင့် ကော့သောင်းမြို့များတွင် ရုံးများအသီးသီးဖွင့်လှစ်၍ အရာရှိနှင့်အခြားအဆင့် စုစုပေါင်းအင်အား ၆၇၇ ဦး၊ ကမ်းရိုးတန်းသွား ကင်းလှည့်ရေယာဉ်၊ မြစ်တွင်းသွားကင်းလှည့် ရေယာဉ်နှင့် အမြန်သွား ကင်းလှည့်ရေယာဉ်ငယ် စုစုပေါင်း ရေယာဉ် ၃၁ စီးတို့ဖြင့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက် ရှိပါကြောင်း၊
လက်ရှိရေကြောင်း ရဲတပ်ဖွဲ့စု (ကော့သောင်း) တွင် ရေကြောင်းရဲတပ်ဖွဲ့ဝင်အရာရှိနှင့် အခြား အဆင့် စုစုပေါင်း ၄၂ ဦးဟာ ကမ်းရိုးတန်းသွား ကင်းလှည့်ရေယာဉ်တစ်စီး၊ မြစ်တွင်းသွားကင်းလှည့် ရေယာဉ်တစ်စီး၊ အမြန်သွားကင်းလှည့် ရေယာဉ်နှစ်စီးတို့ဖြင့် ပါချန်မြစ်ကြောင်းနှင့် ပင်လယ်ဝ လုံခြုံရေး၊ ရှာဖွေကယ်ဆယ်ရေး၊ လူ၊ လက်နက်၊ မူးယစ်ဆေးဝါးမှောင်ခိုမှုများ တားဆီးနှိမ်နင်းရေး၊ နိုင်ငံခြားသားများဝင်/ထွက် သွားလာရာ၌ လုံခြုံမှုရှိစေရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့အတူ ရေကြောင်းရဲတပ်ဖွဲ့စု (မြိတ်) တွင် တပ်ဖွဲ့ဝင် အရာရှိနှင့် အခြားအဆင့်စုစုပေါင်း ၂၅ ဦးသည် ကမ်းရိုးတန်းသွား ကင်းလှည့်ရေယာဉ်တစ်စီး၊ အမြန်သွားကင်းလှည့် ရေယာဉ်နှစ်စီးတို့ဖြင့် မြိတ်မြို့အနီးပတ်ဝန်းကျင် ရေပြင်တစ်လျှောက်၌ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ့ရေပြင် ပိုင်နက်အတွင်း အန္တရာယ်ကြုံတွေ့လာသူများကို ရေကြောင်းရဲတပ်ဖွဲ့သို့ ဆက်သွယ်သတင်း ပို့နိုင်ရန်အတွက် ဆက်သွယ်ဆောင်ရွက်ရမည့် ဖုန်းနံပါတ်များ (အလျား ၈ ပေ x အနံ ၆ ပေ) ရှိ ဗွီနိုင်းဆိုင်းဘုတ်များအား လူစည်ကားရာနေရာများနှင့် ဆိပ်ကမ်းနယ်မြေများတွင် စိုက်ထူးထားပြီး ဖြစ်သည့်အပြင် ရေကြောင်းသွားလာရေး အန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ကျရောက်ခြင်းများနှင့် ရေယာဉ်မတော် တဆမှုများဖြစ်ပွားခဲ့ပါက ဖြစ်ပွားနေရာနှင့် အနီးကပ်ဆုံး ဖြစ်သည့်နေရာများတွင် အခြေပြုလျက်ရှိသည့် ရေကြောင်းတပ်ဖွဲ့များမှ ရေယာဉ်များအနေဖြင့် တပ်ဖွဲ့ဝင်ရေယာဉ်မှူးများ ဦးဆောင်၍ ဒေသခံအာဏာပိုင် အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ရှာဖွေကယ်ဆယ်ရေးနှင့် လုံခြုံရေးလုပ်ငန်း တာဝန်များကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက် ရှိပါကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပေါင်းစပ်ဖြေကြားထားပါသည်။
တပ်မတော် (ရေ) အနေဖြင့် မြန်မာ့ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းတစ်လျှောက် စစ်ဆင်ရေးနယ်မြေ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ရှာဖွေကယ်ဆယ်ရေး၊ သဘာဝဘေးအန္တရာယ် ကျရောက်ရာ နေရာများသို့ လူသားချင်းစာနာ ထောက်ထားမှု ကူညီပေးရေးစသည့် လုပ်ငန်းတာဝန်များကို စစ်ရေယာဉ်များဖြင့် သက်ဆိုင်ရာစစ်ဆင်ရေး ရေပြင်ဧရိယာများအလိုက် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ဧရာဝတီရေတပ်စခန်း ဌာနချုပ်မှ ရေပြင်ပိုင်းဆိုင်ရာ ရှာဖွေကယ်ဆယ်ရေး ပေါင်းစပ်ညှိနှိုင်း ကွပ်ကဲမှုဌာနချုပ်ကို ဖွင့်လှစ်၍ သက်ဆိုင်ရာရေကြောင်း သွားလာရေး အာဏာပိုင် အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍လည်းကောင်း၊ ပင်လယ်ရေကြောင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ သတင်းအချက်အလက် ဖလှယ်ရေးဆိုင်ရာ ကိစ္စရပ်များကို စင်ကာပူနိုင်ငံရှိ သတင်းအချက်အလက် ဖလှယ်ရေးဌာန (Information Fusion Center) နှင့် ချိတ်ဆက်၍လည်းကောင်း၊ မြန်မာ့ပင်လယ်ပြင် လုံခြုံရေးနှင့် ရှာဖွေကယ်ဆယ်ရေး ကိစ္စရပ်များကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက် ရှိပါကြောင်း၊
ထို့အပြင် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနအစီအစဉ်ဖြင့် ဆောင်ရွက်နေသည့် တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက် ကျွန်းများသို့ သွားလာလည်ပတ်နေသည့် အပန်းဖြေစက်တပ်ရွက်လှေ ခရီးစဉ်များကို ဆက်စပ်ရေပြင် ဧရိယာများအလိုက် စစ်ဆင်ရေးနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်နေသော စစ်ရေယာဉ်များမှ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် သတင်းကွန်ရက် ချိတ်ဆက်၍ ၎င်းရေယာဉ်များ၏ လုံခြုံရေးအပါအဝင် ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများကို ဌာနချုပ်အလိုက် သီးသန့်တာဝန် ပေးအပ်ထားသည့် ရှာဖွေကယ်ဆယ်ရေး ရေယာဉ်များဖြင့် လိုအပ်သည့် ကူညီစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ တပ်မတော် (ရေ) အနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ် ယနေ့အထိ ကာလအတွင်း ပင်လယ်ရေပြင်တွင် ဘေးဒုက္ခကြုံတွေ့ခဲ့ရသော ရေယာဉ်ကြီးများ၊ ရေလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် လှေ၊ ရေယာဉ်များအား ကူညီဆောင်ရွက် ပေးနိုင်မှုအနေဖြင့် ကယ်ဆယ်ခဲသည့် အကြိမ်ရေ ၁၀၈ ကြိမ်နှင့် ကယ်ဆယ်ခဲ့သည့် လူဦးရေ ၂၇၆၉ ဦးဖြစ်ပြီး တနင်္သာရီကမ်းရိုး တစ်လျှောက် အပန်းဖြေစက်တပ် ရွက်လှေခရီးစဉ်များကို စုစုပေါင်း ၁၉၃၇ ကြိမ် စောင့်ကြပ်ကြည့်ရှု ဆောင်ရွက်ပေးခဲ့နိုင်ပါကြောင်း၊
အထက်ပါ ဆောင်ရွက်ခဲ့မှုများအပြင် တပ်မတော် (ရေ) အား မြန်မာ့ပင်လယ်ပြင်အတွင်း တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိရာ ၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ် အတွင်း ပြည်တွင်း၊ ပြည်ပ ငါးခိုးလှေများ၊ မိုင်းခွဲလှေများ၊ စည်းကမ်းပျက်ငါးလှေများ၊ မူးယစ်ဆေးဝါး သယ်ဆောင်လှေများ၊ သစ်ခိုးလှေများ၊ လူကုန်ကူးလှေများ၊ တရားမဝင်ဆီတင်လှေများ၊ ကျွဲ၊ နွား၊ ဆိတ်မှောင်ခို လှေများနှင့် တရားမဝင်စက်တပ်၊ လက်ခတ်လှေများ စုစုပေါင်းလှေ ၇၄၄ စီးကို မြန်မာတရားခံ ၃၂၆၉ ဦးနှင့် နိုင်ငံခြားသားတရားခံ ၁၅၉၈ ဦး စုစုပေါင်း ၄၈၆၇ ဦးတို့နှင့်အတူ ဖမ်းဆီးပေးနိုင်ခဲ့ပြီး ဖမ်းဆီးရမိတန်ဖိုးမှာ ကျပ်ဘီလီယံ ၂၂၀ ကျော် ဖြစ်ပါကြောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် သွားလာနေသော အပန်းဖြေစက်တပ် ရွက်လှေခရီးစဉ်များ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဆောင်ရွက်နေသည့် ကျွန်းများတွင်ရှိသည့် အပန်းဖြေပြည်သူများနှင့် ရေလုပ်သားများ၏ လုံခြုံရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ကူညီစောင့်ရှောက်ပေးရေး အပါအဝင် ပင်လယ်ပြင် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ပင်လယ်ဓားပြရန် ကာကွယ်ရေး၊ ကုန်သွယ်ရေလမ်းကြောင်းများ၊ ရေယာဉ်နှင့်ဆိပ်ကမ်းများ ဘေးကင်းလုံခြုံရေး၊ ရေကြောင်းမတော်တဆမှုများ စုံစမ်းစစ်ဆေးရေး၊ ပင်လယ်ပြင်ရှိ စွမ်းအင်သယံဇာတနှင့် ငါးလုပ်ငန်းစသည့် ရေကြောင်းအကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရေး၊ ပင်လယ်ပြင်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး၊ ရေထုညစ်ညမ်းမှုကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး၊ ရေကြောင်းနယ်နိမိတ် စောင့်ကြပ်ကြည့်ရှုရေး စသည်တို့က အမှန်ကတယ် ကမ်းခြေစောင့်တပ်ဖွဲ့များ၏ အဓိက ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများ ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းထားခြင်း မရှိသေးသည့်အတွက် မြန်မာ့ရေပြင်ပိုင်နက်အတွင်း အန္တရာယ်ကြုံတွေ့ လာသူများအတွက် လုံခြုံရေးဆောင်ရွက် ပေးခြင်းများ အပါအဝင် ကမ်းခြေစောင့်တပ်ဖွဲ့၏ တာဝန်ဝတ္တရားများကို တပ်မတော် (ရေ) က လက်ရှိတာဝန်ယ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ လက်ရှိအချိန်တွင် မြန်မာ့ရေပြင်ပိုင်နက်အတွင်း အန္တရာယ်ကြုံတွေ့ လာသူများအတွက် လုံခြုံရေးအပါအဝင် ပင်လယ်ပြင်တရားဥပဒေ စိုးမိုးရေးတာဝန်များကို တပ်မတော် (ရေ) မှ ပြည်ထဲရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနတို့နှင့် ချိတ်ဆက်၍ တာဝန်ယူဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ပေါင်းစပ်ဖြေကြားချက်အရ သိရှိရပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနဆိုလျှင် မြန်မာ့ပင်လယ်ငါး လုပ်ငန်းရေပြင်အတွင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင် ဆောင်ရွက်နေသော ငါးဖမ်း၊ ငါးသယ်ရေယာဉ်များကို စစ်ဆေးရေးစခန်းများတွင် တရားဝင်မှတ်ပုံတင်ထားသည့် ကမ်းနီး၊ ကမ်းဝေးငါးဖမ်း၊ ငါးသယ်ရေယာဉ်များ ဝင်ရောက်ထွက်ခွာခြင်း၊ ပင်လယ်ပြင်မထွက်ခွာမီ ငါးဖမ်းကိရိယာ၊ ရေလုပ်သားများ စစ်ဆေးခြင်း၊ သက်ဆိုင်ရာစုပေါင်းအဖွဲ့များနှင့် သက်ဆိုင်ရာဌာနများ၏ တာဝန်အလိုက် စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ပင်လယ်ပြင်ငါးဖမ်းကွက်ရှိ ငါးဖမ်း၊ ငါးသယ်ရေယာဉ်များ၊ ငါးလုပ်သားများ အန္တရာယ်ကင်းရှင်း လုံခြုံစွာ လုပ်ငန်းလုပ်ကိုင်နိုင်ရန် နှင့် ရာသီဥတုဆိုးဝါးမှု အန္တရာယ်မှရှောင်ရှားခြင်း၊ ကျွန်းခိုရပ်နားခြင်းများ ဆောင်ရွက်နိုင်ရန် ရာသီဥတု ခိုလှုံနိုင်ရန် နေရာများကို ရခိုင်ကမ်းရိုးတန်းတွင် ခုနစ်နေရာ၊ ဧရာဝတီနှင့်မွန် မြစ်ဝကျွန်းပေါ်ကမ်းရိုး တန်းတွင် လေးနေရာနှင့် တနင်္သာရီကမ်းရိုးတန်းတွင် လေးနေရာ သတ်မှတ်ပေးထားပြီး သဘာဝဘေး အန္တရာယ် ကျရောက်မည့် အခြေအနေ၊ ရာသီဥတုဆိုးဝါးမည့် အခြေအနေများနှင့် အရေးပေါ်အခြေ အနေများကို ကမ်းရိုးဒေသတစ်လျှောက်ရှိ စစ်ဆေးရေးစခန်းများနှင့် ငါးဖမ်းရေယာဉ်များကို အများသုံး ဆက်သွယ်ဆောင်ရွက် နိုင်ရန်အတွက် ဆက်သွယ်ရေး စကားပြောစက် (SSB) စက်များ တပ်ဆင် အသုံးပြုလျက် ရှိပါကြောင်း၊ ကမ်းဝေးငါးဖမ်း၊ ငါးသယ်ရေယာဉ်များနှင့် ရေလုပ်သားများ ပင်လယ်ပြင် ငါးဖမ်းကွက်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်မှုကြောင့် အန္တရာယ်ကြုံတွေ့ပါက နီးစပ်ရာငါးဖမ်း၊ ငါးသယ်ရေယာဉ်များနှင့် တပ်မတော် (ရေ) စစ်ရေယာဉ်များမှ ကူညီကယ်ဆယ်ခြင်းဖြင့် သက်ဆိုင်ရာစစ်ဆေးရေးစခန်း ဆိပ်ကမ်းများသို့ ရောက်ရှိလာပါက ဒေသဆိုင်ရာ အာဏာပိုင်များ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ ပါဝင်သည့်အဖွဲ့တို့မှ လိုအပ်သည့် မေးမြန်းခြင်း၊ ယာယီနေထိုင်မှု၊ စားသောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ခရီးစရိတ်များ ကူညီပေးပြီး နေရပ်ဒေသသို့ ရောက်ရှိသည်အထိ ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ပေါင်းစပ်ဖြေကြား ထားပါကြောင်း၊
ယခင် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရေကြောင်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာန၏ တင်ပြဆောင်ရွက် မှုအရ အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ် (IMO) ၏ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် ၂၁-၂-၁၉၉၆ ခုနှစ်တွင် လက်ခံကျင့်သုံးခဲ့သော United Nations Convention on the Law of the Sea ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကမ်းရိုးတန်း နိုင်ငံတစ်နိုင်ငံ၏ တာဝန်တစ်ရပ်ဖြစ်သည့် ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို စီမံဆောင်ရွက်ရန် အမျိုးသားအဆင့် ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေး စီမံချက်ရေးဆွဲနိုင်ရေးအတွက် ဧရာဝတီ ရေတပ်စခန်းဌာနချုပ်မှူး၊ ကာကွယ်ရေးဦးစီးဌာနချုပ်ရုံး (ရေ) က အဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်သည့် စီမံချက်ရေးဆွဲရေး လုပ်ငန်းအဖွဲ့ကို မြန်မာနိုင်ငံအမျိုးသား ရှာဖွေကယ်ဆယ်ရေး ကော်မတီက ၁၉-၉-၂၀၁၇ ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့ပါကြောင်း၊
အဆိုပါ စီမံချက်ရေးဆွဲရေးလုပ်ငန်း အဖွဲ့အနေဖြင့် အမျိုးသားအဆင့် ပင်လယ်ပြင်ရှာဖွေ ကယ်ဆယ်ရေး စီမံချက်မူကြမ်းကို ၂၀၁၁ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သော အမျိုးသားရှာဖွေ ကယ်ဆယ်ရေး လက်စွဲစာအုပ်၏ သတ်မှတ်ချက်များနှင့် နိုင်ငံတကာသတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ ဝေဟင်/ရေပြင်နှင့် မြေပြင်ချိတ်ဆက်၍ ဆောင်ရွက်နိုင်မည့် အစီအမံများ ထည့်သွင်း၍ အင်္ဂလိပ်/မြန်မာနှစ်ဘာသာဖြင့် ရေးဆွဲခဲ့ပါကြောင်း၊ စီမံချက်မူကြမ်းအပေါ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ)၊ မြန်မာနိုင်ငံရေကြောင်း ရဲတပ်ဖွဲ့၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရချထားရေး ဦးစီးဌာနတို့၏ သဘောထားမှတ်ချက်များ ရယူပြီးနောက် အဆိုပါသဘောထား မှတ်ချက်နှင့်အညီ ပြင်ဆင်ပြုစုထားသော စီမံချက်နောက်ဆုံးမူကြမ်းကို အတည်ပြုပေးနိုင်ရန် အမျိုးသားအဆင့် ပင်လယ်ပြင်ရှာဖွေ ကယ်ဆယ်ရေးစီမံချက် ရေးဆွဲရေးလုပ်ငန်းအဖွဲ့က မြန်မာနိုင်ငံ အမျိုးသားရှာဖွေ ကယ်ဆယ်ရေး ကော်မတီသို့ ၁၈-၁-၂၀၁၉ ရက်နေ့တွင် တင်ပြထားပြီးဖြစ်ပါကြောင်း၊
အမျိုးသားအဆင့် ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေး စီမံချက်ကို အတည်ပြုပြီးသည့် အချိန်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် လုပ်ပိုင်ခွင့်နှင့် တာဝန်ဝတ္တရားရှိသည့် ဌာနများနှင့်ချိတ်ဆက် ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
