(င)-နိုင်ငံပိုင် ပြည်တွင်း‌ရေ‌ကြောင်းပို့ဆောင်ရေးလုပ်ငန်း၏ အခြေအနေ၊ ဝန်ထမ်းများ၏ အခြေအနေ၊ ယင်းလုပ်ငန်းပိုင်ရေယာဉ်များနှင့် ဆိပ်ခံဘောတံတားများ၏ အခြေအနေတို့ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့ (၂၅.၂.၂၀၁၉)

 

မိမိတို့နိုင်ငံသည် မြစ်၊ ချောင်း၊ အင်းအိုင် အများအပြားရှိနေသည့်နိုင်ငံ ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးတွင် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ သံလွင်မြစ်၊ စစ်တောင်းမြစ်စသည့် မြစ်ကြီးများအပြင် မြစ်လက်တက် အများအပြား ခက်ဖြာစီးဆင်းနေသောနိုင်ငံတစ်ခု ဖြစ်ပါကြောင်း၊ ပင်လယ်ရေကြောင်းလမ်းများလည်း ရေကြောင်းရှည်လျားစွာရှိနေသောနိုင်ငံ ဖြစ်ပါကြောင်း၊ တစ်ချိန်က အဆိုပါမြစ်များ၊ မြစ်လက်တက် များသည် မိမိတို့နိုင်ငံအတွက်စားနပ်ရိက္ခာအရင်းအမြစ်များ ဖြစ်ခဲ့ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ၏အရင်းအမြစ်များ ဖြစ်ခဲ့ပါကြောင်း၊ အထူးသဖြင့် မိမိတို့နိုင်ငံသူနိုင်ငံသားများ တစ်နေရာမှ တစ်နေရာ၊ တစ်မြို့မှတစ်မြို့ ကူးသန်းသွားလာသည့်အခါ အဓိကအားဖြင့် သင်္ဘောများ၊ လှေများ၊ စက်လှေများ၊ ပဲ့ဒေါင်များဖြင့်သွားလာရန်အတွက် အရေးကြီးသည့်အရင်းအမြစ်တစ်ခု ဖြစ်ခဲ့ပါကြောင်း၊

သို့သော် မကြာသေးခင် ၁၀ စုနှစ် တစ်ခုခန့်ကစပြီး မိမိတို့နိုင်ငံတစ်လွှားတွင်နိုင်ငံတော်အစိုးရက ကုန်းလမ်းများကို ဖောက်လုပ်ခဲ့ပါကြောင်း၊ ကုန်းလမ်းကွန်ရက်များ များစွာချဲ့ထွင်ပြီး ဖောက်လုပ် ခဲ့ပါကြောင်း၊ ယခင်ရှိပြီးသား ကားလမ်းများကို ပြင်ဆင်မွမ်းမံခဲ့သည့်အပြင် ကားလမ်းအသစ်များလည်း များစွာဖောက်လုပ်ခဲ့ပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင် ကုန်းလမ်းက တစ်ဖြည်းဖြည်းဖွံ့ဖြိုးလာ သည့်အခါ ပြည်သူများက ရေလမ်းအစား ကုန်းလမ်း၊ ကားလမ်းများကိုလည်း အဓိကအားထားပြီး သွားလာကြပါကြောင်း၊ ထိုအခါ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ သံလွင်မြစ်၊ စစ်တောင်းမြစ်ကြောင်း တစ်လျှောက်ရှိ သင်္ဘောများ၊ ဆိပ်ခံဘောများ အသုံးပြုမှုတဖြည်းဖြည်းနည်းပါးလာခဲ့ပါကြောင်း၊ မိမိတို့ တွံတေးမြို့သည် တွံတေးတူးမြောင်းပေါ်တွင်တည်ရှိသည့်မြို့ ဖြစ်ပါကြောင်း၊

တွံတေးတူးမြောင်းသည် ဧရာဝတီမြစ်ဝကျွန်းပေါ်ထဲတွင် အမည်အမျိုးမျိုးဖြင့် ကွေ့ပတ်စီးဆင်းသွား သော တိုးမြစ်နှင့် မြန်မာနိုင်ငံ၏စီးပွားရေးမြို့တော် ရန်ကုန်မြို့တို့ကို ဆက်သွယ်ထားသော၊ လွန်ခဲ့သည့်နှစ်ပေါင်းတစ်ရာခန့် အင်္ဂလိပ်ခေတ်ကတည်းက ဖောက်လုပ်ခဲ့သည့်တူးမြောင်း ဖြစ်ပါကြောင်း၊ တစ်ချိန်က မိမိတို့မြို့သည် သင်္ဘောစီးရေ တစ်နေ့လျှင် စီးရေ ၂၀၊ ၃၀ ခန့် ဆိပ်ကမ်းတွင် အားလုံးဆိုက်ကပ်သွားလာနေသည့်မြို့ ဖြစ်ပါကြောင်း၊ တူးမြောင်းထဲကို ဖြတ်သန်း သွားလာသည့် သင်္ဘောများအပေါ်မှီခိုပြီး မိမိတို့စီးပွားရေးတစ်ခု ဖြစ်ထွန်းလာခဲ့ပါကြောင်း၊ ယခု အချိန်တွင် ကားလမ်းကဖွံ့ဖြိုးလာသည့်အခါ မိမိတို့မြို့သာမက ဧရာဝတီမြစ်ဝကျွန်းပေါ်ရှိမြို့များ၊ အခြားမြို့များက ဆိပ်ကမ်းများ၊ ဆိပ်ခံဘောများ၊ ဆိပ်ခံတံတားများသည် အသုံးမပြုသလောက် ဖြစ်သွားပြီ ဖြစ်ပါကြောင်း၊ မိမိတို့မြို့က ဆိပ်ခံဘောသည် မည်သည့်သင်္ဘောမျှ မဆိုက်ကပ်တော့ သည်မှာ ဆယ်စုနှစ်တစ်ခုနီးပါးရှိသွားပြီ ဖြစ်ပါကြောင်း၊

ထို့ကြောင့် မည်သည့်ဝင်ငွေမျှမရှိတော့သည်အခါ ၎င်းကိုပြင်ဆင်မွမ်းမံရန် ဘတ်ဂျက်ကလည်း ကျ မလာတော့ပါကြောင်း၊ ထို့ကြောင့် ဆိပ်ခံဘောများ၊ တံတားများ ဒီအတိုင်းပစ်ထားရသည့်အနေအထား ဖြစ်ပါကြောင်း၊ တာဝန်ကျဝန်ထမ်းများသည်လည်း လတ်တလောတွင်လုပ်စရာမရှိတော့ဘဲ ထိုင်နေရ သည့်အနေအထား ဖြစ်ပါကြောင်း၊ နောင်ကိုလည်း အဆိုပါကားလမ်းများ ပိုမိုဖွံ့ဖြိုးလာရန်သာ ရှိပါကြောင်း၊ ထို့ကြောင့် ပြည်တွင်းရေကြောင်းသွားလာရေးလုပ်ငန်း၏အနာဂတ်က မည်သို့ရှိသည်ကို  သိလိုပါကြောင်း၊ ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းကြီးတစ်ခုလုံး၏ အခြေအနေ၊ အဆိုပါဌာနတွင်ခန့်အပ်ထားသောဝန်ထမ်းများ၏အခြေအနေ၊ နောင်တွင် မည်သို့စီမံပေးသွားမည်၊  တစ်ချိန်က အသုံးများခဲ့သော ဧရာဝတီသင်္ဘောများ ပုသိမ်၊ ရန်ကုန်ဖြတ်သွားသော ဗန္ဓက၊ ဗန္ဓူလ၊ ဘုရင့်နောင်စသည့် သင်္ဘောကြီးများလည်း ယခုမတွေ့ရှိတော့ပါကြောင်း၊ ၎င်းသင်္ဘောများကို ယခု မည်သို့စီမံခန့်ခွဲနေပါသနည်း၊ အသုံးမရှိတော့သလောက်ဖြစ်သွားပြီဖြစ်သော ဆိပ်ခံဘောတံတားများ၊ ဆိပ်ခံတံတားများနှင့်ပတ်သက်သော အခြေအနေအားလုံးကိုလည်း သိလိုပါကြောင်း  မေးမြန်းပါသည်။


 

ဖြေကြားသူ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦး
အဖြေ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသည် ၁၈၆၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်‌့ Irrawaddt Fkitukka Co.Ltd မှ အခြေတည်ဆင်းသက်လာခဲ့ပြီး ခေတ်အဆက်ဆက်ပြောင်းလဲဖွဲ့စည်းလာရာ နှစ်ပေါင်း ၁၅၀ ကျော်သက်တမ်းရှိခဲ့သည်‌့ မြန်မာနိုင်ငံ ရေကြောင်းသယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ဆယ်စုနှစ်ပေါင်းများစွာ အလွန်အရေးပါခဲ့ပြီး၊ သမိုင်း အစဉ်အလာကောင်းခဲ့သည့် အဖွဲ့အစည်းတစ်ခုဖြစ်ခဲ့ပါကြောင်း၊ နိုင်ငံတော်၏ထောက်ပံံ့မှုဖြင့် ရပ်တည် ခဲ့သည်‌့ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးကို ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ စီးပွားရေးဆန်ဆန် လွတ်လပ်စွာဆောင်ရွက်နိုင်ရန် ၂၀၁၄ ခုနှစ်တွင် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးအဖွဲ့ဥပဒေကို ပြဋ္ဌာန်း၍ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေပြင်ပရှိ နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းအဖြစ်သို့ ရောက်ရှိ ခဲ့ပြီး ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်မှစတင်၍ မိမိဝင်ငွေအပေါ်မိမိရပ်တည်လာခဲ့ရပါကြောင်း၊

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးအနေဖြင့် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေပြင်ပသို့ရောက်ရှိခဲ့သည်‌့ အချိန်မှစ၍ ဝင်ငွေတိုးတက်ရရှိရေးအတွက် အစွမ်းကုန်ကြိုးစားဆောင်ရွက်ခဲ့သော်လည်း ခေတ်မီ ရေယာဉ်များနှင့် ဆိပ်ကမ်းများမပြည့်စုံခြင်း၊ ရေယာဉ်သစ်များအစားထိုးရန် ရန်ပုံငွေမရှိခြင်း၊ ရေယာဉ် ပြင်ဆင်ထိန်းသိမ်းမှုစရိတ်များ မြင့်မားလာခြင်း၊ ဈေးကွက်ရရှိမှုအခြေအနေကျဆင်းလာခြင်း၊ အဖွဲ့ အစည်းကသာ ထမ်းနေရသည်‌့လစာနှင့် ပင်စင်စရိတ်များ တိုးမြင့်လာခြင်း၊ ကြွေးမြီဝန်ထုပ်ဝန်ပိုး များကိုလည်း ထမ်းပိုးနေရခြင်းစသည်‌့ အခြေအနေများကြောင့် ဝင်ငွေနှင့် အသုံးစရိတ်မျှတမှုမရှိသည်‌့ အခက်အခဲများနှင့် ရင်ဆိုင်လာခဲ့ရပါကြောင်း၊ ပြည်သူအကျိုးပြုဝန်ဆောင်မှုလုပ်ငန်းတစ်ခုအဖြစ် ဆောင်ရွက်နေသော ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသည် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေပြင်ပမှ ဆက်လက်ရပ်တည်ဆောင်ရွက်ရန် တင်ပြခဲ့သည်‌့အတိုင်း အခက်အခဲများစွာရှိသည့်အတွက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအတွင်းသို့ ပြန်လည်ဝင်ရောက်၍ ရေကြောင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းတာဝန်များကို ထမ်းဆောင်နိုင်ရန် ပြည်ထောင်စုလွှတ်တော်က ၂၀၁၄ ခုနှစ် ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးအဖွဲ့ဥပဒေကို ရုပ်သိမ်းပြီး ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဥပဒေကို ၁၇-၇-၂၀၁၇ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပါကြောင်း၊

ယခင်က ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏လုပ်ငန်းများကို နိုင်ငံတော်၏ထောက်ပံ့မှုဖြင့် စီမံ ဆောင်ရွက်နိုင်ခဲ့သော်လည်း လွန်ခဲ့သည်‌့ဆယ်စုနှစ်အတွင်းမှစတင်၍ နိုင်ငံတော်၏ဘဏ္ဍာငွေ ထောက်ပံ့မှုကို လုံလောက်စွာမရရှိခဲ့ခြင်းကြောင့် ခေတ်ကာလနှင့်လိုက်လျောညီထွေသည်‌့ ရေယာဉ် သစ်များ အစားထိုးဖြည့်ဆည်းပေးနိုင်မှုမရှိခြင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များကဲ့သို့ ခေတ်မီရေယာဉ်များကို အချိန်နှင့်တစ်ပြေးညီ ပြုပြင်ပြောင်းလဲတည်ဆောက်သွားနိုင်မှုမရှိခြင်း၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု များကြောင့် နိုင်ငံအတွင်းရှိ အဓိကမြစ်ကြောင်းကြီးများ တိမ်ကောယိုယွင်းပျက်စီးလာကာ ရေယာဉ်များ သွားလာရာတွင် ကန့်သတ်ချက်များရှိလာပြီး နေ့/ညအချိန်မရွေး၊ ရာသီမရွေး အသုံးမပြုနိုင်ခြင်း၊ ခေတ်စနစ်နှင့်အညီ ပြုပြင်ပြောင်းလဲဆောင်ရွက်နိုင်သော ပုဂ္ဂလိကအခန်းကဏ္ဍ လျင်မြန်စွာဖွံ့ဖြိုး တိုးတက်လာပြီး ၎င်းတို့နှင့်ယှဉ်ပြိုင်ဆောင်ရွက်ရန် ဌာနပိုင်အရင်းအမြစ်များသည် ဈေးကွက်နှင့် သဟဇာတမဖြစ်တော့သဖြင့် အခက်အခဲများ ဖြစ်ပေါ်လာခဲ့ရပါကြောင်း၊

ယခင်က ဌာနပိုင်ရေယာဉ်များပြေးဆွဲခုတ်မောင်းရာတွင် အဓိကအသုံးပြုသည်‌့ဒီဇယ်ဆီများကို စွမ်းအင် ဝန်ကြီးဌာနမှ ချိုသာသောနှုန်းထားဖြင့် ဝယ်ယူအသုံးပြုခွင့်ရရှိနေရာမှ စက်သုံးဆီဈေးနှုန်းများကို ပြင်ပ ပေါက်ဈေးဖြင့် တိုးမြှင့်သတ်မှတ်ခဲ့ခြင်းကြောင့် စက်သုံးဆီကုန်ကျစရိတ်မြင့်တက်လာခဲ့ခြင်း၊ စက်သုံးဆီ ဈေးနှုန်းများတိုးမြှင့်လာမှုကြောင့် ခရီးလမ်းများပြေးဆွဲရန် စီးပွားရေးအရတွက်ခြေမကိုက်သည်‌့ ခရီးလမ်းအများစုကို ရပ်နားခဲ့ရပြီး ဝင်ငွေများလျော့နည်းကျဆင်းလာခြင်း၊ နိုင်ငံခြားငွေ ဒေါ်လာ လဲလှယ်နှုန်းထားကို ယခင်က ၆.၅၀ ကျပ်နှုန်း သတ်မှတ်ထားခဲ့ရာမှ  ပြင်ပပေါက်ဈေးနှင့်အညီ ပြင်ဆင် သတ်မှတ်ခဲ့ခြင်းကြောင့် နိုင်ငံခြားငွေဖြင့် ပြည်ပမှဝယ်ယူတင်သွင်းရသည်‌့ သံပြား၊ သံကိုင်း၊ သံဂဟေ ချောင်းစသည်‌့ ရေယာဉ်ပြင်ပစ္စည်းများ၊ ရေယာဉ်သုတ်ဆေးများ၊ စက်ကိရိယာများ စသည်တို့၏ ဈေးနှုန်းများမြင့်တက်လာခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများ၏ လစာစရိတ်များ၊ ပင်စင်လစာများ တိုးမြင့် လာခြင်းတို့ကြောင့် အသုံးစရိတ်များ မြင့်တက်လာခြင်း၊ ထိုကဲ့သို့ အသုံးစရိတ်များတိုးမြင့်လာ သော်လည်း အခြေခံလူတန်းစားများအတွက် အဓိကထားပြေးဆွဲပေးရသော ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်း (Public Transport) ဖြစ်သည့်အတွက် ခရီးသည်ခ၊ ကုန်တင်ခနှုန်းထားများကို လိုက်လျော် ညီထွေ တိုးမြှင့်၍မရနိုင်ခြင်းတို့ကြောင့် ဝင်ငွေနှင့်အသုံးစရိတ်မျှတမှုမရှိဘဲ တင်ပြပါအတိုင်း အရှုံးများ ဖြစ်ပေါ်ခဲ့ရပါကြောင်း၊

ဌာနပိုင်ရေယာဉ်အများစုသည်လည်း ခရီးသည်နှင့် ကုန်စည်တွဲဘက်သယ်ဆောင်သော ရေယာဉ်များ သာဖြစ်သဖြင့် လက်ရှိအခြေအနေတွင် ခေတ်စနစ်နှင့်ကိုက်ညီမှုမရှိတော့သည့်အတွက် မဖြစ်မနေ ရေလမ်းခရီးကိုသာ အသုံးပြုရမည်‌့ဒေသများတွင် ခရီးသည်သီးသန့်အမြန်ရေယာဉ်များကိုသာ ပြောင်းလဲပြေးဆွဲပြီး ကုန်စည်သယ်ယူပို့ဆောင်ရေးတွင် တန်ချိန် ၁၅၀၀ နှင့်အထက် သယ်ယူနိုင်သော ကုန်တင်ရေယာဉ်များကို ပြောင်းလဲတည်ဆောက်ဆောင်ရွက်နိုင်မှသာ လက်ရှိဈေးကွက်နှင့် လိုက်လျောညီထွေဖြစ်မည်ဖြစ်သဖြင့် ဌာနအနေဖြင့်ထိုသို့ဆောင်ရွက်နိုင်ရေးကို နှစ်တို/နှစ်ရှည် စီမံချက်များ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးကို ဌာနကြီးခုနှစ်ခုဖြင့် ဖွဲ့စည်းထားရှိပြီး၊ ခရီးသည်နှင့် ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက် မြစ်ဝကျွန်းပေါ် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ သံလွင်မြစ်၊ ရခိုင် ဌာနခွဲများနှင့် ကုန်ပို့ဆောင်ရေးဌာနခွဲဟူ၍ စုစုပေါင်း ဌာနခွဲခြောက်ခုကို လုပ်ငန်းနယ်မြေဒေသအလိုက် ဖွဲ့စည်းထားရှိပါကြောင်း၊

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးအနေဖြင့် ဖော်ပြပါဒေသအလိုက် ဌာနခွဲများတွင် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးရေယာဉ်ခရီးစဉ်များပြေးဆွဲခြင်း၊ မြစ်ဖြတ်ကူးလူစီးကူးတို့များ၊ ဇက်ကူးတို့များ ပြေးဆွဲခြင်းနှင့် မြစ်တွင်းအပျော်စီးရေယာဉ်များ ပြေးဆွဲ၍ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိပြီး ကုန်စည်ပို့ဆောင်ရေးကဏ္ဍတွင် ဈေးကွက်နှင့်လိုက်လျောညီထွေမှုရှိသော ကွန်တိန်နာ သယ်ယူပို့ဆောင်ရေးလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး အနေဖြင့် ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ နိုင်ငံတော်အတွက် စီးပွားရေးဆန်ဆန် ဆောင်ရွက်ပေး နိုင်ရန်အတွက် အဆိုပါ ဌာနခွဲခြောက်ခုကို PPP စနစ်ဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးပိုင် ရေယာဉ်/တွဲယာဉ်များ ပြင်ဆင်နိုင်ရန်အတွက် ဌာနပိုင်သင်္ဘောကျင်းခြောက်ခုဖြစ် သော ဒလသင်္ဘောကျင်း၊ ဒဂုံဆိပ်ကမ်း‌သင်္ဘောကျင်း၊ မန္တလေးသင်္ဘောကျင်း၊ ချင်းတွင်းသင်္ဘောကျင်း၊ သံလွင်သင်္ဘောကျင်းနှင့် စစ်တွေသင်္ဘောကျင်းတို့ကို တည်ဆောက်ထားရှိပြီး ပုဂ္ဂလိကပိုင်ရေယာဉ်/ တွဲယာဉ်များကို အသစ်တည်ဆောက်ပေးခြင်း၊ ပြုပြင်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်၍ နိုင်ငံတော် ဝင်ငွေ  တိုးတက်ရရှိရေးအတွက် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊

ဈေးကွက်မရှိတော့သည်‌့ ခရီးသည်နှင့်ကုန်စည်ပူးတွဲသယ်ယူပို့ဆောင်နေသည့်စနစ်မှ ခရီးသည် သီးသန့်အမြန်ရေယာဉ်များနှင့် ကုန်စည်သီးသန့်သယ်ယူပို့ဆောင်သောစနစ်သို့ ပြောင်းလဲအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး၊ ကုန်စည်အမြောက်အမြား သယ်ယူပို့ဆောင်ပေးနိုင်သော စီးပွားရေးဈေးကွက်ဝင် ကုန်တွဲယာဉ်များ၊ ခေတ်မီကမ်းထိုးဇက်ရေယာဉ်များ တည်ဆောက်၍ မြစ်ဖြတ် ကူးတို့များနှင့် တံတားဆောက်လုပ်ရေးလုပ်ငန်းသုံး ရေယာဉ်များအဖြစ် ပြေးဆွဲဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ပြုပြင်ထိန်းသိမ်းစရိတ်များပြားပြီး ဈေးကွက်လုံးဝမရှိသော ကြာရှည်ရပ်နားထားရသည်‌့ သက်တမ်းရင့်ရေယာဉ်ဟောင်းများကို နိုင်ငံတော်အတွက် ဝင်ငွေတစ်ရပ်ရရှိရေးအတွက် လေလံတင် ထုခွဲရောင်းချခြင်းများနှင့် အချို့ရေယာဉ်ဟောင်းများကို အပျော်စီးခရီးသွားလုပ်ငန်းတွင် အသုံးပြုနိုင် ရေးအတွက် ပုံစံပြောင်းလဲပြုပြင်ဆောင်ရွက်ခြင်း၊ အချို့ရေယာဉ်များ၊ စက်မဲ့တွဲရေယာဉ်များနှင့် တွဲတွန်း Tug Boat ရေယာဉ်များကို ပြန်လည်ပြုပြင်၍ ဈေးကွက်ပြန်လည်ရရှိရေးအတွက် ဆောင်ရွက် လျက်ရှိပါကြောင်း၊

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ဖွဲ့စည်းပုံအရ အရာထမ်း ၂၇၃ ဦးနှင့် အမှုထမ်း ၁၀၆၆၆ ဦး စုစုပေါင်း ၁၀၉၃၉ ဦးရှိသည်‌့အနက် ၁-၁-၂၀၁၉ ရက်နေ့အထိ အရာထမ်း ၁၄၂ ဦး၊ အမှုထမ်း ၂၁၈၅ ဦး စုစုပေါင်း ၂၃၂၇ ဦး တာဝန်ထမ်းဆောင်လျက် ရှိပါကြောင်း၊ ဝန်ထမ်းအင်အားကို လုပ်ငန်း လိုအပ်ချက်နှင့်အညီ ကျစ်လျစ်စွာဖွဲ့စည်းနိုင်စေရန်အတွက် နှစ်စဉ်ပြုန်းတီးဝန်ထမ်းများနေရာတွင် မဖြစ်မနေခန့်ထားရန်လိုအပ်သော ဝန်ထမ်းဦးရေ အနည်းငယ်ကိုသာ ဖြည့်စွက်ခန့်ထားခဲ့သည့်အတွက် ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်တွင် အမြဲတမ်းဝန်ထမ်း ၃၉၂၉ ဦး ရှိခဲ့ရာမှ ၂၀၁၈-၁၉ ခုနှစ် ဘဏ္ဍာ ရေးနှစ်တွင် ၂၃၂၇ ဦးဖြင့်သာ လုပ်ငန်းများဆောင်ရွက်လျက် ရှိပါကြောင်း၊

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးတွင် စက်ရှိရေယာဉ် ၁၅၁ စီး၊ စက်မဲ့တွဲရေယာဉ် ၇၆ စီး၊ ဆိပ်ခံတွဲ ၃၁ စီး စုစုပေါင်း ၂၅၈ စီးပြီး အမှန်ကတယ်လုပ်ငန်းခွင်ကို ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် လုပ်ငန်း တာဝန်ထမ်းဆောင်နိုင်သော စက်ရှိရေယာဉ် ၈၀ စီး၊ စက်မဲ့တွဲယာဉ် ၄၅ စီး၊ ဆိပ်ခံတွဲ ၂၆ စီး စုစုပေါင်း ၁၅၁ စီးသာ ရှိပါကြောင်း၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင် ရေယာဉ်/တွဲယာဉ်အများစုသည် နှစ်ကာလကြာမြင့်ပြီး သက်တမ်းရင့် ရေယာဉ်/တွဲယာဉ်များဖြစ်ခြင်းကြောင့် ခေတ်စနစ်နှင့်ကိုက်ညီမှု မရှိခြင်း၊ ပြုပြင်သုံးစွဲရန် အရန်စက်ပစ္စည်းများရှားပါးလာခြင်း၊ ပြုပြင်သုံးစွဲပါက ကုန်ကျစရိတ်ကြီးမြင့်ပြီး စီးပွားရေးအရ တွက်ချေကိုက်မှုမရှိခြင်း၊ အဓိကအားဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာ မောင်းနှင် အသုံးပြုနိုင်မှုမရှိခြင်းတို့ကြောင့် ရေယာဉ်အများစုသည် ကြာရှည်ရပ်နားစာရင်းဝင်ရေယာဉ်များအဖြစ် ခရီးလမ်းများတွင် ပြေးဆွဲနိုင်ခြင်းမရှိပါကြောင်း၊ သက်တမ်းနှစ် ၂၀ အောက် ရေယာဉ်စီးရေသည် ၁၂.၁၀ ရာခိုင်နှုန်းသာရှိပြီး နှစ် ၂၀ အထက် ရေယာဉ်စီးရေသည် ၈၇.၉၀ ရာခိုင်နှုန်း ရှိနေကြောင်းနှင့် သက်တမ်းနှစ် ၆၀ အထက် ရေယာဉ်စီးရေသည် စုစုပေါင်း ရေယာဉ်စီးရေ၏ ၃၉.၅ ရာခိုင်နှုန်း ရှိနေပါကြောင်း၊ ၎င်းအပြင် ရေယာဉ်ခရီးလမ်းများတစ်လျှောက် သက်ဆိုင်ရာဆိပ်ကမ်းများတွင် ထားရှိသော ဌာန၏ဆိပ်ခံတွဲများသည်လည်း သက်တမ်းရင့်တွဲယာဉ်များဖြစ်ကြပြီး၊ ခရီးသည်အတက်/ အဆင်းနှင့် ကုန်တင်/ကုန်ချပြုလုပ်ရာတွင် ကြားခံတွဲအနေဖြင့် အသုံးပြုနေရသည့် ဆိပ်ခံဘောတံတား များသာဖြစ်ပါကြောင်း၊ အဆိုပါ ဆိပ်ကမ်းများအနက် ရေကြောင်းသွားလာမှုတွင် အဓိကကျသည်‌့ မြစ်တွင်းဆိပ်ကမ်းများကို ခေတ်စနစ်နှင့်အညီ အဆင့်မြှင့်တင်တည်ဆောက်၍ ဆိပ်ကမ်းစီမံခန့်ခွဲမှု လုပ်ငန်းများကို စီမံကိန်းချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

အနာဂတ်ကာလတွင် မြန်မာနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအခြေအနေအပေါ်မူတည်ပြီး ခေတ်စနစ် နှင့်အညီ ခရီးသည်နှင့်ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို စီးပွားရေးဆန်ဆန် လွတ်လပ်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးကို ကော်ပိုရေးရှင်းအသွင်သို့ပြောင်းလဲ ၍ စီမံဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရေးနှင်‌့စပ်လျဉ်း၍ အာရှ ဖွံ့ဖြိုးရေးဘဏ် ADB က ၂၀၁၄ ခုနစ်တွင် ရေးဆွဲပြုစုခဲ့သော မြန်မာနိုင်ငံ၏ ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒဆိုင်ရာ Myanmar Transport Sector Policy Note တွင် ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးနှင့်ပတ်သက်၍ တင်ပြပါလုပ်ငန်းစဉ်ကိုးခုကို မဖြစ်မနေဆောင်ရွက်ပြီးမှသာ ကော်ပိုရေးရှင်းအသွင်သို့ ကူပြောင်းသင့်ကြောင်း သုံးသပ်တင်ပြထားပါကြောင်း၊ ဖော်ပြပါ ADB ၏ အကြံပြုချက်များနှင့်အညီ အနာဂတ်ကာလတွင် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးကို ကော်ပိုရေးရှင်း အသွင်သို့ အောင်မြင်စွာကူးပြောင်းနိုင်ရေးအတွက် ဆောင်ရွက်ရမည်‌့လုပ်ငန်းစဉ်တစ်ခုချင်းအလိုက် ပြုပြင်ပြောင်းလဲမှုများကို ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

 

ဦးမြင်‌့လွင်(တွံတေးမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဒုတိယဝန်ကြီးဖြေကြားသွားရာတွင် မိမိသိလိုသည်မှာ ပြည်တွင်းရေကြောင်းသွားလာရေးအဖွဲ့ကို Cooperation အသွင်သို့ပြောင်းမည်ဆိုသည့်နေရာတွင် ADB ကအကြံပြုချက်ဆိုသည့် (၉) ချက်ထဲတွင် နံပါတ် ၇ တွင် ဝန်ထမ်းအဖွဲ့အစည်းကို ဖွဲ့စည်းပုံနှင့်အညီ ပြန်လည်ပြင်ဆင်ဖွဲ့စည်းမည် နှင့်ပတ်သက်ပြီး ထိုကဲ့သို့ပြန်လည်ပြင်ဆင်ဖွဲ့စည်းလိုက်ပါက ပိုနေသောဝန်ထမ်းများကို မည်သို့စီမံ ခန့်ခွဲမည်၊ ပိုနေသောဝန်ထမ်းများကို အခြားဌာနများသို့ ပြောင်းရွှေ့ပေးမည်လား သို့မဟုတ် နစ်နာကြေးပေးပြီး ပင်စင်ပေးမည်လား သိရှိလိုပါကြောင်း၊ ဈေးကွက်စီးပွားရေးစနစ်ဖြင့် သွားနေသည့် အချိန် နိုင်ငံပိုင်လုပ်ငန်းများက ၂၀၁၈ ခုနှစ် ခြောက်လပိုင်းတွင် ၃၃၅ ရာခိုင်နှုန်းခန့် အရှုံးပေါ် နေသည်မှာ မကောင်းမွန်သည့်အနေအထားရှိပါကြောင်း၊ ယခု ရထားလမ်းများ ပြန်လည် ပြင်ဆင်နေသည့်အတွက် ပြန်လည်ဖွံ့ဖြိုးလာရန်အလားအလာ ရှိပါကြောင်း၊ ရေကြောင်းလမ်းက အလားအလာမကောင်းသည့်အနေအထားဖြစ်သည့်အတွက် ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ မိမိတို့ နိုင်ငံတွင် ပြန်လည်အမြတ်ထွက်စေရန် PPP စနစ်စသည်တို့ဖြင့် လုပ်ဆောင်သွားရန် အစီအစဉ် ရှိ/မရှိသိလိုပါကြောင်း ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

 

ပို့ဆောင်ရေးနှင်‌့ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦး

လွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းသည့် ပထမတစ်ချက်ဖြစ်သော ဝန်ထမ်းအရေအတွက်ကို ဌာနအဖွဲ့အစည်းလိုအပ်ချက်နှင့်ကိုက်ညီအောင် ဖွဲ့စည်းမည်ဆိုသည့်ကိစ္စတွင် ပိုလျှံဝန်ထမ်းများဖြစ်လာ ပါက မည်သို့လုပ်ဆောင်မည်နည်းဆိုသည့်ကိစ္စသည် ADB တင်ပြသော လုပ်ငန်းစဉ် ၉ ခုတွင် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးအဖွဲ့အနေဖြင်‌့ စီးပွားရေးလုပ်ငန်းများကို ဥပဒေပြဋ္ဌာန်းပြီး လွတ်လပ် စွာဆောင်ရွက်စေခြင်းဆိုသည့် အချက်ပါရှိပါကြောင်း၊ ဥပမာအနေဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ကို လက်ရှိ Cooperation လုပ်ရန် ဥပဒေကို လွှတ်တော်သို့တင်ပြထားပြီးဖြစ်ပါကြောင်း၊ ၎င်းတွင် လည်း ဝန်ထမ်းများကို ဆန္ဒတောင်းခံပါကြောင်း၊ အစိုးရဝန်ထမ်းအနေဖြင့် ဆက်နေမလား၊ Cooperation တွင်ဆက်နေမလား၊ သို့မဟုတ် မည်သည့်နေရာမျှမသွားတော့ဘူးလား ထိုကဲ့သို့ဆန္ဒ ခံယူပြီး အစိုးရဝန်ထမ်းသာလုပ်မည်ဆိုပါက မိမိတို့ဝန်ကြီးဌာနကိုသာ Absorb လုပ်၍ရသည်ကို လုပ်ပါမည်၊  Absorb လုပ်၍မရပါက အခြားဝန်ကြီးဌာနကိုမေးမြန်းပြီး ပေးမည်ဖြစ်ပါကြောင်း၊ မည်သို့မျှ မရပါက ဥပဒေနှင်‌့အညီ ပင်စင်သာပေးရမည် ဖြစ်ပါကြောင်း၊ ဒုတိယတစ်ခုက PPP ဖြင့် ဆောင်ရွက်မည့်ကိစ္စသည် မိမိတင်ပြခဲ့ရာတွင် ပါရှိပြီးဖြစ်ပါကြောင်း၊ PPP ဖြင့်ဆောင်ရွက်ရန် ကုန်စည်ပို့ဆောင်ရေးဌာနခွဲ ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ဌာန(ခွဲ)၊ ချင်းတွင်းဌာန(ခွဲ)၊ ဧရာဝတီဌာန (ခွဲ)၊ မြစ်ဝကျွန်းပေါ်ဌာန(ခွဲ)၊ သံလွင်ဌာန(ခွဲ)တို့ကို အကျိုးတူပူးပေါင်းဆောင်ရွက်သည့်အတွက် EOI (Expression of Interest) ကို မိမိတို့ခေါ်ယူခဲ့ပါကြောင်း၊ ထိုကဲ့သို့မခေါ်ယူမီ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင်‌့ပြည်နယ်အစိုးရအဖွဲ့များ၏ ကန့်ကွက်မှုရှိ/မရှိ သဘောထားမေးမြန်းခဲ့ပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များက ကန့်ကွက်ရန်မရှိကြောင်း သဘောထားရရှိပါကြောင်း၊ ၂၁-၄-၂၀၁၈ တွင် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးက နိုင်ငံပိုင်သတင်းစာများဖြစ်သော ကြေးမုံ နှင့်မြန်မာ့အလင်းသတင်းစာတွင် ကြော်ငြာထည်‌့သွင်းခေါ်ယူခဲ့ပါကြောင်း၊ ဌာနနှင့်အကျိုးတူပူးပေါင်း ဆောင်ရွက်ရန် စိတ်ပါဝင်စားသည့် ပြည်တွင်းလုပ်ငန်းရှင် ၁၁ ဦးက လျှောက်လွှာထုတ်ယူခဲ့ပါကြောင်း၊ သို့သော် ငါးဦးသာ အဆိုပြုလွှာပြန်လည်တင်သွင်းလာခဲ့ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနက အဆိုပြုလွှာ လက်ခံစိစစ်ရေးကော်မတီ ပို့ဆောင်ရေးနှင်‌့ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဥက္ကဋ္ဌလုပ်ပြီး သက်ဆိုင်ရာတိုင်းဒေသကြီးနှင်‌့ပြည်နယ်အစိုးရအဖွဲ့၏ ကိုယ်စားလှယ်များကို အဖွဲ့ဝင်များအဖြစ် လည်းကောင်း၊ သက်ဆိုင်သည်‌့ဌာနအကြီးအကဲများနှင်‌့ ဌာနမှူးများကိုလည်းကောင်း အဖွဲ့ဝင်များ အဖြစ် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ လက်ရှိတွင် ပြည်တွင်းရေကြောင်းအတွက်  Cooperation Law ပီပီပြင်ပြင်ပြဋ္ဌာန်းသတ်မှတ်နိုင်ခြင်း မရှိသေးသည့်အတွက် ADB လုပ်ငန်းစဉ် ၉ ခုအနက် နောက်ဆုံးဖြစ်သော ပြည်တွင်းရေကြောင်းပို့ဆောင်ရေးအဖွဲ့အနေဖြင့် စီးပွားရေးလုပ်ငန်းများကို ဥပဒေပြဋ္ဌာန်းပြီး လွတ်လပ်စွာဆောင်ရွက်စေခြင်းဆိုသည်ကို Cooperation Law ထွက်ရှိပြီးမှ လုပ်ဆောင်မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။