မုန်းချောင်းရေလှောင်တမံကို ၁၉၉၅-၁၉၉၆ ခုနှစ်မှ စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၆-၂၀၀၇ ခုနှစ်တွင် ပြီးစီးခဲ့ပါကြောင်း၊ အလျား ၆၄၉၀ ပေ၊ အမြင့် ပေ ၂၀၀ ရှိပြီး ကန်ရေပြည့် ရေလှောင်ပမာဏ RL 520 မှာ ၆၇၄၄၀၀ ဧကပေ၊ ကန်ရေသေ ရေလှောင်ပမာဏ RL 493.5 ပေမှာ ၁၁၀၀၀၀ ဧကပေရှိပါကြောင်း၊ မြေသားတမံအမျိုးအစားဖြစ်ပြီး ရေဆင်းဧရိယာ ၁၄၆၈ စတုရန်းမိုင်ရှိပါကြောင်း၊ မုန်းချောင်းရေအားလျှပ်စစ်စက်ရုံသည် ၂၅ မဂ္ဂါဝပ် ဂျင်နရေတာသုံးလုံး တပ်ဆင်ထားပြီး နှစ်စဉ်ပျမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၃၃၀ ထုတ်လုပ်ပေးပါကြောင်း၊ မုန်းတမံရေဝပ်ဧရိယာမှာ ရွာပေါင်း ၁၃ ရွာနှင့် လယ် ၁၁၉၃ ဧက၊ ယာမြေ ၃၄၇၇ ဧက စုစုပေါင်း ၄၆၇၀ ဧက နစ်မြုပ်ခဲ့ပါကြောင်း၊
စေတုတ္တရာမြို့သည် မုန်းတမံ၏အောက် နှစ်မိုင်ခန့်အကွာတွင် တည်ရှိပါကြောင်း၊ မုန်းတမံထဲကို ရခိုင်ရိုးမတောင်ကြောက ချောင်းငယ်၊ မြောင်းငယ်၊ ချောင်းရေ၊ မြောင်းရေများ၊ နတ်မတောင်ချောင်းက ချောင်းရေ၊ မြောင်းရေများစီးဝင်ကာ အနည်အနှစ်များ ပို့ချလျက် ရှိပါကြောင်း၊ မိုးသည်းထန်ရေကြီးသောအခါ ချောင်းရေ၊ မြောင်းရေ၊ တောင်ကျချောင်းရေ များနှင့်အတူ တောတောင်များမှသစ်တုံး၊ သစ်ပင်၊ ဒိုက်တောများ မျောပါလာပြီး တမံရေပြင်ထဲတွင် ဘောလုံးကွင်းနှစ်ကွင်း၊ သုံးကွင်းစာခန့် အစုအဝေးကြီး ဖြစ်နေသည့်အတွက် ဒေသခံစက်လှေများ သွားလာရာတွင် အခက်အခဲတွေ့ကြရပါကြောင်း၊
မုန်းတမံရေဝပ်ဧရိယာထဲတွင် ပါဝင်သည့်တမံနှင့် ၁၂ မိုင်ခန့်ကွာဝေးသည့် ချီကျေးရွာဟောင်းက စေတီတော်ရွာ၊ ချီရွာဟောင်းသည် ယခင်က မုန်းချောင်းမျက်နှာပြင်၏အထက် ပေ ၂၀ ခန့်အမြင့်တွင် တည်ရှိပါကြောင်း၊ နုန်းအနည်များ ဖုံးလွှမ်းပြီး ရွာဟောင်းကုန်းမြေပေါ်က စေတီတော်များပါ ရှစ်ပေခန့်နစ်မြုပ်နေသောကြောင့် ယခင်မူလ မုန်းချောင်းမျက်နှာပြင်အထက် ၂၈ ပေခန့် နုန်းထုကြီးဖုံးလွှမ်းလာပါကြောင်း၊ တမံ၏အထက် ၁၀ မိုင်ခန့်အကွာတွင်ရှိသည့် ကုန္တယားကျေးရွာတွင် နုန်းများပို့ချ၍ နှစ်စဉ်နှစ်တိုင်း နွားများ၊ ကျွဲများ နုန်းထဲတွင်ကျွံပြီး ကယ်ဆယ်ရေးများ လုပ်ကြရပါကြောင်း၊ မသိခဲ့လျှင် ယင်းကျွဲများ၊ နွားများ သေဆုံးပြီး ဒုက္ခရောက်ကြရပါကြောင်း၊
ရေလမ်းခရီးသာရှိသော အဆိုပါရွာများသည် ရေကျချိန်တွင် နုန်းများတင်ကျန်ခဲ့၍ သွားလာရေး အတိဒုက္ခရောက်ကြရပါကြောင်း၊ နုန်းအနည်များပို့ချကာ ရေဝပ်ဧရိယာ နည်းပါးလာခြင်းကြောင့် တမံရေဝပ်ဧရိယာထဲက ကျေးရွာများသည် ဆက်သွယ်သွားလာရေး၊ နေထိုင်စားသောက်ရေး၊ စိုက်ပျိုးရေး၊ သောက်သုံးရေရရှိရေး၊ ကုန်စည်ပို့ဆောင်ရေး အဘက်ဘက်က အခက်အခဲများ တွေ့ကြုံကြရပါကြောင်း၊ နွေကာလတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု စွမ်းအားကိုလည်း လျော့ကျစေပြီး မိုးသည်းထန်ရေကြီးပါက တမံအောက်ဘက် စေတုတ္တရာမြို့နယ် ပြည်သူများ အတွက် စိုးရိမ်ဖွယ်အခြေအနေဖြစ်ပါကြောင်း၊ ငလျင်လှုပ်ခတ်လာလျှင်လည်း အန္တရာယ်ကြီးလှ ပါကြောင်း၊ ပြီးခဲ့သည့်နှစ်က လာအိုနိုင်ငံအရှေ့တောင်ပိုင်း၊ ဂျမ်းပါးဆက်ဆည် ကျိုးပေါက်ပြီး လူ ၄၀ ကျော်သေဆုံးကာ ၁၀၀၀ ကျော် ပျောက်ခဲ့သည့်ဖြစ်စဉ်၊ မကြာသေးမီက ဘရာဇီးနိုင်ငံ၊ ဘူမာတင်ဟိုမြို့အနီးက သံသတ္တုမိုင်းဆည် ကျိုးပေါက်၍ လူ ၁၄၂ ဦး သေဆုံးကာ ၁၉၄ ဦးပျောက်ဆုံးနေသည့်ဖြစ်စဉ်၊ ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့သော ဆွာချောင်းရေလှောင်တမံ ကျိုးပေါက်၍ အနီးအနားရွာ ၂၃ ရွာက လူဦးရေ ၅၄၀၀၀ ကျော် အရေးပေါ်ပြောင်းရွှေ့ခဲ့ရပြီး သေဆုံးမှုများရှိခဲ့သည့် ဖြစ်စဉ်များသည် မိမိတို့ အထူးသတိကြီးစွာနှင့် စနစ်တကျ ကြိုတင်ကာကွယ်စောင့်ရှောက်ရန် လိုအပ်နေသည်ကို မီးမောင်းထိုးပြသနေခြင်း ဖြစ်ပါကြောင်း၊ ဒေသခံများအတွက် တမံကြီး၏မဆုံးနိုင်သည့် ဘေးထွက်ဆိုးကျိုးများကို လည်စင်းခံနေကြရခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ် မုန်းတမံတွင် နှစ်စဉ်အနည်အနှစ်များ ပို့ချမှုကြောင့် တဖြည်းဖြည်း ကောလာကာ ရေဝပ်ဧရိယာ နည်းပါးလာပါသဖြင့် မည်ကဲ့သို့ ဖြေရှင်းဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
ပဲခူးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်အတွင်းရှိ မုန်းချောင်းရေလှောင်တမံသည် ၂၀၀၆ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပါကြောင်း၊ သက်တမ်းအားဖြင့် ၁၂ နှစ်ခန့် ရှိလာပြီဖြစ်ပြီး လက်ရှိတွင် ဆည်ရေဝင်ရောက်မှုနှင့်အညီ မုန်းချောင်းရေလှောင်တမံအတွင်း စီးဝင်ရေများကို ထိန်းညှိ သိုလှောင်ပြီး နှစ်စဉ်လျှပ်စစ်ဓာတ်အားပျမ်းမျှ ကီလိုဝပ်နာရီသန်းပေါင်း ၃၀၀ ခန့် ထုတ်လုပ် ပေးလျက်ရှိပါကြောင်း၊ ရေလှောင်တမံ၏အောက်ဘက် ပွင့်ဖြူမြို့နယ်အတွင်းရှိ မုန်းချောင်းပေါ်တွင် မယ်ဇလီရေလွှဲဆည်ကို ရေကူဖြည့်တင်းပြီး ဆည်ရေသောက်ဧရိယာဧက ၈၂၆၂၃ ဧကအတွက် မိုးစပါး၊ နွေစပါးစိုက်ပျိုးရေပေးဝေနေသည့် အခြေအနေဖြစ်ပါကြောင်း၊
မုန်းချောင်းရေလှောင်တမံ တည်ဆောက်ရန်အတွက် ဒီဇိုင်းပုံစံရေးဆွဲခဲ့စဉ်က ရေလှောင်တမံ တည်ဆောက်မည့်နေရာနှင့် အထက်ပိုင်းရှိ ရေဆင်းဧရိယာအကျယ်အဝန်းနှင့် တစ်နှစ်အတွင်း ပျမ်းမျှသဲနုန်းပို့ချသည့် နှုန်းထားကို အခြေခံပြီး နှစ် ၅၀ သက်တမ်းအချိန်အတွင်း စုစုပေါင်းသဲနုန်း ပို့ချနိုင်မှု ထုထည်ပမာဏကို ခန့်မှန်းတွက်ချက်ခဲ့ပါကြောင်း၊ သဲနုန်းပို့ချနိုင်မှု ထုထည်ပမာဏ ကိုမူတည်ပြီး ရေလှောင်တမံ၏ ထုတ်ယူအသုံးပြုခြင်းမပြုသည့် ရေသေအမှတ် (Dead Storage Level) ကို သတ်မှတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ရေသေအမှတ် RL 440 ၏ အထက်တွင်သာ ရေထုတ်ပြွန်ပေါက်ကို ထည့်သွင်းတည်ဆောက်ထားခြင်း ဖြစ်ပါကြောင်း၊ ဒီဇိုင်းပြုလုပ် တည်ဆောက်ထားသည့် ရေလှောင်တမံ၏သက်တမ်း နှစ် ၅၀ ကာလအတွင်း သဲနုန်းပို့ချမှုသည် ကန်ရေသေအမှတ်အထက် ကျော်လွန်ခြင်းမရှိစေရန်နှင့် ရေထုတ်ပြွန်ရေပေါက်မှ ရေထုတ်လွှတ်နိုင်မှုကို မထိခိုက်စေရန် စီမံဆောင်ရွက်ထားခြင်းဖြစ်ပါကြောင်း၊
မုန်းချောင်းရေလှောင်တမံ၏ ဒီဇိုင်းပြုစုသတ်မှတ်ထားသော ကန်ရေသေ အမှတ် RL 440 ပေအောက်ရှိ ရေသေရေလှောင်ပမာဏသည် ဧက ၁၁၄၁၀၀ ပေ ဖြစ်ပါကြောင်း၊ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် တမံရေဝပ်ဧရိယာအတွင်း သဲနုန်းပို့ချမှုကို တိုင်းတာစစ်ဆေးခဲ့စဉ်က တမံသက်တမ်း ၁၂ နှစ်ကာလအတွင်း သဲနုန်းထုထည်သည် RL 368 ပေအထိ ပမာဏအားဖြင့် ၂၁၆၀၀ ပေခန့် ဝင်ရောက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ရေသေရေလှောင်ပမာဏ၏ ၁၉ ရာခိုင်နှုန်းသာ သဲနုန်းဝင်ရောက်မှုရှိသည့် အခြေအနေဖြစ်ပါကြောင်း၊ ဆည်မြောင်းနှင့် ရေအသုံးချ ရေးစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ရေလှောင်တမံအတွင်းရှိ သဲနုန်းပို့ချမှု၊ ရေရှည် တည်တံ့မှုတို့အတွက် လုပ်ထုံးလုပ်နည်း၊ သတ်မှတ်ချက်များနှင့်အညီ စောင့်ကြပ်စစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊
သို့ဖြစ်ပါ၍ လက်ရှိအခြေအနေအရ သဲနုန်းပို့ချမှု အတော်အသင့်ရှိသော်လည်း မူလဒီဇိုင်း ပြုလုပ်သတ်မှတ်ထားသော ကန်ရေသေအမှတ်အောက်တွင်သာ ရှိနေသေးသည့်အတွက် ရေထုတ်ပြွန်မှ ရေထုတ်လွှတ်ပေးမှုကို ထိခိုက်မှုမရှိနိုင်သေးသည့် အခြေအနေဖြစ်ပါကြောင်း၊ ထို့အပြင် မိုးစပါး၊ နွေစပါး၊ စိုက်ပျိုးရေနှင့် ရေအားလျှပ်စစ်ထုတ်လုပ်ခြင်း လုပ်ငန်းများ အတွက်လည်း ထိခိုက်ခြင်းမရှိသည့် အခြေအနေဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးကျော်အောင်လွင် (စေတုတ္တရာမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ထိုသို့နုန်းအနည်အနှစ်များ ပို့ချလာသည့်အတွက် ရေကြီးရေလျှံ ဘေးအန္တရာယ်များ တွေ့ကြုံလာသောအခါ တမံအောက်ဘက်က စေတုတ္တရာပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းရန်အတွက် ကြိုတင်သတိပေးစနစ်များနှင့် မည်ကဲ့သို့အန္တရာယ်ကင်းအောင် ကာကွယ်ဆောင်ရွက်ပေးသည်နှင့်ပတ်သက်ပြီး သိရှိလိုကြောင်း မေးမြန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
အားလုံးသိကြသည့်အတိုင်း ကမ္ဘာအဝှန်းဖြစ်ပေါ်ခဲ့သည့် သဘာဝကြီးပြောင်းလဲမှုကြောင့် မိမိတို့တွင်ရှိသော သယံဇာတများ၏ ကျိန်စာသင့်နေသည့်နိုင်ငံထဲတွင် မိမိတို့နိုင်ငံလည်း ပါဝင်ပါကြောင်း၊ ကျိန်စာသင့်သည့်နိုင်ငံထဲတွင် ပါဝင်လာသောအကြောင်းတရားမှာ မိမိတို့တွင် ရှိသည့် သဘာဝသစ်တော သယံဇာတ၊ သတ္တုသယံဇာတ စသည့် သယံဇာတများကို အလွန်အကျွံ ထုတ်ယူသုံးစွဲကြမှုကြောင့် ဖြစ်ပေါ်လာသော သဘာဝများယိုယွင်းလာခြင်းသည် တဖြည်းဖြည်း မိမိတို့တည်ဆောက်ထားသော အဓိကအားဖြင့် ဆည်မြောင်းတာတမံများမှာ လွှတ်တော် ကိုယ်စားလှယ်ကြီး ဆွေးနွေးတင်ပြသွားသကဲ့သို့ နုန်းပို့ချမှုများစွာဖြစ်လာခဲ့ပါကြောင်း၊ ထိုသို့ အကြောင်းအချင်းအရာ ဖြစ်ပေါ်လာသည့်အလျောက် ဤသဘာဝဘေးကာကွယ်နိုင်ရေး နှင့်စပ်လျဉ်းပြီး မိမိတို့လုပ်ငန်းဆိုင်ရာ လုပ်နည်းစဉ်များနှင့်အညီ သက်ဆိုင်ရာ ဆည်မြောင်း တာတမံများတွင်လည်း လိုအပ်သည့်အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေ ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
