ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်တွင် အ.ထ.က (ခွဲ) ကျောင်း မှ အ.ထ.က အဖြစ် ၂၀၁၇ ခုနှစ်တွင် ၂ ကျောင်း၊ ၂၀၁၈ ခုနှစ်တွင် ၁ ကျောင်း တိုးမြှင့်ပေးခဲ့ပါကြောင်း၊ ပညာရေးဝန်ကြီး၏ လွှတ်တော်တွင်းတွင် ကျောင်းအဆင့်တိုးခြင်းနှင့် ပတ်သက်၍ အထက်တန်းကျောင်းသား ဦးရေ ၂၀၀ ကျော်လျှင် သော်လည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ၁၀ မိုင် အထက်ကွာဝေးလျှင် သော်လည်းကောင်း တိုးမြှင့်ပေးနိုင်ကြောင်း ပြောထားသည်ကိုလည်း သိရှိရပါကြောင်း၊ ကျောင်းသားဦးရေ ၂၀၀ ကျော် ဆိုသော အချက်ကရှင်းလင်းပါသော်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ၁၀ မိုင် အထက်ဆိုသော အချက်မှာ ကုန်းလမ်းလား၊ ကုန်းလမ်းမရှိသည့် ရေလမ်းဖြင့် သွားနေရသော နေရာများတွင် ၁၀ မိုင်အထက်လား ဆိုသည်ကို သေချာမသဲကွဲပါကြောင်း၊ သို့သော် လက်ရှိမြို့နယ်တွင် ဖြစ်နေသည်နှင့် လုံးဝလွဲနေသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ လက်ရှိအစိုးရ လက်ထက်တွင် တိုးမြှင့်ပေးထားသော အ.ထ.က (၁) (၂) (၃) ကျောင်းတွင် ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တွင် တိုးမြှင့်ထားသည့် အ.ထ.က သုံးကျောင်းဖြစ်ပြီး နံပါတ် (၄) (၅) (၆) က မတိုးဘဲ ကျန်ရှိနေသည့် ကျောင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် လက်ရှိနံပါတ် (၁) (၂) (၃) တွင် နံပါတ် (၁) ဖြစ်သော အထက်တန်းကျောင်းတွင် ကျောင်းသားဦးရေ ၁၁၄ ယောက်၊ နံပါတ် (၂) ဖြစ်သော ကျောင်းတွင် ကျောင်းသားဦးရေ ၁၃၇ ယောက်၊ နံပါတ် (၃) ကျောင်း အ.ထ.ကတွင် ကျောင်းသား ဦးရေ ၈၅ ယောက်ရှိပါကြောင်း၊ မတိုးဘဲကျန်ရှိသော အ.ထ.က (ခွဲ) သုံးကျောင်းက နံပါတ် (၄) ဖြစ်သော အ.ထ.က (ခွဲ) လူပျိုတော်ကွင်းကျောင်းက အထက်တန်းကျောင်းသားဦးရေ ၂၀၆ ဦး ရှိပါကြောင်း၊ အ.ထ.က (ခွဲ) ချင်းကုန်းကျောင်းက ၁၄၄ ဦး ရှိပါကြောင်း၊ နံပါတ် (၆) ဖြစ်သော အ.ထ.က (ခွဲ) ဇောင်းတန်းတွင် ကျောင်းသားဦးရေ ၁၈၉ ဦး ရှိပါကြောင်း၊ ဖေါ်ပြခဲ့သည့်အတိုင်း အ.ထ.က တိုးမြှင့်ပေးထားသော ကျောင်းသုံးကျောင်း၏ အထက်တန်း ကျောင်းသားဦးရေစာရင်းထက် ကျန်နေသော အ.ထ.က (ခွဲ) ကျောင်းသုံးကျောင်း၏ ကျောင်းသားဦးရေစာရင်းက ပိုများနေပါကြောင်း၊ အ.ထ.က သုံးကျောင်း၏ လမ်းပန်းဆက်သွယ်ရေးကလည်း အ.ထ.က တိုးမြှင့်ပေးထားသော ကျောင်းသုံးကျောင်း၏ လမ်းပန်းဆက်သွယ်ရေးတွင်လည်း ရာသီမရွေးကား/ဆိုင်ကယ် သွားလို့ရသည့် ကျောက်ချောလမ်းပေါ်တွင် သုံးကျောင်းလုံး တည်ရှိပါကြောင်း၊ တစ်ကျောင်းနှင့်တစ်ကျောင်း အကွာအဝေးမှာလည်း ဖော်ပြထားသည့် နံပါတ် (၁) ကျောင်းနှင့် နံပါတ် (၂) ကျောင်း၊ ဤကျောင်းနှစ် ကျောင်းသည် နှစ်မိုင်ခွဲခန့်သာ ကွာဝေးပြီး နံပါတ် (၂) ကျောင်းနှင့် နံပါတ် (၃) ကျောင်းတွင် တစ်မိုင်ခွဲခန့်သာ ကွာဝေးပါကြောင်း၊ နံပါတ် (၄) အ.ထ.က (ခွဲ) လူပျိုတော်ကွင်း ကျောင်းတွင် အထက်တန်း ကျောင်းသားဦးရေ ၂၀၆ ဦးရှိပြီး အနီးဆုံး အ.ထ.က ကျောင်းနှင့် ၅ မိုင်ခန့် ကွာဝေးပါကြောင်း၊ နှစ်မိုင်ခွဲခန့်တွင် လမ်းမကောင်းပါကြောင်း၊ လမ်းပေါ်တွင်ရှိသော တံတားတစ်စင်း မှာလည်း အလွန်ပျက်စီးနေသည့်အတွက် အန္တရာယ်များပါကြောင်း၊ ကျောင်းသားဦးရေ ၂၀၀ ကျော် သည့်အတွက် ဝန်ကြီးဌာန၏ သတ်မှတ်ချက်နှင့်လည်း ကိုက်ညီသည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ နံပါတ် (၅) အ.ထ.က (ခွဲ) ချင်းကုန်းတွင် တစ်ချိန်တုန်းက အောင်ချက်အကောင်းဆုံး ကျောင်း ဖြစ်ခဲ့ပါကြောင်း၊ အ.ထ.က (ခွဲ) ကျောင်းသက် ၁၉ နှစ်ရှိပြီဖြစ်ပြီး အနီးဆုံး အ.ထ.က ညောင်ကျိုးနှင့် ၅ မိုင်ခန့်ကွာဝေးသော်လည်း ကုန်းလမ်းမဟုတ်ပါကြောင်း၊ ရေလမ်းဖြစ်ပြီး ၎င်းဒေသသည် ဧရာဝတီမြစ် နှင့် ငဝံမြစ်တို့ ဆုံသည့်နေရာကို ဖြတ်သွားရသည့်အတွက်လည်း အန္တရာယ်အလွန်များသော နေရာဖြစ်ပါကြောင်း၊ ၎င်းဒေသ၏ ကုန်းလမ်းဆိုသည်မှာ ရေကျသွားသည့်အချိန် တောင်သူ လယ်သမားများ စိုက်ပျိုးထားသည့် ကိုင်းကွင်းထဲတွင် ဖြတ်သွားရသည့်လမ်း ဖြစ်ပါကြောင်း၊ လမ်းဟုပင် သတ်မှတ်၍ မရပါကြောင်း၊ ထို့ကြောင့် ကျောင်းသားဦးရေ မပြည့်မီသော်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ပင်မကျောင်းကို ရေလမ်းအရ ၅ မိုင်လျော့ တစ်နာရီခွဲခန့် သွားရ၍ အဆင့်တိုးသင့်သည့်ကျောင်း ဖြစ်ပါကြောင်း၊ မိမိတို့ လွှတ်တော်နားရက်တွင် သွားရောက်စစ်ဆေး ခဲ့ပါကြောင်း၊ နောက်ထပ်အခြေခံပညာ အထက်တန်းကျောင်း လက်ကြားကုန်းရှိ အလယ်တန်းကျောင်း ကလည်း အ.ထ.က (ခွဲ) အဆင့်ကို တိုးခဲ့သည့်ကိစ္စတွင် အ.က.က (ခွဲ) ချင်းကုန်းကဲ့သို့ လမ်းပန်း ဆက်သွယ်ရေးခက်ခဲပြီး ရေလမ်းဖြင့်သွားရပြီး ပင်မကျောင်း အ.ထ.က ညောင်ကျိုးနှင့် ရှစ်မိုင်ခန့် ကွာဝေးသည့် အ.လ.က လက်ကြားကုန်းကျောင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် အင်္ဂပူမြို့နယ်ရှိ အ.ထ.က (ခွဲ) လူပျိုတော်ကွင်း ကျောင်းနှင့် အ.ထ.က (ခွဲ) ချင်းကုန်းကျောင်း (၂) ကျောင်းအား အ.ထ.ကအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပြီးခဲ့သည့်နှစ်က ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်တွင် အခြေခံပညာမူလတန်း ကျောင်းခွဲပေါင်း တစ်ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း ၂ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း ၆ ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း ၁ ကျောင်း စုစုပေါင်း အခြေခံပညာ ကျောင်းပေါင်း ၁၂ ကျောင်း တိုးမြှင့်ခဲ့ပါကြောင်း၊ ဖော်ပြပါ ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ လူပျိုတော်ကွင်း အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တွင် အထက်တန်းအဆင့်သင် ကျောင်းသား/သူ ၂၀၆ ဦး၊ အနီးဆုံးအထက်တန်းဆင့်သင် ကျောင်းဖြစ်သော ကွင်းကောက်အခြေခံပညာ အထက်တန်း ကျောင်းနှင့် ငါးမိုင်ခန့်၊ ချင်းကုန်းအခြေခံပညာ အထက်တန်းကျောင်းခွဲတွင် အထက်တန်းဆင့်သင် ကျောင်းသား/သူ ၁၄၃ ဦးသာရှိပြီး အနီးဆုံး အထက်တန်းဆင့်သင် ကျောင်းဖြစ်သော ညောင်ကျိုး အခြေခံပညာ အထက်တန်းကျောင်းနှင့် ခြောက်မိုင်ခန့် အသီးသီးကွာဝေးသည်ကို တွေ့ရှိရပါကြောင်း၊ ကျောင်းများအနက်မှ အင်္ဂပူမြို့နယ်၊ လူပျိုတော်ကွင်း အခြေခံပညာ အထက်တန်းကျောင်းခွဲကို ၂၀၁၉-၂၀ ခုနှစ်တွင် ကျောင်းအဆင့်တိုးမြှင့်ရေး ဆောင်ရွက်ပေးမည်ဖြစ်ပြီး ချင်းကုန်းအခြေခံပညာ အထက်တန်းကျောင်းခွဲတွင် ဦးစားပေးအစီအစဉ်တွင်ပါရှိခြင်း မရှိသေးပါကြောင်း၊ အဆိုပါနှစ်ကျောင်းလုံးသည် လက်ရှိတွင် အခြေခံပညာအထက်တန်း ကျောင်းခွဲများ ဖြစ်နေသည့်အတွက် အထက်တန်းဆင့် ပညာရပ်များ သင်ကြားမှု အခွင့်အလမ်း ရရှိနေပါကြောင်းနှင့် မိမိပထမမေးခွန်းတွင် ဖြေကြားခဲ့သည့်အတိုင်း အဆင့်ဆင့် ဆောင်ရွက်သည့် အခါတွင် မြေပြန့်၊ တောင်ပေါ်၊ ပြည်နယ်၊ ပြည်မမည်သည့်နေရာမှ မကြွင်းမကျန်ဘဲ လိုအပ်သည့်အတိုင်း မိမိတို့ဆက်လက် တိုးမြှင့်ဆောင်ရွက်ရေး စီစဉ်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးအေးဝင်း (အင်္ဂပူမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
နံပါတ် (၁) (၂) (၃) ကျောင်းတိုးထားသည်မှာ ကျောင်းသားဦးရေလည်း ၂၀၀ မပြည့်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးသည်လည်း ကျောက်ချောလမ်းဖြစ်သည့်အတွက် နွေမိုးဆောင်း သွားလာ၍ ရသည့်လမ်း ဖြစ်ပါကြောင်း၊ အဆိုပါ အ.ထ.က ချင်းကုန်းသည် ၎င်းကျောင်းများထက် ကျောင်းသားဦးရေ များပါကြောင်း၊ နောက်ပြီး နံပါတ် (၁) ကျောင်းက ၁၁၄ ယောက်၊ နံပါတ် (၂) ကျောင်းက ၁၃၇ ယောက်၊ နံပါတ် (၃) က အ.ထ.က ၈၅ ယောက်သာ ရှိပါကြောင်း၊ အဆိုပါ ကျောင်းများသည် လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းမွန်ခြင်း၊ ကျောင်းသားဦးရေလည်း နည်းနေခြင်းကို အဆင့်တိုးပေးပြီး ယခုလို လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲခြင်း၊ ကျောင်းသားဦးရေလည်း များနေသည့်ကျောင်းအား မည်သည့်အတွက်ကြောင့် တိုးမပေးသည်ကို သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ရှေးဦး ကျောင်းများအနေဖြင့် အမှုတွဲတင်ပြစဉ် စစ်ဆေးချိန်တွင် တွေ့ရှိချက်၊ သုံးသပ်ချက်များအရ အဆင့်တိုးမြှင့် ဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း၊ တစ်ခုကို အဆင့်တိုးပေးပြီး နောက်တစ်ခုကို မတိုးရဆိုတာ မရှိပါကြောင်း၊ ကိုယ်စားလှယ်တော်ကြီး အနေဖြင့် အဆင့်တိုးပြီးသား ကျောင်းများအပေါ် မုဒိတာပွားပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း၊ ကိုယ်စားလှယ်တော်ကြီး တင်ပြသည့် ကျောင်းများထဲမှ တစ်ကျောင်းကို ရှေ့နှစ်တိုးပေးပါမည် နောက်တစ်ကျောင်းလည်း မိမိတို့ ဆက်လက်ဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။
