(ဂ)-ရွာငံမြို့နယ်အတွင်းရှိ ယကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် ကျောက္ကူပြင် ကျေးရွာအခြေခံပညာ အထက်တန်းကျောင်း(ခွဲ) တို့အား အခြေခံပညာအထက်တန်းအဆင်‌့သို့ တိုးမြှင်‌့ပေးပါရန် အစီအစဉ်ရှိ/မရှိနှင်‌့ စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ (၂၀.၂.၂၀၁၉)

 

ပထမမေးခွန်းအနေဖြင့် ရွာငံမြို့နယ် ယကြီးကျေးရွာအုပ်စု၊ ယကြီးကျေးရွာ အခြေခံပညာ အလက်တန်းကျောင်းသည် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)သို့ အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင်‌့ရရှိခဲ့ပါကြောင်း၊ ယခုအခါ ယကြီးအခြေခံပညာ အထက်တန်းကျောင်း(ခွဲ) သည် အနီးပတ်ဝန်းကျင်ကျေးရွာ ၁၄ ရွာကို ကျောထောက်နောက်ခံပြု၍ အလယ်တန်းကျောင်းနှစ်ကျောင်း၊ မူလတန်းလွန်ကျောင်း တစ်ကျောင်းနှင့် မူလတန်းကျောင်း ငါးကျောင်းတို့က မှီခိုအားထားရသော ကျောင်းတစ်ကျောင်းဖြစ်ပါကြောင်း၊ ကျောင်းသားဦးရေမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်လာကာ ၂၀၁၈-၁၉ ပညာသင်နှစ်တွင် ကျောင်းသားဦးရေ ၄၂၉ ဦးအထိ ပညာသင်ကြားလျက်ရှိပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်မှုတွင်လည်း ရွာငံမြို့နယ် အဆင်‌့တွင် ကောင်းမွန်သောရလဒ်ဖြင့် ကြိုးစားဆောင်ရွက်နေသော ကျောင်းတစ်ကျောင်း ဖြစ်ပါကြောင်း၊ ယကြီးအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)သည် ပင်မကျောင်းဖြစ်သော မြင်းကျဒိုး အခြေခံပညာအထက်တန်းကျောင်းနှင်‌့ ခုနစ်မိုင်ကွာဝေးပါကြောင်း၊ ဒေသခံပြည်သူများ ကလည်း ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ဝိုင်းဝန်းဆောင်ရွက် ပေးကြမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယကြီးအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)အား အဆင့်တိုးမြှင်‌့ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း၊

ဒုတိယမေးခွန်းအနေဖြင့် ရွာငံမြို့နယ် ကျောက္ကူပြင်ကျေးရွာအုပ်စု၊ ကျောက္ကူပြင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) သည် ၂၀၁၆-၁၇ ပညာသင်နှစ်တွင် အဆင့်တိုးမြှင့် ဖွင့်လှစ်ခဲ့ပါကြောင်း၊ ကျောက္ကူပြင်အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) မှာ ကျေးရွာအုပ်စု တစ်စု၊ ကျေးရွာပေါင်း ၁၃ ရွာ ကျောထောက်နောက်ခံပြု၍ အခြေခံပညာမူလတန်းလွန် ကျောင်းတစ်ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း သုံးကျောင်း၊  အခြေခံပညာမူလတန်း ကျောင်း ခြောက်ကျောင်းတို့မှ စုစုပေါင်းကျောင်းသားကျောင်းသူ ၁၇၃၆ ဦးရှိပါကြောင်း၊ ရွာငံမြို့နယ်နှင့် ခြောက်မိုင်၊ ရေဦးမြို့နယ်နှင်‌့ သုံးမိုင်ကွာဝေးပြီး ပင်မကျောင်းဖြစ်သော ရေဦးအခြေခံပညာအထက်တန်းကျောင်းနှင့် သုံးမိုင်ကျော်ကွာဝေးပါကြောင်း၊ ကျောင်းသား ကျောင်းသူများ သွားရေးလာရေးအတွက် အခက်အခဲများစွာဖြင့် ရင်ဆိုင်နေရပါကြောင်း၊ နိုင်ငံတော်ကချမှတ်ထားသော ပညာရေးစီမံကိန်း အောင်မြင်စေရန် ကျောက္ကူပြင်ကျေးရွာအုပ်စုရှိ ကျောင်းအကျိုးတော်ဆောင်များ၊ မိဘဆရာအသင်း ရပ်မိရပ်ဖများက စိတ်ပါဝင်စားစွာ ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ကျောက္ကူပြင်ကျေးရွာရှိ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)အား အခြေခံပညာအထက်တန်းအဆင်‌့သို့ အဆင့်တိုးမြှင်‌့ပေးပါရန် တင်ပြလိုပါ ကြောင်း၊

သို့ဖြစ်ပါ၍ ရွာငံမြို့နယ်အတွင်းရှိ ယကြီးအခြေခံပညာအထက်တန်းကျောင်း(ခွဲ) နှင့် ကျောက္ကူပြင် အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) တို့အား အထက်တန်းအဆင်‌့သို့ တိုးမြှင်‌့ပေးပါရန် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြီးခဲ့သည့်နှစ်အတွင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် အခြေခံပညာကျောင်း ပေါင်း  ၆.၈၆ ကျောင်း အဆင့်တိုးမြှင့်ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ် ရွာငံမြို့နယ်အတွင်း အခြေခံပညာမူလတန်းကျောင်း(ခွဲ) တစ်ကျောင်း၊ အခြေခံ ပညာမူလတန်းကျောင်း တစ်ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း ကိုးကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) တစ်ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း ခြောက် ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း တစ်ကျောင်း စုစုပေါင်းအခြေခံပညာအဆင့် ကျောင်းပေါင်း ၁၉ ကျောင်း ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)မှ အခြေခံပညာအထက်တန်းကျောင်းအဖြစ်သို့ အဆင်‌့တိုးမြှင်‌့ပေးရန် ဦးစားပေး အနေဖြင့် သတ်မှတ်မှုများမှာ အထက်အဆင်‌့သင်ကျောင်းသားကျောင်းသူ ၂၀၀ ဦးနှင်‌့အထက်ရှိခြင်း၊ သွားလာရေးခက်ခဲသော တောင်တန်း၊ မြစ်၊ ချောင်းပေါများသည့် ဒေသများဖြစ်ပါက အနီးဆုံးအထက်တန်းအဆင်‌့သင်ကျောင်းနှင့် ၁၀ မိုင်အထက်ကွာဝေးခြင်းတို့ သတ်မှတ်ထားပါကြောင်း၊ ဖော်ပြပါ ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ ယကြီးအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် အထက်တန်းအဆင်‌့သင် ကျောင်းသားကျောင်းသူ ၁၆၈ ဦးသာ ရှိပါကြောင်း၊ အနီးဆုံး အထက်တန်းအဆင်‌့သင်ကျောင်းဖြစ်သော မြင်းကျဒိုးအခြေခံပညာ အထက်တန်းကျောင်းနှင့် ခုနစ်မိုင်၊ ကျောက္ကူပြင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) တွင် အထက်တန်းအဆင်‌့သင် ကျောင်းသူကျောင်းသား ၇၈ ဦးသာရှိသည့်အပြင် အနီးဆုံး အထက်တန်းအဆင့်သင်ဖြစ်သော ရေဦးအခြေခံပညာ အထက်တန်းကျောင်းနှင့် ၃ မိုင်ခန့်သာ အသီးသီးကွာဝေးသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ ရွာငံမြို့နယ် ယကြီးအခြေခံပညာ အထက်တန်းကျောင်း(ခွဲ) နှင့် ကျောက္ကူပြင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) တို့အား သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသေးပါ၍ ယခုလာမည့်နှစ်တွင် ဦးစားပေးကျောင်းအနေဖြင့် အဆင်‌့တိုးမြှင်‌့ပေးရန် အစီအစဉ်မရှိပါကြောင်းနှင်‌့ လက်ရှိတွင် ကျောင်းသူကျောင်းသားများ အနေဖြင့် အခြေခံပညာအထက်တန်းပညာရပ်များကို သင်ယူနိုင်မှု အခွင့်အလမ်းရှိနေပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

 

ဦးအောင်စိုးမင်း (ရွာငံမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

အ.ထ.က(ခွဲ)မှ အ.ထ.က ကို ကျောင်းအဆင်‌့တိုးသည့် သတ်မှတ်ချက်မူတွင် အထက်ဆင်‌့ ကျောင်းသားဦးရေ ၂၀၀ ဟုသတ်မှတ်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော နေရာများ ကို ၁၀ မိုင်ဟု သတ်မှတ်ပါကြောင်း၊ ထိုသို့ဆိုပါက မိမိတို့ တောင်ပေါ်ဒေသများ၊ တိုင်းရင်းသား ဒေသများဆိုသည်မှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲကြောင်း၊ ရာသီဥတုဆိုးရွားကြောင်း၊ ဤ အခြေအနေတွင် မည်သည့်အခါမျှ အထက်ဆင့်မရနိုင်သည့် အခြေအနေရှိပါကြောင်း၊ ထို့ကြောင့် ကျောင်းများမှာ လ(ခွဲ)တို့ မူလွန်ဟု သတ်မှတ်ချက်မှာ နှစ်မိုင်နှင်‌့ သုံးမိုင် သတ်မှတ်ပေးထား ပါကြောင်း၊ ထ(ခွဲ) မှ အ.ထ.က ကို အဆင့်တိုးမြှင့်သည့် သတ်မှတ်ချက်မှာ နောင်နှစ်များတွင် သတ်မှတ်မိုင်ကို ဖြေလျော့ပေးပြီး တိုင်းရင်းသားဒေသများ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်ဒေသများတွင် ဦးစားပေး၍ နောင်နှစ်များတွင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း ဆက်စပ်မေးမြန်းပါသည်။

 

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း

ကိုယ်စားလှယ်တော်ကြီး တင်ပြချက်ကို မိမိတို့ဝန်ကြီးဌာနအနေဖြင့် လက်ခံပါကြောင်း၊ ၁၀ မိုင်ဆိုသည်မှာ တောင်တန်း၊ ချိုင်‌့ဝှမ်းရှိလျှင် မြေပြန့်ခရီးနှင့်မတူဘဲ အလွန်ခက်ခဲပါကြောင်း၊ ထိုနည်းတူစွာ ဧရာဝတီတိုင်းဒေသကြီးဆိုလျှင် ၁၀ မိုင်ဆိုသည်မှာ ကြားတွင် မြစ်ကြား၊ ချောင်းကြားရှိလျှင်လည်း အလွန်ခက်ခဲပါကြောင်း၊ သို့သော် မိမိတို့အစိုးရသစ် တက်လာပြီး နောက်တွင် အများပြည်သူ၏ဆန္ဒ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ တင်ပြချက်၊ ပညာရေး လိုအပ်ချက်များနှင့်အညီ ကျောင်းအဆင်‌့တိုးခြင်းလုပ်ငန်းများကို ပထမဦးဆုံးနှစ်တွင် ကျောင်းပေါင်း ၃၀၀၀ ကျော်၊ ဒုတိယနှစ်တွင် ကျောင်းပေါင်း ၆၀၀၀ ကျော် ဘဏ္ဍာငွေ စွမ်းအားရှိသမျှ တိုးမြှင်‌့ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ပေးသည့်အခါ ကိုယ်စားလှယ်တော်ကြီးများ ဤဆောင်ရွက်ပြီးစီးမှုကို ပြန်လည်လေ့လာမည်ဆိုလျှင် ရှေ့ပိုင်းနှစ်များတွင် မူလတန်းအဆင့်သင်ကျောင်းများကို ကြွင်းကျန်မှုမရှိအောင် အထူးဂရုပြုပြီး ဆောင်ရွက်ပေးခဲ့သည့်အတွက် ကိုယ်စားလှယ်တော်ကြီး တင်ပြသကဲ့သို့ နှစ်စဉ်ကျောင်းဝင်နှုန်း လည်း သိသာစွာတိုးလာပါကြောင်း၊ တိုးလာသည့်အတွက် ယခုနှစ်ဆိုလျှင် အလယ်တန်းကျောင်း အဆင်‌့များကို ဦးစားပေးဆောင်ရွက်ခြင်းကို စီစဉ်ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ အလယ်တန်း အဆင်‌့များ ပြည့်စုံသွားပါက ဆက်လက်ပြီး အထက်တန်းအဆင့်များကို ကိုယ်စားလှယ်တော်ကြီး တင်ပြသကဲ့သို့ တောင်ပေါ်၊ မြေပြန့် မကြွင်းမကျန်ရအောင် အားလုံးဘဏ္ဍာငွေ ခွင့်ပြုသည် နှင့်အညီ ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။