တမူးခရိုင်အတွင်း အလှော်ကျေးရွာ၊ ပွတ်တာကျေးရွာနှင့် မင်းသမီးကျေးရွာတို့သည် ၂၀၁၅ ခုနှစ် ရေကြီးရေလျှံမှုတွင် ရွာလုံးကျွတ်ရေနစ်မြုပ်ခဲ့ပြီး ကျေးရွာသစ်များအဖြစ် နေရာသစ်တွင် ဖော်ထုတ်တည်ဆောက် ခဲ့ရပါကြောင်း၊ ယခုအခါ ရေ၊ မီး၊ လမ်း၊ နေအိမ်၊ အဆောက်အဦများကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးဖြစ်သဖြင့် နေထိုင်ရေးအဆင်ပြေ ကြသော်လည်း ကျေးရွာနေပြည်သူများအတွက် အိမ်ရာတိုးချဲ့ရန်ကိစ္စ၊ လယ်ယာမြေတိုးချဲ့ ဖော်ထုတ်ရန် ကိစ္စတို့မှာ ကျေးရွာနယ်နိမိတ် သတ်မှတ်မှုအား အတည်ပြုချက်များ မရရှိသရွေ့ အခက်အခဲအချို့ ရှိနေပါကြောင်း၊ ကျေးရွာနေပြည်သူများမှ ကျေးရွာနယ်နိမိတ် အတည်ပြုချက် ရရှိမှသာ အနီးရှိကျေးရွာများနှင့် မြေနေရာကိစ္စရပ်များအား ရှင်းရှင်းလင်းလင်း ဆောင်ရွက်နိုင်မည် ဖြစ်သည့်အတွက် အလှော်ကျေးရွာ၊ ပွတ်တာကျေးရွာနှင့် မင်းသမီးကျေးရွာတို့၏ ကျေးရွာနယ်နိမိတ် သတ်မှတ်ပေးရန် ကိစ္စအား သက်ဆိုင်ရာဝန်ကြီးဌာနက မည်သို့စီမံဆောင်ရွက် ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
တမူးခရိုင်၊ တမူးမြို့နယ်အတွင်း ၂၀၁၅ ခုနှစ် ဇူလိုင်လနှင့် သြဂုတ်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သဘာဝဘေးအန္တရာယ် ကြုံတွေ့ခဲ့ရပြီး အလှော်ကျေးရွာ၊ ပွတ်တာကျေးရွာ၊ မင်းသမီးကျေးရွာတို့မှာ မူလကျေးရွာများမှ မြေနေရာသစ်များဖြစ်သည့် အလှော်ကျေးရွာအတွက် အင်းဒိုင်းကျေးရွာ အုပ်စုမှ မြေရိုင်းဧရိယာ ၅၀.၁၁ ဧကကိုလည်းကောင်း၊ ပွတ်တာကျေးရွာအတွက် ခမိတ်ကျေးရွာအုပ်စုမှ မြေရိုင်းဧရိယာ ၆၁.၉၈ ဧကိုလည်းကောင်း၊ မင်းသမီးကျေးရွာအတွက် ရွာသာကျေးရွာ အုပ်စုမှ ကျေးရွာနယ်နိမိတ်တိုးချဲ့ ပြင်ဆင်ဖွဲ့စည်းနိုင်ရေး အတွက်ကို လုပ်ထုံး လုပ်နည်းများနှင့်အညီ တမူးခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကနေပြီး စစ်ကိုင်းတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို အမှုတွဲဖွင့်လှစ်ပြီး တင်ပြခဲ့ပါကြောင်း၊ မင်းသမီး ကျေးရွာအတွက် ရွာသာကျေးရွာ အုပ်စုမှ ၁၄၁.၄၇ ဧက ဖြစ်ပါကြောင်း၊ ဖော်ထုတ်ပြောင်းရွှေ့နေထိုင်ရန် အတွက်ကိုလည်း ကျေးရွာနယ်နိမိတ်တိုးချဲ့ ပြင်ဆင်ဖွဲ့စည်းနိုင်ရေးကို တမူးခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကို ၄-၄-၂၀၁၈ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို အမှုတွဲဖွင့်လှစ် တင်ပြထားပါကြောင်း၊ အဆိုပါပြောင်းရွှေ့ ဖွဲ့စည်းမည့် မြေနေရာများသည် မြေလွတ်၊ မြေလပ်၊ မြေရိုင်းအမျိုးအစားတွင် ပါဝင်ပြီး ပြင်ဆင်တိုးချဲ့မည့် မြေနေရာတွင် ၅၀ ဧက ထက်ပိုမိုသည့်အတွက်ကြောင့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟို ကော်မတီ၏ ခွင့်ပြုချက်ရရှိရေး ညွှန်ကြားမှုပြုနိုင်ပါရန် တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ၂-၅-၂၀၁၈ ရက်စွဲပါစာဖြင့် အမှုတွဲများ ပူးတွဲလျက် တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြထားရှိပါကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၁၃-၃-၂၀၁၇ ရက်စွဲပါ စာအမှတ်ဖြင့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ လျှောက်ထားသည့် နည်းလမ်းအတိုင်း အသုံးပြုမည်ဆိုလျှင် ကန့်ကွက်ရန်မရှိကြောင်းကို နိုင်ငံတော်သမ္မတရုံးသို့ ထောက်ခံတင်ပြထားခဲ့ပြီး ဖြစ်ကြောင်းကိုလည်း သိရှိရပါသည်။ သို့ဖြစ်ပါ၍ တမူးမြို့နယ်အတွင်းရှိ အလှော်၊ ပွတ်တာနှင့်မင်းသမီး ကျေးရွာများအတွက် ရွာနယ်နိမိတ်သတ်မှတ် ပေးရန် ကိစ္စနှင့်စပ်လျဉ်းပြီး မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်ခွင့်ပြုချက် ရရှိမှသာ ခရိုင်၊မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စုကျေးရွာ တိုးချဲ့ပြင်ဆင် ဖွဲ့စည်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် အညီ တိုင်းဒေသကြီးအဆင့်သို့ တင်ပြပြီး ဆက်လက်ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားပါသည်။
