(ဂ)-လားရှိုးမြို့ မြို့တွင်းလမ်းတိုးချဲ့ပေးစေလိုမှု၏ ဆက်စပ်မေးခွန်းဖြေကြားချက်နှင့်ပတ်သက်၍ ဆောင်ရွက်ပေးနိုင်မှုအပေါ် သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၁၅.၂.၂၀၁၉)

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၅-၈-၂၀၁၆ ရက်နေ့တွင် မိမိမဲဆန္ဒနယ် လားရှိုး၏ မြို့တွင်းလမ်းများ တိုးချဲ့ပြုပြင်ပေးရန် ကြယ်ပွင့်ပြမေးခွန်း မေးမြန်း ခဲ့ပါကြောင်း၊ မေးခွန်းနှင့်စပ်လျဉ်း၍ ရှမ်းပြည်နယ်အစိုးရ၏ ဖြေကြားချက်နှင့်ပေါင်းစပ်ပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာနက ယခင်ပြည်ထောင်စုဝန်ကြီးမှ လာရောက်ဖြေကြား ပေးခဲ့ပါကြောင်း၊ ဆက်စပ်မေးခွန်းနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရ၏ ဖြေကြားချက်ကိုလည်း ဆောက်လုပ်ရေး ဝန်ကြီးဌာနက ရုံးစာဖြင့် ပြန်လည်ဖြေကြား ပေးပို့လာပါကြောင်း၊ ဖြေကြားချက်ကို အနည်းငယ် တင်ပြရမည်ဆိုလျှင် မြို့တွင်းလမ်းပိုင်းဖြစ်သည့် မြို့တော်ခန်းမ အဝိုင်းလမ်းဆုံမှ အေတီတံတားအထိ လမ်းပိုင်းတွင် ပြည်ထောင်စုဝန်ကြီးဌာန စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် လမ်းပိုင်းဖြစ်ပြီး Oriental Highway Company ကို B.O.T စနစ်နှင့် ချပေးထားသော လမ်းဖြစ်ပါကြောင်း၊ ယင်းကုမ္ပဏီအနေနှင့် လားရှိုးမြို့ရှောင်လမ်း ဖောက်လုပ်ပေးထားခဲ့ရသည့်အတွက် ၂၀၁၆-၁၇ ခုနှစ်အတွင်း မြို့တွင်းလမ်းကို တိုးချဲ့ဆောင်ရွက်ရန် အစီအစဉ်မရှိပါကြောင်း ရုံးစာဖြင့်ပြန်ကြားခဲ့ခြင်း ဖြစ်ပါကြောင်း၊ ဖော်ပြပါ လမ်းပိုင်းသည်  မြို့လယ်ကောင် လမ်းမကြီးဖြစ်နေခြင်း၊ လမ်းတစ်လျှောက် အိမ်၊ ဆိုင်များနှင့် ပြည့်နှက်နေခြင်း၊ အဝေးပြေးယာဉ်ရပ်နားစခန်း ရှိနေခြင်း၊ ဘုရားများ၊ ကျောင်းများနှင့်ကပ်လျက် ဖြတ်သန်းသွားလာရသည့် လမ်းဖြစ်နေခြင်းတို့ကြောင့် လားရှိုးမြို့၏ အရှုပ်ထွေးဆုံး လမ်းတစ်လမ်း ဖြစ်ပါကြောင်း၊

သမိုင်းဝင်မာန်စူဘုရားကြီး၊ မာန်စူဈေးလည်းရှိပြီး လမ်းတစ်လျှောက်တွင် အိမ်ဆိုင်၊ ဟိုတယ်၊ တည်းခိုခန်း၊ ကားဂိတ်၊ ထမင်းဆိုင်၊ စတိုးဆိုင်စသည်တို့ဖြင့် အမြောက်အမြား ရှိပါကြောင်း၊ ထို့ကြောင့် မော်တော်ယာဉ်များနှင့် အမြဲရှုပ်ထွေးသော လမ်းဖြစ်ပါကြောင်း၊ ယာဉ်ကြောပိတ်ဆို့နေမှုများ ရှိပါကြောင်း၊

ဤမေးခွန်းကို မေးခဲ့သည်မှာ ယနေ့ဆိုလျှင် နှစ်နှစ်ခွဲတိတိကြာခဲ့ပြီ ဖြစ်ပါကြောင်း၊ B.O.T ကုမ္ပဏီအနေနှင့် ၂၀၁၆-၁၇ ခုနှစ်အတွင်း အစီအစဉ်မရှိသေးပါဟု ဖြေထားပါကြောင်း၊ သို့သော်လည်း ရှေ့ကာလများတွင် ဆက်လက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိကို ပြည်သူများကလည်း သိရှိလိုကြပါကြောင်း၊ Oriental Highway Company အနေနှင့် မြို့ရှောင်လမ်း ဖောက်လုပ်ထားရ၍ ဤမြို့တွင်းလမ်းကို တော်ရုံတန်ရုံနှင့် မပြုပြင်နိုင်လျှင်လည်း လမ်းပိုင်းကို ပြည်ထောင်စုအစိုးရ အနေနှင့်သော်လည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအနေနှင့် သော်လည်းကောင်း တာဝန်ယူ ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊

ထို့ကြောင့် (၁) ဖော်ပြပါလမ်းပိုင်းကို ပြည်ထောင်စုဝန်ကြီးဌာန သို့တည်းမဟုတ် ရှမ်းပြည်နယ် အစိုးရတို့က Oriental Highway Company ထံမှ ပြန်လည်လွှဲပြောင်း ရယူပြီး တိုးချဲ့ပြုပြင် ပေးသွားရန် အစီအစဉ်ရှိပါသလား၊ (၂) အစီအစဉ်မရှိပါက ယာဉ်အသွားအလာ အဆင်ပြေစေရန် တစ်ခြားမည်သို့သော အစီအမံများဖြင့် ဆောင်ရွက်ပေးနိုင်ပါမည်၊ (၃) အစီအစဉ်ရှိပါက မည်သည့် အချိန်တွင် စတင်ဆောင်ရွက်မည်ဖြစ်ပြီး ထို့သို့ဆောင်ရွက်ရာတွင် လမ်းလယ်ကောင်ပိုင်းသို့ ရောက်ရှိလာတတ်သည့် ဓာတ်မီးတိုင်နှင့် တယ်လီဖုန်းတိုင်များ၊ ပလက်ဖောင်းနှင့် ရေမြောင်းများ စသည်တို့နှင့်သက်ဆိုင်သည့် ဝန်ကြီးဌာနများနှင့် တစ်ပြိုင်တည်း ညှိနှိုင်းပြောင်းရွှေ့ပေးနိုင်မည့် အစီအစဉ်ကိုပါ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကိုယ်စားလှယ်တော်ကြီး၏ မေးခွန်းသည် ယခုအချိန်တွင် မေးသည်မှာ ပင်မလမ်းကြီး(မိန်းလမ်းကြီး) တစ်ခုတည်းကို မေးသကဲ့သို့ ဖြစ်နေပါကြောင်း၊ သို့သော်လည်း မူလမေးခွန်းတွင်ပါသည့်အတိုင်း အဆိုပါလမ်းလေးခုကိုခြုံငုံ၍ ရှင်းလင်းတင်ပြသွားမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပထမခြောက်လပတ် ရန်ပုံငွေကျပ်၁၅.၇ သန်းဖြင့် လမ်းမတော်လမ်းမှ ဈေးလမ်းဆုံထိ လမ်းအရှည် ၉၂၀ ပေ ကို အကျယ် ၃၆ ပေ ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းအားလည်းကောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ဒုတိယ‌ခြောက်လပတ်ရန်ပုံငွေ ၄၁.၁ သန်းဖြင့် ရန်ကင်းလမ်းဆုံမှ ရေပန်းလမ်းဆုံအထိ လမ်းအရှည် ၁၃၆၀ ပေကို တစ်ဘက်လျှင် ၁၀ ပေစီချဲ့၍ အကျယ် ၄၆ ပေ ကတ္တရာလမ်းချဲ့ခြင်း လုပ်ငန်းအားလည်းကောင်း ဆောင်ရွက်ပြီးစီးပြီးဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဖြေခဲ့သည့်အဖြေပေါ်တွင် ဆောင်ရွက်ပြီးစီးမှု နံပါတ်(၁)ဖြစ်ပါကြောင်း၊ ထို့နောက် ရှမ်းပြည်နယ်(မြောက်ပိုင်း) ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် ပြည်နယ်ဆောက်လုပ်ရေး အဖွဲ့မှ စီမံခန့်ခွဲဆောင်ရွက်လျက်ရှိသည့် လားရှိုးဘူတာရုံလမ်း ၂ မိုင် ၂ ဖာလုံအနက်မှ ၁ မိုင်အား အကျယ် ၅၄ ပေအကျယ် နိုင်လွန်ကတ္တရာလမ်း အဖြစ်လည်းကောင်း၊ မိုင်တိုင်အမှတ်(၁) မှ (၂)ထိ ၁ မိုင် ၂ ဖာလုံအား အကျယ် ၄၄ ပေအကျယ် နိုင်လွန်ကတ္တရာလမ်းအဖြစ်လည်းကောင်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ၎င်းမှာလည်း ၂၀၁၆ ခုနှစ်ခန့်ကဖြေခဲ့သော ဆက်စပ်မေးခွန်းအဖြေကို ဆောင်ရွက်ပြီးစီးပြီးသည့် မှတ်တမ်း(၂)ဖြစ်ပါကြောင်း၊

လားရှိုးကြီးဘူတာရုံလမ်း မိုင်တိုင်အမှတ်(ဝ) မှ (၂/၃) အထိ ၂ မိုင် ၃ ဖာလုံအနက်မှ ၂ မိုင်              ၁ ဖာလုံအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေ ၁၅၈၆၅.၇၆၃ သန်း ဖြင့် ကတ္တရာလမ်းအကျယ် ၁၈ ပေတွင် အကျယ် ၃၆ ပေထိ တိုးချဲ့ခြင်း၊  ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း များ ဆောင်ရွက်ခြင်း၊ နိုင်လွန်ကတ္တရာလမ်းခင်းခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ဆောင်ရွက်ရန်ကျန်ရှိသော ၂ ဖာလုံကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေတွင် ထပ်မံတောင်းခံထားပါကြောင်း၊ ၎င်းမှာ  နံပါတ်(၃)ဖြစ်သော ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်ခန့်က ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဖြေကြားသည့် နံပါတ်(၃) ဆက်စပ်မေးခွန်း၏ ဆောင်ရွက်ထားရှိမှုအခြေအနေပင် ဖြစ်ပါကြောင်း၊

လားရှိုး-မန်စံ-နမ္မတူလမ်းတွင် ၂၈ မိုင် ၄ ဖာလုံရှည်လျားပြီး‌ လားရှိုး-မန်စံ-နမ္မတူလမ်းကြီးမှာ  ကိုယ်စားလှယ်တော်ကြီးပြောသည့် မိန်းလမ်းကြီးဖြစ်ပါကြောင်း၊ လမ်းကြီးမှာ စုစုပေါင်း လားရှိုးမြို့ထဲတွင် ၂၈ မိုင် ၄ ဖာလုံ ရှည်လျားပါကြောင်း၊ လားရှိုးမြို့တွင်းလမ်း(ဝ/၀) မှ (၁/၁/)အထိ လမ်းအထူးအဖွဲ့(၆)မှ တာဝန်ယူပါကြောင်း၊ ၎င်းလမ်းပိုင်းကို ကတ္တရာလမ်း အကျယ် ၂၂ ပေမှ အကျယ် ၂၈ ပေအထိ တိုးချဲ့ခြင်းလုပ်ငန်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ မိုင်တိုင်အမှတ်(ဝ) မှ (၇)အထိ ၇ ဖာလုံကို ၂၈ ပေအကျယ် နိုင်လွန်ကတ္တရာ ခင်းခြင်းအတွက် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်း ၅၀၀ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ကျန်ရှိသည့် ၂ ဖာလုံကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေတွင် ဖြည့်စွက် တင်ပြတောင်းခံသွားမည်ဖြစ်ပါကြောင်း၊

ဆက်စပ်မေးခွန်းတွင် သိန်းနီလမ်းဟုပါရှိသည့် လမ်းပိုင်းမှာ ယခုတင်ပြလာသည့်လမ်းပိုင်း ဖြစ်ပါကြောင်း၊ လားရှိုးမြို့တွင်း အပိုင်းဖြစ်ပါကြောင်း၊ မြို့တော်ခန်းမအဝိုင်းမှ အေတီတံတားအထိ ၁၇၂ မှ ၁၇၈ ထိ ၆ မိုင်ရှည်လျားသည့် လမ်းပိုင်းဖြစ်ပါကြောင်း၊ မြို့တွင်းလမ်းပိုင်းဖြစ်သည့်အတွက် ယာဉ်သွားလာမှုများလည်းများပြားပြီး‌ မော်တော်ယာဉ်များ ကြပ်တည်းရှုပ်ထွေးနေသည့်နေရာ ဖြစ်ပါကြောင်း၊ လက်ရှိ အကျယ် ၄၈ ပေ အကျယ် ကတ္တရာလမ်း ဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၊ ၎င်းလမ်းသည် Oriental Highway Company မှ B.O.T စနစ်နှင့် ဆောင်ရွက်သည့် လမ်းပိုင်းပေါ်တွင် တည်ရှိပါကြောင်း၊ ထို့ကြောင့် ဤလမ်းပိုင်းသည် မန္တလေးမှ လားရှိုးကိုဖြတ်ပြီး မူဆယ်အထိ ရောက်ရှိသွားသည့်လမ်းဖြစ်ပြီး အဆိုပါလမ်းပိုင်း တစ်လမ်းလုံးကို ၄၈ ပေချဲ့ရန်အတွက် ကုမ္ပဏီကို ဖိအားပေးထားသောကြောင့် မြို့တွင်းလမ်းများအားလုံး ၄၈ ပေချဲ့ပြီးပြီဖြစ်ကြောင်း၊ မြို့ပြင်လမ်းများ အားလုံး ၄၈ ပေချဲ့ပြီးသွားလျှင် မြို့တွင်းလမ်းပိုင်းကို AC ကတ္တရာပြန်ခင်းရန်အတွက် Oriental Highway Company ကို ထပ်မံအကြောင်းကြားထားပြီး ဖြစ်ပါကြောင်း၊ ထိုသို့မြှင့်တင်သည့်အခါ မိမိတို့ ညှိနှိုင်းဆက်သွယ်ရမည့် လျှပ်စစ်မီးတိုင်များ၊ ဆက်သွယ်ရေးတိုင်များ၊ စည်ပင်သာယာက ဆောင်ရွက်သည့် ပလက်ဖောင်းများ စသည်တို့ကို ရွှေ့ပြောင်းနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဝက်ဝံရွာမှ ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်အထိ စုစုပေါင်း ၂၀၅ မိုင်အရှည်ရှိပါကြောင်း၊ ၄၈ ပေ လေးလမ်းသွားလမ်းအဖြစ်နှင့် တစ်လမ်းလုံးကို ဆောင်ရွက်နေပြီ ဖြစ်ပြီး ဆောင်ရွက်ပြီးပါက ခန့်မှန်းခြေအားဖြင့် ၂၀၂၀ ခုနှစ်နောက်ပိုင်းကာလများတွင် လားရှိုးမြို့တွင်း လမ်း ယခုဖော်ပြပါလမ်းကို AC လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးသွားနိုင်ပြီ ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။