(ခ)-ပန်ဝါမြို့နှင့်ချီဖွေမြို့သို့ ဆက်သွယ်ထားသောလမ်းကို ခွဲကျောက်စီခင်းလမ်း ဖောက်လုပ်ခဲ့ပြီး ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ကွန်ကရစ်လမ်း သို့မဟုတ် ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၁၅.၂.၂၀၁၉)

ယခင်ငြိမ်းချမ်းရေး ရယူခဲ့သော ဒေသဖြစ်သည်‌့ ပန်ဝါမြို့နှင့်ချီဖွေမြို့သို့ ဆက်သွယ်ထားသော လမ်းကို ခွဲကျောက်စီခင်းလမ်း ဖောက်လုပ်ခဲ့ပြီး ယခုအချိန်တွင် လုံးဝပျက်စီးနေပါသဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကွန်ကရစ်လမ်း သို့မဟုတ် ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

 

တိုင်းရင်းသားများ နေထိုင်ရာဒေသ မတည်ငြိမ်မှုကြောင့် လမ်းပန်းဆက်သွယ်ရေး မကောင်းခဲ့၍ လူနေမှုဘက်စုံ ဆင်းရဲနွမ်းပါးမှု မြင့်မားနေခဲ့ခြင်းကို အချိန်နှင့်တစ်‌ပြေးညီ ဖွံ့ဖြိုးတိုးတက်လာရေး ဖော်ဆောင်ရန် ထာဝရငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် ညွှန်ကြားစေရေး မူဝါဒလမ်းစဉ်အရ ယခင်အစိုးရအဖွဲ့မှ ကချင်ပြည်နယ်အထူးဒေသ (၁) NDAK တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကို ယုံကြည်မှုဖြင့်တည်ဆောက်ပြီး ထာဝရငြိမ်းချမ်းရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အသွင်ကူး‌ပြောင်းရယူခဲ့ပြီး ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နိုင်ရန်အတွက်လည်း ပန်ဝါမြို့သစ်ကို တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ပါကြောင်း၊ ပန်ဝါမြို့ကို အစိုးရအဖွဲ့အစည်းမှ ၁၈ ဌာနကို ဖွဲ့စည်းထားရှိနိုင်ခဲ့ပြီး သော်လည်း ပန်ဝါမြို့နှင့် ချီဖွေမြို့ကို ဆက်သွယ်သောလမ်းကို ငြိမ်းချမ်းရေးရယူခဲ့သော အဖွဲ့အစည်းမှသာ ခွဲကျောက်စီခင်းလမ်းကို ဖောက်လုပ်ခဲ့ပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာနသို့ လွှဲ‌ွပြောင်းပေးခဲ့ပါကြောင်း၊

၎င်းလမ်းကို အစိုးရအဖွဲ့မှလည်း ဆက်လက်အဆင့်မြှင့်တင် ပေးသွားရန် တာဝန်ခံခဲ့ခြင်းဖြစ်ပါကြောင်း၊ သို့သော် အဆိုပါ ပန်ဝါမြို့နှင့် ချီဖွေမြို့ ဆက်သွယ်သောလမ်းကို ဝန်ကြီးဌာနမှ ငြိမ်းချမ်းရေးရယူခဲ့စဉ် တာဝန်ခံခဲ့မှုကို အလေးထားဆောင်ရွက်ပေးရန် ကိစ္စအားနည်းနေသည်ကို တွေ့ရှိရပါကြောင်း၊ ယခုအချိန်တွင် အဆိုပါလမ်းသည် အဖွဲ့အစည်းမှ ဖောက်လုပ်ခဲ့သော ခွဲကျောက်စီလမ်းကို သက်ဆိုင်ရာဌာနမှ ဆက်လက်ထန်းသိမ်း အဆင့်မြှင့်တင်ပေးရန် အားနည်းနေခြင်းကြောင့် ၎င်းကျောက်စီခင်းကျောက်များ လွင့်စင်ပျက်စီးသွားသဖြင့် အများပြည်သူများနှင့် ဌာနဆိုင်ရာများ ခက်ခဲစွာ သွားလာနေကြရပါကြောင်း၊ ထို့အပြင် မိုးတွင်းကာလအတွင်း တခါတရံ ပန်ဝါမြို့နှင့် ချီဖွေမြို့ ဆက်သွယ်မှု ပြတ်တောက်လျက်ရှိရာ ပန်ဝါမြို့၏ ဌာနဆိုင်ရာနှင့် ပြည်သူများ ဝိုင်းမော်မြို့ ကန်ပိုက်တီမှ ပန်ဝါမြို့သို့ တရုတ်နိုင်ငံမှတစ်ဆင့် သွားလာနေကြရပါကြောင်း၊

ယခင်ငြိမ်းချမ်းရေး ရယူခဲ့သောဒေသဖြစ်သည့် ပန်ဝါမြို့နှင့် ချီဖွေမြို့သို့ ဆက်သွယ်သော လမ်းကို အဖွဲ့အစည်းမှ ခွဲကျောက်စီခင်းလမ်း ဖောက်လုပ်ခဲ့ပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာနသို့ ဆက်လက် အဆင့်မြှင့်တင်ပေးရန် တာဝန်ပေးခဲ့သည့်လမ်းသည် ယခုအချိန်တွင် လုံးဝပျက်စီးနေပါသဖြင့် ၎င်းငြိမ်းချမ်းရေး ရယူခဲ့သော ဒေသရှိလမ်းကို အထူးအလေးထား ဆောင်ရွက်ပေးရန် လိုအပ်နေမှုကို ဝန်ကြီးဌာနမှ ၂၀၁၉-၂၀ ဘဏ္ဍာရေးဘတ်ဂျက်ဖြင့်           ကွန်ကရစ်လမ်း သို့မဟုတ် ကတ္တရာလမ်း အဖြစ် ဆောင်ရွှက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ယခင်ငြိမ်းချမ်းရေးရယူခဲ့သော ဒေသဖြစ်သည့် ပန်ဝါမြို့နှင့် ချီဖွေမြို့ကို ဆက်သွယ်ထားသော ချီဖွေပန်ဝါ လမ်းသည် ၆၄.၇၈ ကီလိုမီတာရှည်လျားပြီး ယနေ့အချိန်အထိ လမ်းအခြေအနေက ၆၄.၇၈ ကီလိုမီတာ တစ်လမ်းလုံးသည် အမာခံလမ်း ပြောင်းဖူးစေ့ ကျောက်ခင်းလမ်း ဖြစ်ပါကြောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ကချင်ပြည်နယ်အစိုးရ အဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် စီမံခန့်ခွဲသည့် လမ်းဖြစ်ပါကြောင်း၊  ၂၀၁၈-၁၉ ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်တွင် အဆိုပါလမ်းကို ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ရန်အတွက် ရန်ပုံငွေတင်ပြ တောင်းခံခဲ့ပါသော်လည်း လမ်းအတွက် ရန်ပုံငွေမရဘဲ ၎င်း ကွန်ကရစ် ဘောက်ကားပတ်အစင်း ၂၀ တည်ဆောက်ရန်အတွက် ရန်ပုံငွေ ၃၂၀ သန်းရသည့် အတွက် လောလောဆယ် ကွန်ကရစ်ဘောက်ကားပတ်များ ဆောင်ရွက်ခဲ့ပါကြောင်း၊ စုစုပေါင်း အစင်း ၂၀ တည်ဆောက်သည့် နေရာတွင် ယခုက ရာခိုင်နှုန်း ၇၀ ခန့် ပြီးစီးနေပြီ ဖြစ်ပါကြောင်း၊ အဆိုပါ လမ်းကို လာမည့်နှစ်တွင် ဆောင်ရွက်ရန်အတွက် လမ်းအစပိုင်းဖြစ်သည့် ၀ ကီလိုမှ ၁၇.၇ အထိ ကီလိုမီတာအရှည်နှင့် လမ်း၏အဆုံးပိုင်းဖြစ်သည့် ၄၇ ကနေပြီး ၆၄.၇၈ ကီလိုမီတာ စုစုပေါင်း ၃၅ ကီလိုမီတာ အရှည်ကို လာမည်‌့နှစ်တွင် မိမိတို့က ၁၀.၄ မီတာ တောင်ကမ်းပါးယံများ ချဲ့ပါမည်။ ကျဉ်းနေသည့် တောင်ကမ်းပါးယံများခဲျ့ရန် အဆိုပါနေရာများတွင် ဗြုန်းကျောက်ခင်းရန် ၆.၁ အကျယ် မီတာရှိသည့် ခွဲကျောက်ခင်းလမ်း ဆောင်ရွက်ပါမည် ဖြစ်ပါကြောင်း၊

အကျယ် ၅.၅ မီတာရှိသည့် ကွန်ကရစ်လမ်းများခင်းရန် လျာထားပါကြောင်း၊ ကျောက်စီ ရေမြောင်းရှည် ၃၂၀၀ မီတာ၊ ကျောက်စီမြေထိန်းနံရံ မီတာ ၁၄၀၊ အရှည် ၁.၅၂ မီတာ ကွန်ကရစ် တံတားပေါင်း ၈၄ စင်းထပ်ပြီး တည်ဆောက်ရန်လည်း လိုအပ်ပါကြောင်း၊ ၎င်းလမ်းပေါ်တွင် နောက် အရှည် ၃.၀၅ မီတာရှိသည့် ကွန်ကရစ်တံတား ၃ စင်း အစရှိသည့် လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် မိမိတို့ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ် အစိုးရအဖွဲ့ရန်ပုံငွေကို တင်ပြတောင်း ခံသွားမည် ဖြစ်ပါကြောင်း၊ တောင်းခံပြီးလျှင် ကချင်ပြည်နယ်အစိုးရအဖွဲ့က ခွဲဝေပေးသည့် ရန်ပုံငွေအပေါ် မူတည်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။