အုတ်ဖိုမြို့နယ်အတွင်းရှိ မကျီးပင်ရွာ၊ ဗြန့်ကြီးရွာ၊ သရက်ကုန်းရွာ၊ ကျွန်းခီရွာ၊ လူအိုစုရွာ၊ ကင်ပွန်းခြုံရွာ၊ ကင်ပွန်းခြုံ(အရှေ့)၊ ကင်ပွန်းခြုံ(အနောက်)နှင့် လက်ပံရေကျော်ရွာ၊ ရှမ်းကုန်းရွာ စသည် ၁၁ ရွာမှ လူဦးရေ ၄၅၀၀ ကျော်တို့သည် ရန်ကုန်-ပြည်လမ်းမှ မကျီးပင်-ဗြန့်ကြီး၊ သရက်ကုန်း-ကင်ပွန်းခြုံ-အိုးသည်ကုန်းပတ် လမ်းမကြီးအား အသုံးပြုလျက်ရှိကြပါကြောင်း၊ ယင်းလမ်းသည် အရှည် ၄.၅ မိုင်ရှည်လျားပြီး ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူများ မိမိအစီအစဉ်ဖြင့် ပြုပြင်အသုံးပြုနေရသော လမ်းမကြီး ဖြစ်သည့်အတွက် အဆင့်မြင့်တင်ပေးနိုင်မည်ဆိုပါက သွားလာရေးပိုမိုအဆင်ပြေပြီး ဒေသထွက်ကုန်များ သယ်ယူပို့ဆောင် ရောင်းဝယ်နိုင်ကြမည်ဖြစ်သောကြောင့် လူမှုစီးပွားဘဝ ပိုမိုတိုးတက်လာမည်ဖြစ်သောကြောင့် ဆင်းရဲနွမ်းပါးမှုကိုလည်း လျော့ချနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ “ကျေးရွာချင်းဆက် မြို့ကိုတက်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ လမ်းများကို အဆင့်မြင့်တင်ပေးနိုင်ရေးအတွက် ရန်ကုန်-ပြည်လမ်းမှ မကျီးပင်ရွာ၊ ဗြန့်ကြီးရွာ၊ သရက်ကုန်းရွာ၊ ကင်ပွန်းခြုံ(အရှေ့)၊ ကင်ပွန်းခြုံ(အနောက်)၊ လက်ပံရေကျော်ရွာ၊ ရှမ်းကုန်းရွာသို့ ဆက်သွယ်ထားသောအရှည် ၄.၅ မိုင်ရှိလမ်းအား ဂဝံလမ်းခင်းပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါ သည်။
ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်ရှိ ရန်ကုန်-ပြည်လမ်းမှ မကျီးပင်-ဗြန့်ကြီး-သရက်ကုန်း-ကင်းပွန်းခြုံ-အိုးသည်ကုန်းပတ်လမ်းသည် အရှည်အားဖြင့် ၄ မိုင် ၅ ဖာလုံရှိပြီး ယခင်က ဂဝံလမ်းပျက်ဖြစ်ပါကြောင်း၊ အဆိုပါလမ်းကို ဂဝံလမ်းအဖြစ် ပြန်လည်ပြုပြင်ခင်းမည်ဆိုပါက ခန့်မှန်းကုန်ကျငွေ ကျပ် ၁၅၁.၂၄ သန်းခန့် ကုန်ကျမည်ဖြစ်ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် လမ်းတံတားအတွက် ဘဏ္ဍာရန်ပုံငွေ ကျပ် ၅.၄၉၃ ဘီလီယံကျပ် ခွင့်ပြုထားပါကြောင်း၊ အုတ်ဖိုမြို့နယ်တွင် ယခုနှစ်အတွက် ခွင့်ပြုထားသော မွေးမြူရေး၊ ရေလုပ် ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရန်ပုံငွေသည် ၃၆.၄၅ သန်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်အတွင်းရှိ ရန်ကုန်-ပြည်လမ်းမှ မကျီးပင်-ဗြန့်ကြီး-သရက်ကုန်း-ကင်းပွန်းခြုံ-အိုးသည် ကုန်းပတ်လမ်းအား မွေးမြူရေး၊ ရေလုပ် ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် မှာရန်ပုံငွေတွင် လျာထားထားခြင်းမရှိပါကြောင်းနှင့် လာမည့်နှစ်များတွင် ဦးစားပေးအလိုက် လျာထား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
