(ခ)-ကော့သောင်းမြို့တွင် မော်တော်ယာဉ်ရပ်နားသည့်စခန်း တိုးချဲ့ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ (၇.၂.၂၀၁၉)

 

ကော့သောင်းမြို့ရှိ မော်တော်ယာဉ်ရပ်နားစခန်းကို သီရိမြိုင်ရပ်ကွက်တွင် ထားရှိပြီး အကျယ်အဝန်း အားဖြင့် ၁.၁၈ ဧက ဖြစ်ပါကြောင်း၊ ၎င်းနေရာသည် စည်ပင်ပိုင်သော မြေနေရာဖြစ်ပါကြောင်း၊ ကော့သောင်းမြို့တွင် မော်တော်ယာဉ်အသင်း ယာဉ် ၂၄ စင်းရှိပြီး အသင်းဝင်မော်တော်ယာဉ် စီးရေ ၁၁၂၀ ကျော်ရှိပါကြောင်း၊ ဒေသခံမော်တော်ယာဉ်စီးရေသည် ၅၂ စီးရှိပြီး ကျန်မော်တော်ယာဉ်များက တခြားမြို့ကနေ အသင်းဝင်ပြေးဆွဲသည့် မော်တော်ယာဉ်များ ဖြစ်ပါကြောင်း၊ ယခုလိုပြေးဆွဲသည့် မော်တော်ယာဉ်များ၏ သုံးပုံတစ်ပုံသည် လူ ၁၂ ယောက်စီးသည့် မော်တော်ယာဉ် ငယ်များသာ ဖြစ်ပါကြောင်း၊ အသင်းဝင်မော်တော်ယာဉ်များသည် ဘိတ်မြို့၊ ထားဝယ်မြို့နှင့် မော်လမြိုင်မြို့၊ ရန်ကုန်မြို့ကို ပြေးဆွဲခြင်း ဖြစ်ပါကြောင်း၊

ကော့သောင်းမြို့ကနေပြီး ကျေးရွာများကို တစ်ရက်ကို မော်တော်ယာဉ် ၂၄ စီး ထွက်ခြင်းဖြစ်ပြီး ကျေးရွာယာဉ်ရပ်နား စခန်းကို ယာယီအားဖြင့် အဏ္ဏဝါရပ်ကွက်၊ မြို့မဈေးအနီး ထားရှိသည်ကို အကျည်းတန်စွာ တွေ့ရှိရပါကြောင်း၊ လက်ရှိယာဉ်ရပ်နားစခန်းက လွန်စွာကျဉ်းမြောင်းသည့်အတွက် ညအိပ်ရပ်နားသည့် မော်တော်ယာဉ်များအတွက် မလုံမလောက်ဖြစ်နေပါကြောင်း၊ တချို့ မော်တော်ယာဉ် ငယ်များသည် လမ်းဘေးတွင် ညအိပ်ရပ်နားနေသည်ကိုလည်း တွေ့ရှိရပါကြောင်း၊

ကော့သောင်းမြို့ပေါ်ရှိလမ်းသည် ပေအားဖြင့် ၂၃ ပေ၊ မီတာအားဖြင့် ခုနစ်မီတာသာ ကျယ်ပါကြောင်း၊ ယခုအခါ ကော့သောင်းမြို့တွင် မော်တော်ယာဉ်စီးရေနှင့် အိမ်စီးဆိုင်ကယ်များ များပြားလာသည့် အတွက် ကော့သောင်းမြို့အတွက် ယာဉ်အန္တရာယ်ဖြစ်ပွားမည်ကို စိုးရိမ်နေရပါကြောင်း၊ ကော့သောင်းမြို့သည် ယခုအချိန် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စပြုနေပြီ ဖြစ်သည့်အတွက် နိုင်ငံခြား ခရီးသွားများက ဝင်/ထွက်သွားလာနေပြီ ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြို့အင်္ဂါရပ်နှင့်အညီ မော်တော်ယာဉ် ရပ်နားစခန်းကို တိုးချဲ့ရန်လိုအပ်လျက် ရှိနေပြီဖြစ်ပါကြောင်း၊ ကော့သောင်းမြို့သည် မြို့အင်္ဂါရပ်နှင့်အညီ မော်တော်ယာဉ်ရပ်နားစခန်း တိုးချဲ့ရန် အစီအစဉ်ရှိ/မရှိနှင့် တိုးချဲ့ရန်အစီအစဉ် ရှိမည်ဆိုလျှင် မည်သည့်အချိန်ကာလတွင် တိုးချဲ့မည်ဖြစ်ကြောင်းကို သိရှိလိုသည့်အတွက် မေးမြန်းရခြင်းဖြစ်ပါသည်။


 

ဖြေကြားသူ
နေပြည်တော်ကောင်စီ၊ ကောင်စီဝင် ဦးညီထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကော့သောင်းမြို့ အဝေးပြေးယာဉ်ရပ်နားစခန်းအား ၂၀၁၈ ခုနှစ် မတ်လမှစ၍ သီရိမြိုင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် ဆင်ဖြူရှင်လမ်းဆုံရှိ မြေဧရိယာ ၁.၂၈ ဧကကို စည်ပင်သာယာရေး အဖွဲ့ပိုင်မြေအဖြစ် သတ်မှတ်ဆောင်ရွက်ပြီး ပုဂ္ဂလိကလုပ်ငန်းရှင် ဦးကျော်မျိုး၊ မှတ်ပုံတင်အမှတ်၊ ၆/ကသန (နိုင်) ၀၀၄၈၄၄ မှ ၎င်း၏ရင်းနှီးမြှုပ်နှံ စိုက်ထုတ်ငွေကျပ် ၅၅၉ သိန်းဖြင့် တည်ဆောက်၍ အဝေးပြေးယာဉ်ရပ် နားစခန်းကို လုပ်ငန်းတစ်ရပ်အနေဖြင့် စာချုပ်ချုပ်ဆို လုပ်ကိုင်ခဲ့ပါကြောင်း၊

အဆိုပါ သီရိမြိုင်ရပ်ကွက် ယာဉ်ရပ်နားစခန်းတွင် စတင်ဆောင်ရွက်စဉ်ကာလက အဝေးပြေး ယာဉ်ကြီးလိုင်း (၅) လိုင်းခန့်သာရှိပြီး ၂၀၁၀ ခုနှစ်မှစ၍ လမ်းပန်းဆက်သွယ် သွားလာရေးတိုးတက် ကောင်းမွန်လာသဖြင့် ယာဉ်လိုင်းများ တိုးမြှင့်ပြေးဆွဲလာရာ ၂၀၁၈ ခုနှစ်တွင် ယာဉ်ကြီးလိုင်း ၁၀ လိုင်းအထိ တိုးမြှင့်လာခဲ့ပါကြောင်း၊ ၂၀၁၆ ခုနှစ်မှစတင်၍ ယာဉ်ကြီးလိုင်းများအပြင် ယာဉ်ငယ်လိုင်းများ တိုးချဲ့ပြေးဆွဲခွင့် ပေးခဲ့သဖြင့် ယာဉ်ရပ်နားရန်နေရာ လုံလောက်မှုမရှိဘဲ ယာဉ်ရပ်နားစခန်း ပြင်ပနေရာများတွင် ရပ်နားဆောင်ရွက်လျက် ရှိသဖြင့် တိုင်းဒေသကြီး လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာနနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ယာဉ်အန္တရာယ်မရှိစေရေး ကြပ်မတ်ဆောင်ရွက် လျက်ရှိပါကြောင်း၊

ကော့သောင်းမြို့နယ်တွင် ယာဉ်ရပ်နားစခန်း တိုးချဲ့ဆောင်ရွက်နိုင်ရန် လုံလောက်သော မြေနေရာ မရှိပါသဖြင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့အနေဖြင့် ယာဉ်ရပ်နားစခန်းကို တိုးချဲ့ရန် မရှိသေးပါကြောင်းနှင့် တိုးပွားလာသည့် ယာဉ်လိုင်းများအတွက် လုံလောက်သော ယာဉ်ရပ်နားစခန်း ပေါ်ပေါက်လာစေရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များအား ဖိတ်ခေါ်၍ ခေတ်မီယာဉ် ရပ်နားစခန်းတစ်ခု တည်ဆောက်နိုင်ရေး လျာထားဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ရှင်းဖြေကြားပါသည်။