(ဆ)-ရေပူစစ်ဆေးရေးဂိတ်၏ ယာဉ်များ စစ်ဆေးရာလမ်းကြောင်း၊ စစ်ဆေးသည့်နေရာများ ယာဉ်သွားလာမှု အဆင်ပြေစေရန် ကောင်းမွန်သောလမ်းများ ခင်းထားပေးရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ (၇.၂.၂၀၁၉)

 

ရေပူစစ်ဆေးရေးဂိတ်၏ ယာဉ်များ စစ်ဆေးရာလမ်းကြောင်း၊ စစ်ဆေးသည့်နေရာများ ယာဉ်သွားလာမှု အဆင်ပြေစေရန် ကောင်းမွန်သောလမ်းများ ခင်းထားပေးရန် အစီအစဉ်ရှိ/မရှိ၊ ယာဉ်စစ်ဆေးရာတွင် တာဝန်ကျဝန်ထမ်းများနှင့် ပြည်သူ့စစ်များ၏ ဆက်ဆံရေးကို ပြုပြင်ပြောင်းလဲလာစေရန် မည်သို့ ဆောင်ရွက်ပေးမည်နှင့် ပြည်ပသို့ တင်ပို့သည့် ပါမစ်ရနွားကားများကို စစ်ဆေးသည့်အထူးအစီအစဉ် များရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်၊ ပိန်းဆာကျေးရွာအုပ်စု ရေပူစစ်ဆေးရေးဂိတ်ကို ၂၀၁၇ ခုနှစ် နောက်ပိုင်းမှ ပြန်လည်ဖွင့်လှစ်စစ်ဆေးခဲ့ခြင်း၊ အတက်ကားများကို ဂိတ်၏ညာဘက်ခြမ်း၊ အဆင်းကား များကို ဂိတ်၏ဘယ်ဘက်ခြမ်း လမ်းသွယ်များဖြင့် သွားရောက်စစ်ဆေးခံနေရပါကြောင်း၊ လမ်းအူကြောင်း Main လမ်းကို သံဆူးကြိုးများနှင့် ပိတ်ထားသည်ကို တွေ့ရပါကြောင်း၊ မော်တော်ယာဉ်များ အစစ်ဆေးခံရန် သွားသည့်အခါ လမ်းသွယ်များဖြစ်သည့် ညာဘက်ခြမ်းက ချိုင့်ခွက်များ၊ မညီမညာကျောက်ကြမ်းများ၊ လမ်းကြမ်းကြီးဖြစ်နေပါကြောင်း၊ လမ်းကိုမပြုပြင်ဘဲ ဤအတိုင်း မော်တော်ယာဉ်ကားကြီးကားငယ် နေ့စဉ်သွားရောက် အစစ်ဆေးခံနေသည်ကို တွေ့ရပါကြောင်း၊ ပြင်ခဲ့လျှင်လည်း ချိုင့်ခွက်များကို အပေါ်ယံ သဲဖို့ပြီး ရေလောင်း၍ မကြာမီ လမ်းကပြန်လည်ပျက်စီးပြီး ချိုင့်ခွက်များ ပြန်ဖြစ်သွားသည်ကို တွေ့ရပါကြောင်း၊ မိမိထံကို Messenger မှတစ်ဆင့် ချိုင့်ခွက်များမှာ မုန့်လင်မယားကြော်သည့် အုတ်အိုးပမာဖြစ်နေပြီး ကားကြီးကားငယ် ခက်ခက်ခဲခဲ သွားရောက် အစစ်ဆေးခံရသည်မှာ ခရီးသွားပြည်သူများအတွက် နေ့စဉ် စိတ်အနှောင့်အယှက် ဖြစ်နေရကြောင်း၊ လမ်းများ၊ ချိုင့်ခွက်များ၊ အဖုအထစ်များသည် ကားကိုနာစေကြောင်း၊ အစစ်ဆေးခံသည့်အခါ ကားကို မောင်းပြေးစရာအကြောင်းမရှိပါကြောင်း၊ မိမိတို့ကို အနိုင်ကျင့်သကဲ့သို့ ခံစားနေရကြောင်း၊ ရိုးရိုးသားသား ခရီးသွားများကို လုပ်ပိုင်ခွင့်သုံးပြီး စော်ကားနေသည်ဟု ခံစားနေရကြောင်း၊ ရေပူစစ်ဆေးရေးဂိတ်၏ တာဝန်ကျသည့် အချို့ဝန်ထမ်းများ၊ ပိန်းဆာပြည်သူ့စစ်တို့၏ လူထုအပေါ် ဆက်ဆံရေးမှာလည်း ခက်ထန်မာကြောနေသည့် လေသံများရှိကြောင်း၊ တရုတ်ပြည်ကို တင်ပို့သည့် နွားကားများကလည်း တင်ခွင့်ပါမစ်ရထားသော်လည်း ရထားတဲ့ပါမစ် အကန့်အသတ်ထက် ပိုမိုတင်ဆောင်နေသည်ဟု သတင်းထွက်နေကြောင်း၊ ထို့ကြောင့် အထူးစစ်ဆေးသည့် အစီအစဉ်များ လိုအပ်ကြောင်း၊

ထို့ကြောင့် ရေပူစစ်ဆေးရေးဂိတ်၏ ယာဉ်များသွားလာရာ လမ်းကြောင်းစစ်ဆေးသည့် နေရာများကို ယာဉ်သွားလာမှု အဆင်ပြေစေရန် ကောင်းမွန်သောလမ်းများ ခင်းပေးရန် အစီအစဉ်ရှိ/မရှိနှင့် ယာဉ်စစ်ဆေးရာတွင် တာဝန်ကျဝန်ထမ်းများနှင့် ပြည်သူ့စစ်တွေက ဆက်ဆံရေးကို ပြုပြင် ပြောင်းလဲလာစေရန် မည်သို့ဆောင်ရွက်ပေးမည်၊ ပြည်ပသို့တင်ပို့သည့် ပါမစ်ရနွားကားများကို စစ်ဆေးသည့်အခါ အထူးအစီအစဉ်များဖြင့် ပြန်လည်စစ်ဆေးမည့် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရေပူစစ်ဆေးရေးဂိတ်၏ ယာဉ်များစစ်ဆေးရာလမ်းကြောင်း၊ စစ်ဆေးသည့်နေရာများ ယာဉ်သွားလာမှု အဆင်ပြေစေရန် ကောင်းမွန်သောလမ်းများ ခင်းထားပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့် ပတ်သက်၍ ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနနှင့် Oriental Highway Co.,Ltd တို့ B.O.T စနစ်ဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနားလမ်း မိုင်တိုင် အမှတ် ၁၉၈ မိုင် ၆ ဖာလုံနှင့် ၁၉၉ မိုင် ၀ ဖာလုံကြားတွင် လမ်းဖြတ်သန်းခ ကောက်ခံရေးဂိတ်၏ ညာဘက်ခြမ်းနှင့် ဘယ်ဘက်ခြမ်းတွင် ရေပူစစ်ဆေးရေးဂိတ် တည်ရှိပါကြောင်း၊ စစ်ဆေးရေးဂိတ် အဝင်/အထွက်လမ်းသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနပိုင် လမ်းအပိုင်းတွင် ပါဝင်ခြင်း မရှိပါကြောင်း၊

ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၏ အကွယ်ချပုံစံအရ လားရှိုး-မန္တလေး ပြည်ထောင်စု လမ်းမကြီး၏ အရှေ့ဘက်ခြမ်း(ညာဘက်ခြမ်း)တွင် ပို့ကုန်ယာဉ်စစ်စင်နှင့် လမ်းမကြီး၏အနောက် ဘက်ခြမ်း (ဘယ်ဘက်ခြမ်း) တွင် သွင်းကုန်ယာဉ်စစ်စင်များရှိပါကြောင်း၊ လားရှိုးမှ မူဆယ်သို့သွားသည့် ယာဉ်များသည် လမ်းမကြီးမှ ပို့ကုန်စစ်ဆေးရေးဘက်အခြမ်း လမ်းကြောင်းသို့ ဝင်ရောက်၍လည်းကောင်း၊ မူဆယ်မှလားရှိုးသို့သွားသည့် ယာဉ်များသည် သွင်းကုန်စစ်ဆေးရေးဘက် လမ်းကြောင်းမှ ဝင်ရောက်၍ လည်းကောင်း စစ်ဆေးခံရပါကြောင်း၊ ပြည်ထောင်စုလမ်းမကြီးကို သံဆူးကြိုးဖြင့် ပိတ်ထားခြင်းမဟုတ်ဘဲ ဘီးတပ်ဘယ်ရီဂိတ်များကိုသာ ထားရှိပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့များဖြင့် တာဝန်ချထားခြင်းဖြစ်ပါကြောင်း၊ လမ်းကြောင်းများရှိ စစ်ဆေးရေးစခန်းများအားလုံးမှာ ဆောင်ရွက်လေ့ရှိသည့် အတားအဆီးပုံစံများအတိုင်း ပုံမှန်ဆောင်ရွက်ထားရှိခြင်းသာ ဖြစ်ပါကြောင်း၊

လမ်းမကြီးမှစစ်ဆေးရေးစခန်းသို့ ဝင်ရောက်သော လမ်းကြောင်းများအနေဖြင့် ပို့ကုန်စစ်ဆေးရေးဘက် အခြမ်းတွင် အလျား ၇၅၀ ပေ၊ အနံ ၅၇ ပေခန့်ကျယ်သည့် ကျောက်ခင်းလမ်းနှင့် သွင်းကုန် စစ်ဆေးရေးဘက်အခြမ်းတွင် အလျား ၇၀၀ ပေ၊ အနံ ၅၇ ပေ ခန့်ကျယ်သည့် ကျောက်ခင်းလမ်းများ ရှိပါကြောင်း၊ လမ်းမကြီးမှ စခန်းအတွင်းသို့ဝင်ရောက်သည့် ကျောက်ခင်းလမ်းမကြီးများသည် ပြည်ထောင်စု လမ်းမကြီးများထက် ပိုမိုကျယ်ပြန့်ပြီး ရာသီမရွေးယာဉ်ကြီး၊ ယာဉ်ငယ်များစွာ၊ ကုန်တန်ချိန်များစွာနှင့် ဖြတ်သန်းမှုများကြောင့် အခါအားလျော်စွာ ချိုင့်များ၊ ခွက်များဖြစ်ပေါ်မှုများ ရှိပါကြောင်း၊ လောလောဆယ်တွင် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၏ အကူအညီတောင်းခံမှုနှင့်  ပြည်ထောင်စုလမ်းမကြီး၏ ဆောက်လုပ်ရေး တာဝန်ယူထားသည့် B.O.T ကုမ္ပဏီမှ  ကျောက်ခင်းခြင်း၊ မြေဖို့ခြင်းများကို  ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊  အဆိုပါလမ်းများကို ကုမ္ပဏီအနေဖြင့် လမ်းများပျက်စီးလျှင်ပျက်စီးချင်း ပြုပြင်ပေးလျက်ရှိပါကြောင်း၊ ယခုအခါ ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း၏ မြေနေရာ ၈.၉၆ ဧကကို အကောက်ခွန်ဦးစီးဌာနပိုင် ဂရမ်မြေအဖြစ်နှင့် ခွင့်ပြုချက်ရရှိရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အကောက်ခွန်ဦးစီးဌာနပိုင်အဖြစ်နှင့် ရရှိပြီးပါက နိုင်ငံတော် ဘဏ္ဍာငွေ၏ ဘဏ္ဍာငွေရန်ပုံငွေ ခွင့်ပြုချက်ဖြင့် စခန်းအတွင်းရှိ ကျောက်ခင်းလမ်းမကြီးများကို ပိုမိုကောင်းမွန်အောင် ဆက်လက်ဆောင်ရွက် သွားနိုင်မည်ဖြစ်ကြောင်း၊

ယာဉ်စစ်ဆေးရာတွင် တာဝန်ကျဝန်ထမ်းများနှင့် ပြည်သူ့စစ်များ၏ဆက်ဆံရေးကို ပြုပြင်ပြောင်းလဲလာစေရန် မည်သို့ဆောင်ရွက်ပေးမည်ဟူသည့် မေးခွန်းနှင့်ပတ်သက်ပြီး ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနများမှ ပူးပေါင်းအဖွဲ့များ တာဝန်ထမ်းဆောင်လျက် ရှိပါကြောင်း၊ စခန်းတည်မြဲအမိန့် ထုတ်ပြန်ပြီး တာဝန်ကျဌာနဆိုင်ရာအသီးသီး၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ထားရှိပါကြောင်း၊ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့သည် တရားမဝင်ကုန်ပစ္စည်းများ၊ လူများစစ်ဆေးခြင်းကို တည်မြဲအမိန့်ပါ သတ်မှတ်ချက်များ အတိုင်း ဆောင်ရွက်၍ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပိန်းဆာပြည်သူ့စစ်အဖွဲ့များသည် တည်မြဲအမိန့်အရ စခန်း၏အတွင်းစည်း၊ အပြင်စည်း လုံခြုံရေးပိုင်းဆိုင်ရာများကိုသာ ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ တာဝန်သတ်မှတ်ချက်အရ ခရီးသည်ယာဉ်များ၊ ကုန်တင်ယာဉ်များနှင့် တိုက်ရိုက်ထိတွေ့ ပြောဆိုဆက်ဆံရန် မလိုအပ်ပါကြောင်း၊ စခန်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများအားလုံးကိုလည်း ပြည်သူလူထုနှင့် ထိတွေ့ပြောဆိုဆက်ဆံရာတွင် ပြေပြစ်စွာဆောင်ရွက်ကြရန် အထူးအလေးထားပြီး မှာကြားရှင်းလင်းမှုများ ပြုလုပ်လျက်ရှိပြီး ဆက်လက်ပြီးလည်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနှင့်လည်း ရေပူစစ်ဆေးရေးစခန်းတွင် တာဝန်ထမ်းဆောင်မည့် တပ်ဖွဲ့ဝင်များကို တာဝန်ရှိသူအဆင့်ဆင့်က ပြည်သူလူထုနှင့် ဆက်ဆံရေး ပြေပြစ်ရန်နှင့် အုပ်ချုပ်မှုလျော့နည်းဖြစ်စဉ်များ မဖြစ်ပွားစေရန် ညွှန်ကြားထားရှိပြီး ကုန်စစ်ဆေးသည့် နေရာများမှာလည်း သိသာထင်ရှားသည့်ဆိုင်းဘုတ်နှင့် လုံခြုံရေးကိစ္စနှင့် တရားမဝင်ကုန်ပစ္စည်းများ စစ်ဆေးနေပါကြောင်း၊ ကြည်ဖြူစွာစစ်ဆေးမှုခံယူ၍ ပူးပေါင်းကူညီဆောင်ရွက်ပေးပါရန်ဟု ရေးသားအသိပေးထားပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနှင့် လုံခြုံရေးနှင်‌့ပတ်သက်ပြီး အလေးထားဆောင်ရွက်လျက်ရှိပြီး ဥပဒေနှင့် မညီညွတ်သည့် ကိစ္စရပ်များဖြစ်ပေါ်လာပါက ဥပဒေနှင့်အညီ အမှုဖွင့်လှစ်၍ အရေးယူဆောင်ရွက်လျက် ရှိပါကြောင်း၊

ပါမစ်ရနွားကားများ စစ်ဆေးခြင်းနှင့်ပတ်သက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် ပြည်ပသို့တင်ပို့သည့် ပါမစ်ရနွားကားများကို တိရစ္ဆာန် သယ်ဆောင်ခွင့် အထောက်အထား မှန်ကန်ခြင်းရှိ/မရှိ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ တိရစ္ဆာန် ကျန်းမာရေးထောက်ခံချက် လက်မှတ်ပါရှိခြင်းရှိ/မရှိ၊ သက်ဆိုင်ရာ မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ထုတ်ပေးသော ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ် (PC-1)နှင့် ကျန်းမာကြောင်း ထောက်ခံချက်လက်မှတ် (PC-3) ပါရှိခြင်းရှိ/မရှိ၊ သက်ဆိုင်ရာမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တပ်ဆင်ပေးသော (Ear Tag No) နားကပ်နံပါတ် မှန်ကန်ခြင်း ရှိ/မရှိ၊ ခွင့်ပြုကောင်ရေ ကိုက်ညီမှုရှိ/မရှိ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တင်ပြထားသော တိရစ္ဆာန်သယ်ဆောင်မည့်ယာဉ်၊ ယာဉ်နံပါတ်၊ ကောင်ရေကိုက်ညီခြင်းရှိ/မရှိ၊ အမှန်တကယ် ကျန်းမာခြင်းရှိ/မရှိ စသည်တို့ကို စစ်ဆေးဆောင်ရွက်လျက် ရှိပါကြောင်း၊

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ပြည်တွင်းမှထွက်ရှိသည့် ကုန်စည်များကို ပြည်ပသို့ တင်ပို့ရောင်းချရာတွင် လည်းကောင်း၊ နိုင်ငံတော်နှင့် ပြည်သူများ၏လိုအပ်ချက်အရ ပြည်ပမှ ကုန်ပစ္စည်းများ တင်သွင်းရောင်းချရာတွင် လည်းကောင်း၊ ပို့ကုန်၊ သွင်းကုန်လိုင်စင်များကို စိစစ်ခွင့်ပြု ထုတ်ပေးလျက်ရှိပါကြောင်း၊ ရေပူစစ်ဆေးရေးစခန်းတွင်လည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းလေးဦးမှ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အိမ်နီးချင်းနိုင်ငံများနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည့် တိုင်းဒေသကြီး/ပြည်နယ်ကိုးခုတွင် ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည့် တိုင်းဒေသကြီးအဆင့် တရားမဝင်ကုန်စည်စီးဆင်းမှု တားဆီးထိန်းချုပ်ရေး အထူးအဖွဲ့များမှာလည်း ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် ပြည်ပသို့တင်ပို့သည့် ကျွဲ၊ နွားများအား မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ တိရစ္ဆာန်ကျန်းမာကြောင်း ထောက်ခံချက်လက်မှတ်နှင့် ပြည်ပတင်ပို့ခွင့် ထောက်ခံချက်တို့ဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပို့ကုန်လိုင်စင် ခွင့်ပြုထုတ်ပေးလျက်ရှိပါကြောင်း၊

နွားတင်ပို့မည့်ယာဉ်များကို ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ကျဝန်ထမ်းများက သတ်မှတ်စာရွက်စာတမ်းများ စုံလင်စွာပါဝင်ခြင်းရှိ/မရှိ၊ သယ်ဆောင်သည့် ကောင်ရေနှင့်အမျိုးအစား မှန်ကန်ကိုက်ညီမှုရှိ/မရှိ ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိပြီး မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကျလျှင်လည်း ထပ်မံစစ်ဆေးပြီး တင်ပို့လျက်ရှိပါကြောင်း၊ ယင်းသို့ တရားဝင်လမ်းကြောင်းမှ ပို့ဆောင်မှုကို စစ်ဆေးဆောင်ရွက်သည့်အပြင် တရားမဝင် လမ်းကြောင်းများမှ တင်ပို့မှုများကိုလည်း ဒေသအာဏာပိုင်များ၊ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းပြီး အထူးအဖွဲ့များဖွဲ့စည်း၍ စစ်ဆေးဖမ်းဆီးလျက်ရှိပါကြောင်း၊ ၂၆-၃-၂၀၁၇ ရက်နေ့မှ ယနေ့အထိ ဖမ်းဆီးရမိမှုနှစ်ခုရှိပြီး နွားကောင်ရေအားဖြင့် ၈၄ ကောင် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။