တောင်ဥက္ကလာပမြို့နယ် ရတနာလမ်းနှင့် သုမင်္ဂလာလမ်းဆုံတွင်ရှိသော ယာဉ်ငယ်ရပ်နား စခန်း(၂)ခုတွင် ယာဉ်ရောင်းဝယ်ရေးစခန်းဖွင့်မည်ဆိုပါက ရတနာလမ်းတစ်လျှောက်တွင်ရှိသော ယာဉ်ကြောပိတ်ဆို့မှုများကိုလည်း လျှော့ချနိုင်မည်ဖြစ်ပြီး နိုင်ငံတော်အတွက်လည်း ဝင်ငွေတိုးတက်မည် ဖြစ်ပါသဖြင့် ဆောင်ရွက်ပေးနိုင်ပါရန်နှင့် စပ်လျဉ်းသည့်မေးခွန်း
တောင်ဥက္ကလာပမြို့နယ်ကို စတင်တည်ထောင်စဉ်ကပင် ရပ်ကွက်တိုင်း၏ထောင့်များတွင် အားကစားကွင်းများကို တည်ဆောက်ပေးခဲ့ပါကြောင်း၊ ရန်ကုန်မြို့၏ မြေယာစီမံခန့်ခွဲခွင့်ကို မြို့တော် စည်ပင်ကို လွှဲလိုက်သည့်အချိန်ကစပြီး ရပ်ကွက်များ၏ထောင့်နေရာများရှိ အားကစားကွင်း ပန်းခြံများကို အကြောင်းအမျိုးမျိုးပြ၍ သိမ်းဆည်းခဲ့ပါကြောင်း၊ ယနေ့အချိန်ထိ အများပိုင် အားကစားကွင်းမြေများကို သိမ်းယူနေဆဲဖြစ်ပါကြောင်း၊ တောင်ဥက္ကလာပမြို့နယ်(၁၁)ရပ်ကွက်၊ (၁၂)ရပ်ကွက်၊ သုမင်္ဂလာလမ်းနှင့် ရတနာလမ်းဆုံရှိ အားကစားကွင်းနှစ်ကွင်းကို သိမ်းယူခဲ့ပြီး မြို့နယ်အတွက် လိုအပ်ခြင်းမရှိသည့် ယာဉ်ငယ်ရပ်နားစခန်းနှစ်ခုကို ၂၀၁၄-၂၀၁၅ ခုနှစ်ခန့်တွင် တည်ဆောက် ဖွင့်လှစ်ခဲ့ပါကြောင်း၊ အားကစားကွင်းများကိုသိမ်းယူပြီး ပြည်သူများက မကျေမနပ်ဖြစ်သည့်အတွက် ၎င်းယာဉ်ငယ်ရပ်နားစခန်းများ၏ လေးလွှာအမိုးပေါ်တွင် ကလေးအားကစားကွင်းကို ပြုလုပ်ပေးခဲ့ပါကြောင်း၊
အားကစားကွင်း နှစ်ကွင်းကို သိမ်းယူပြီး တည်ဆောက်ထားသည့် ယာဉ်ငယ်ရပ်နားစခန်း လေးထပ်အဆောက်အဦနှစ်ခု၏ အမိုးတွင် တည်ဆောက်ထားသည့် ကလေးအားကစားကွင်းတွင် အရိပ်အာဝါသမရှိဘဲ အလွန်ပူပြင်းပြီး ကလေးများ ယင်းနေရာသို့ရောက်ရန် လေးထပ်အထိ တက်ရသောကြောင့် ကစားမည့်သူလည်း မရှိသလောက်ဖြစ်နေသည်ကို တွေ့ရပါကြောင်း၊ ယာဉ်ငယ် ရပ်နားစခန်းနှစ်ခုကို ဖွင့်လှစ်ပေးခဲ့သော်လည်း မြို့နယ်၏ လိုအပ်ချက်နှင့် ကိုက်ညီမှုမရှိသည့်အတွက် လာရောက် ရပ်နားသော မော်တော်ယာဉ်အရေအတွက် အလွန်နည်းပါးသောကြောင့် တာဝန်ယူထားရသည့် ဝန်ထမ်းစရိတ်ပင်မကာမိဘဲ နှစ်စဉ်အရှုံးပြနေသည်ဟု သိရှိရပါကြောင်း၊ ယာဉ်ရပ်နားစခန်းမှာလည်း ယာဉ်ရပ်နားခြင်းမရှိပါကြောင်း၊ ထိုသို့သော အခြေအနေကြောင့် ယာဉ်ငယ်ရပ်နားစခန်းနှစ်ခုအား ယာဉ်ရောင်းဝယ်ရေးစခန်းကဲ့သို့ ဆောင်ရွက်ပေးနိုင်ရန် ရတနာလမ်းတစ်လျှောက်တွင် နားလည်မှုနှင့် ဆောင်ရွက်နေသည့် မော်တော်ယာဉ် အကျိုးဆောင်များမှလည်း လိုလားလျက်ရှိနေပါကြောင်း၊ ၎င်းနေရာများတွင် ယာဉ်ရောင်းဝယ်ရေးစခန်း ဖွင့်လှစ်မည်ဆိုပါက နိုင်ငံတော်အတွက် ဝင်ငွေ တိုးတက်လာမည်ဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့မှုကိုလည်း အထိုက်လျောက် လျှော့ချနိုင်မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အရှုံးပြနေသော ယာဉ်ငယ်ရပ်နားစခန်း နှစ်ခုအား ဝင်ငွေတိုးတက် ရရှိရန်အတွက် ယာဉ်ရောင်းဝယ်ရေးစခန်း သို့မဟုတ် အခြားသင့်လျော်သော လုပ်ငန်းများတွဲ၍ ဆောင်ရွက်ပေးနိုင်ပါရန်နှင့် သက်ဆိုင်ရာ ဌာနအနေဖြင့် မည်သို့စီစဉ်ထားသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
မေးခွန်းတွင်ဖော်ပြထားသော ယာဉ်ရပ်နားစခန်းနှစ်ခုသည် တောင်ဥက္ကလာပမြို့နယ်၏ အဓိက လမ်းမကြီးဖြစ်သော ရတနာလမ်းနှင့် သုမင်္ဂလာလမ်းဆုံနေရာ ဖြစ်ပြီး ယနေ့အချိန်တွင် မြို့ပြဖွံ့ဖြိုးလာမှုနှင့်အတူ ရင်ဆိုင်ကြုံတွေ့လာခဲ့ရသော ယာဉ်ကြောပိတ်ဆို့မှု ပြဿနာများအား လျော့နည်းစေရန်ရည်ရွယ်၍ အများပြည်သူသုံး သီးသန့်ယာဉ်ရပ်နားနေရာအဖြစ် ရတနာပန်းခြံတွင် တစ်နေရာနှင့် မြသီတာပန်းခြံတွင်တစ်နေရာ စုစုပေါင်းနှစ်နေရာအား ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ယူ၍ တည်ဆောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယာဉ်ရပ်နားစခန်းနှစ်ခုအား ၂၄-၆-၂၀၁၅ ရက်နေ့မှစတင်ဖွင့်လှစ်၍ ယင်းစခန်းတွင် နေ့ပိုင်းဝင်ရောက် လာသည့်ယာဉ်များအတွက် ယာဉ်တစ်စီးလျှင် တစ်နာရီ ၁၀၀ ကျပ်နှုန်းဖြင့် ကောက်ခံလျက်ရှိပြီး အချိန်ကြာမြင့်မှုအလိုက် တွက်ချက်ကောက်ခံလျက်ရှိပါကြောင်း၊ ယင်းစခန်းနှစ်ခုတွင် လက်ရှိပျမ်းမျှ တစ်နေ့လျှင် ယာဉ် ၄၀ စီးရပ်တန့်လျက်ရှိပြီး ပျမ်းမျှကောက်ခံရငွေ ၄၀၇၀၀ ကျပ်ခန့် ဝင်ငွေရရှိလျက်ရှိပါကြောင်း၊
ရန်ကုန်မြို့တော်တွင် ယာဉ်ရောင်းဝယ်ရေးစခန်းများနှင့် ပတ်သက်၍ စခန်းနှစ်ခုဖွင့်လှစ်ပေးထားပြီး ဖြစ်ပါကြောင်း၊ သံသုမာယာဉ်ရောင်းဝယ်ရေးစခန်းတွင် အကျယ်အဝန်း ၁.၂၆ ဧကရှိ၍ နေ့စဉ် ပျမ်းမျှယာဉ်စီးရေ ၁၂၀ ခန့်ရပ်နား၍ ရောင်းဝယ်မှုပြုလုပ်နိုင်ပြီး လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်း အကျယ်အဝန်းမှာ ၁၀.၁၅ ဧကရှိ၍ ယာဉ်စီးရေ ၁၂၀၀ ခန့် ရောင်းဝယ်မှုပြုလုပ်နိုင်ရန် ယာဉ်ရပ်နားနိုင်သောစခန်းများ ဖြစ်ပါကြောင်း၊ ယခင်ပိတ်သိမ်းခဲ့ပြီးဖြစ်သည့် ဟံသာဝတီ ယာဉ် ရောင်းဝယ်ရေးစခန်းတွင် ဝယ်ရောင်းယာဉ်များအား ညအိပ်ရပ်နားခွင့်ပြုခဲ့၍ ကာလရှည်ကြာစွာ ယာဉ်များထားရှိပြီး ယာဉ်ရောင်းဝယ်မှု ပြုလုပ်ခဲ့ကြပါကြောင်း၊ ထို့ကြောင့် ယာဉ်ရောင်းဝယ်ရေးသမား များက ယင်းစခန်းများအား မိမိတို့ပိုင်မြေနေရာသဖွယ် သဘောထားပြီး စီမံခန့်ခွဲမှုလုပ်ငန်းများအပေါ် ကန့်ကွက်ဆန္ဒပြမှုများ၊ နှောက်ယှက်မှုများ ပြုလုပ်ခဲ့သကဲ့သို့ လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်းတွင် ဆိုင်ခန်းများ ပြန်လည်နေရာချထားသည့် အချိန်၌လည်း မလိုလားအပ်သည့် ဝင်ရောက်စွက်ဖက် ပြောဆိုခြင်းများ ပြုလုပ်ခဲ့ကြသဖြင့် လုပ်ငန်းများလုပ်ဆောင်ရာတွင် နှောင့်နှေးကြန့်ကြာမှုများ ရှိခဲ့ပါကြောင်း၊ ယခုအခါ ဖော်ပြပါယာဉ် ရောင်းဝယ်ရေးစခန်းသစ်များ ဖွင့်လှစ်ပြီးနောက်ပိုင်းတွင် ရောင်းဝယ်ရေးစခန်းများ၌ ယာဉ်များ ညအိပ်ခွင့်ပြုပါရန် လျှောက်ထားခြင်းများရှိခဲ့သော်လည်း နံနက် ၆ နာရီတွင် ဝင်ရောက်ခွင့်ပြုပြီး ညနေ ၆ နာရီအချိန်တွင် ရောင်းဝယ်မှုလုပ်ငန်းများ ပိတ်သိမ်းစေ၍ ည ၈ နာရီအချိန်တွင် ယာဉ်များပြန်လည် ထွက်ခွာစေသည့်စနစ်ဖြင့်သာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းယာဉ်ရောင်းဝယ်ရေး စခန်းများတွင် ယာဉ်များညအိပ်ရပ်နားခွင့်ပြုခြင်း မရှိခဲ့ကြောင်း၊ ဖော်ပြပါ တောင်ဥက္ကလာပမြို့နယ်ရှိ ရန်ကုန်အရှေ့ပိုင်း ယာဉ်ငယ်ရပ်နားစခန်း(၁) နှင့် (၂)ကို ယာဉ်ရောင်းဝယ် ရေးစခန်း ဖွင့်လှစ်ဆောင်ရွက်ပေးနိုင်ပါရန် လျှောက်ထားသည့်ကိစ္စနှင့် ပတ်သက်၍ အောက်ပါအချက် များကို သုံးသပ်ဆောင်ရွက်ခဲ့ပါကြောင်း၊ (က) တောင်ဥက္ကလာပမြို့နယ်တွင် အဓိကလမ်းမကြီးများ ဆုံရာနေရာဖြစ်၍ ယာဉ်ကြောပိတ်ဆို့မှုပြဿနာအား လျော့နည်းစေရန် ရည်ရွယ်ပြီး အများပြည်သူသုံး သီးသန့်ယာဉ်ရပ်နားရာ နေရာအဖြစ် ကလေးကစားကွင်းနှင့် အားကစားကွင်းများအပါအဝင် ထည့်သွင်း၍ တည်ဆောက်ဖွင့်လှစ်ထားခဲ့ခြင်း၊ (ခ) ရန်ကုန်မြို့တော် စည်ပင်သာယာရေးနယ်နိမိတ် အတွင်း သံသုမာနှင့် လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိပြီးဖြစ်၍ ယာဉ်အရောင်းအဝယ် ပြုလုပ်လိုသူများအနေဖြင့် ယင်းစခန်းများတွင် အရောင်းအဝယ်ပြုလုပ်နိုင်ခြင်း၊ (ဂ) ယင်းယာဉ်ငယ် ရပ်နားစခန်းနှစ်ခုတွင် ယာဉ်များရပ်နားရန်သာမက ယာဉ်ရောင်းဝယ်ရေး လုပ်ငန်းများကိုပါ လုပ်ကိုင်လိုပါက ယာဉ်ညအိပ်ရပ်နားခွင့်ပြုပါက သံသုမာနှင့် လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်းများ တွင်လည်း အလားတူယာဉ်ညအိပ် ရပ်ထားခွင့်များကို တောင်းဆိုလာမှုများ ရှိလာနိုင်ပါကြောင်း၊ ဖော်ပြပါအချက်များကိုသုံးသပ်၍ ယာဉ်ရောင်းဝယ်ရေးလုပ်ကိုင်သူများ၏ အသုံးပြုခွင့်ပေးပါရန် တင်ပြစာနှင့်ပတ်သက်၍ ၅-၁-၂၀၁၆ ရက်နေ့တွင်ကျင်းပသော ကော်မတီဝင်များအစည်းအဝေးက ယာဉ်ရောင်းဝယ်ရေးစခန်းများ တစ်ခုပြီးတစ်ခု တိုးချဲ့ဖွင့်လှစ်ပေးရန်မသင့်ဘဲ ယာဉ်ရောင်းဝယ်သူများ က နိုင်ငံတော်ကို သတ်မှတ်အခွန်အခပေးဆောင်၍ မိမိကိုယ်ပိုင် Show Room ဖွင့်လှစ်ဆောင်ရွက် ရန်ဟု ဆုံးဖြတ်ထားပါကြောင်း၊ ထို့ပြင် ဖော်ပြပါယာဉ်ရပ်နားစခန်းနှစ်ခုတွင် ယာဉ်ရောင်းဝယ်ရေး လုပ်ကိုင်သူများအနေဖြင့် ယာဉ်များရပ်နား၍ လုပ်ငန်းဆောင်ရွက်လိုပါက ကျသင့်သည့်ယာဉ်ရပ်နားခ တန်ဖိုးပေးချေ၍ ရပ်နားဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တောင်ဥက္ကလာပမြို့နယ်၊ ရတနာလမ်းနှင့် သုမင်္ဂလာလမ်းဆုံရှိ ယာဉ်ရပ်နားစခန်းနှစ်ခုအား ယာဉ်ရောင်းဝယ်ရေးစခန်းအဖြစ် ပြောင်းလဲဖွင့်လှစ် ဆောင်ရွက်ပေးရန် အစီအစဉ်မရှိပါကြောင်းနှင့် လက်ရှိယာဉ်ရပ်နားစခန်း အတိုင်းသာ ထားရှိမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဒေါက်တာဦးစောနိုင် (တောင်ဥက္ကလာပမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်
နေပြည်တော်ကောင်စီဝင် ဖြေကြားသွားသည့်အထဲတွင် ယာဉ်ရောင်းဝယ်ရေး လုပ်ကိုင်လိုပါက အဆိုပါစခန်းထဲသာ ဝင်ပြီးဆောင်ရွက်၍ရသည် ဟု ဖြေကြားသွားပါကြောင်း၊ သို့သော်လည်း ယင်းယာဉ်ရပ်နားစခန်းက ယာဉ်ရောင်းဝယ်ရေးလုပ်သည့်အခါ ယာဉ်သာဝင်၍ရပြီး လူကိုဝင်ခွင့်မပေးပါကြောင်း၊ ထို့ကြောင့် ယာဉ်ရပ်လို့ရပြီး လူသီးသန့်ဝင်၍မရသည့်အတွက် တစ်နိုင်တစ်ပိုင် လုပ်ကိုင်လိုသူများ၊ မိုးရွာသည့်အခါ လမ်းဘေးတွင် လုပ်နေသည့်လူများနှင့် နိုင်ငံတော်လည်း ဝင်ငွေတိုးတက်အောင် ထိုသို့ဝင်ခွင့်ပေး၍ ရ/မရကို သိရှိလိုကြောင်း မေးမြန်းပါသည်။
နေပြည်တော်ကောင်စီ၊ ကောင်စီဝင် ဦးညီထွန်း
ကိုယ်စားလှယ်ကြီးမေးမြန်းသည့် လူဝင်ခွင့်ကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို ထပ်မံမေးမြန်းပြီး တင်ပြသွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။
