ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက လယ်ယာမြေသိမ်းဆည်းမှုကော်မရှင်နှင့် အစီရင်ခံစာ ၃၀ မျိုးကို လာရှင်းပြချိန်တွင် လယ်သမားများပိုင်ဆိုင်မှု သက်သေစာရွက်စာတမ်းနှင့် အသိသက်သေ ၂ ယောက်၊ ၃ ယောက်ရှိပြီး ခိုင်လုံသောအထောက်အထားပြနိုင်ပါက ၂၀၁၄ ခုနှစ် ဒီဇင်ဘာလမကုန်ခင်တွင် လယ်သမားများ၏ လက်သို့ အကုန်အပ်နှံရမည်ဟု ကတိပေးခဲ့ပါကြောင်း၊ ရှင်းလင်းချက်အပေါ် အနယ်နယ်အရပ်ရပ်မှ တောင်သူလယ်သမားများ ဝမ်းမြောက်အားရကြပြီး စောင့်မျှော်နေကြသော်လည်း မိမိတို့ ချင်းပြည်နယ်တွင် တစ်စုံတစ်ခုမျှ လယ်သမားများ မရရှိသေးပါကြောင်း၊ ဟားခါးမြို့ရှိ ပြည်တော်သာရပ်နေ ဦးဒေါ့ကျုံးဘိုးဘွားမြေနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာမျှ ဆောင်ရွက်ပေးခြင်း မရှိသေးပါကြောင်း၊ ယခုကိစ္စနှင့် ပတ်သက်ပြီး ဦးဒေါ့ကျုံးပိုင်နယ်မြေမဟုတ်သော တောင်ကြိုတောင်ကြားတွင် သိုးခြံမြေဧက ၄၀ အစား (၁၀၀ x ၁၀၀) ပေပတ်လည် မြေကွက်တစ်ခု အစားထိုးပေးရန် ခေါ်တွေ့သော်လည်း ပိုင်ရှင်ဦးဒေါ့ကျုံးကလည်း မခံနိုင်ဘဲ ဧက ၄၀ အစား တဝက်ခန့် ဧက ၂၀ ပေးနိုင်မည်ဆိုပါက ခံနိုင်မည်ဟု ပြောခဲ့ပါကြောင်း၊ ထို့ကြောင့် ဦးဒေါ့ကျုံးမြေကွက် ၂၀ ကို ပြန်ပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ချင်းပြည်နယ်အစိုးရအဖွဲ့၏ အစည်းအဝေးအမှတ်စဉ် (၃/၂၀၁၄) ဆုံးဖြတ်ချက် (၁၅) အရ ချင်းပြည်နယ်၊ ဟားခါးမြို့၊ ပြည်တော်သာရပ်ကွက်နေ ဦးဒေါ့ကျုံး၏ ဘိုးဘွားပိုင်မြေဧက ၄၀ နေရာကို မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီနှင့် မြို့မိမြို့ဖများမှ အများသုံးရေထိန်းဧရိယာအဖြစ် သတ်မှတ်ပြီးကြောင်း မြို့မြေအတွင်းရှိ သင့်တော်သော မြေနေရာတွင် ပေ (၁၀၀ x ၁၀၀) ပတ်လည်ရှိ မြေကွက်အား ပြန်လည်ချထားပေးရန် ဆုံးဖြတ်ထားပြီး ကာယကံရှင် ဦးဒေါ့ကျုံးအား ဟားခါးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၁၃-၃-၂၀၁၄ ရက်စွဲပါစာအမှတ်၊ ၄/ ၆-၁၁(၄၂၃) / ဦး ၁ ဖြင့် အကြောင်းကြားခဲ့ပြီး ၁၃-၃-၂၀၁၄ ရက်နေ့ ၁၃း၀၀ နာရီအချိန်တွင် တစ်ကြိမ်၊ ၂၈-၁၁-၂၀၁၄ ရက်နေ့တွင် ဒုတိယအကြိမ် ခေါ်ယူရှင်းလင်းခဲ့ရာ ကာယကံရှင် ဦးဒေါ့ကျုံးမှ တင်ပြထားသော မြေ ၄၀ ဧကမှ ၁၅ ဧကခန့်ရရှိမှသာ ကျေနပ်မည်ဖြစ်ကြောင်းနှင့် ဟားခါးခရိုင်/ပြည်နယ်အုပ်ချုပ်ရေးမှူးမှ နစ်နာမှုအဖြစ် အစားထိုးပြန်လည်ပေးအပ်မည့် မြို့မြေဧရိယာအတွင်းရှိ ပြည်တော်သာ/ ကျောဘုတ်/ မြို့ဟောင်းရပ်ကွက်အတွင်း သင့်တော်သည့်နေရာတွင် ပေ (၁၀၀x၁၀၀) ပတ်လည်ရှိ မြေကွက် ချထားပေးသည်ကို လက်မခံနိုင်ကြောင်း ကာယကံရှင်မှ ဝန်ခံကတိပြုလက်မှတ်ရေးထိုးထားပြီးဖြစ်ပါကြောင်း။
အဆိုပါမြေနေရာအား မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီနှင့် ဟားခါးမြို့ပေါ်ရှိ မြို့မမြို့ဖတို့မှ ရေထိန်းဧရိယာအဖြစ် သတ်မှတ်ပြီးကြောင်းနှင့် ၁၀-၁-၂၀၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဟားခါးမြို့နယ် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ် (၁/၂၀၁၅) ဆုံးဖြတ်ချက်အရ သင့်တော်သောမြေနေရာ အစားထိုးပေးသည့် မြေကွက်အား ကာယကံရှင် ဦးဒေါ့ကျုံးမှ ငြင်းပယ် သဖြင့် ပြန်လည်ပေးအပ်ခြင်းမပြုနိုင်ကြောင်းကို မြို့နယ်နှင့် ခရိုင် မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီတို့မှ အဆင့်ဆင့်တင်ပြလာသည့်အပေါ် ၂၇-၁-၂၀၁၅ ရက်နေ့တွင် ပြုလုပ်သော ချင်းပြည် နယ် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၃/၂၀၁၅) အရ ဦးဒေါ့ကျုံးအား ပြန်လည်အစားထိုးပေးအပ်ခြင်း မပြုတော့ရန် ဆုံးဖြတ်ထားပြီးဖြစ်ပါသဖြင့် ဦးဒေါ့ကျုံးမှ တောင်းခံထားသည့် မြေဧက ၄၀ အစား ဧက ၂၀ ကို ပြန်လည်ပေးအပ်ရန် အစီအစဉ်မရှိပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။
