(စ)-မက်မန်းမြို့နယ်တွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးအဆောက်အဦ ဆောက်လုပ်ပေးရန်အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၂၈.၁.၂၀၁၉)

 

မက်မန်းခရိုင်အနေဖြင့် ခရိုင်အဆင့်ဌာနဆိုင်ရာ‌ ခြောက်ခု၊ မက်မန်းမြို့နယ်အနေဖြင့် ဌာနဆိုင်ရာ ၂၀ ခု တို့ဖြင်‌့ မြို့နယ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးကို ၁၇-၁၁-၂၀၁၄ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ဦးစီးအရာရှိ တစ်ဦး၊ အခြားဝန်ထမ်း နှစ်ဦး၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ဦးစီးအရာရှိ တစ်ဦး၊ အခြားဝန်ထမ်း နှစ်ဦးတို့ဖြင့် စတင်ဖွင့်လှစ်ပြီး တာဝန်ထမ်းဆောင်လျက် ရှိပါကြောင်း၊ ခရိုင်/မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးများအနေဖြင့် လက်ရှိတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွင်ရှိသည့် ရုံးခန်းတစ်ခန်း ခေတ္တဖွင့်လှစ်ထားပြီး ရုံးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး တာဝန်ထမ်းဆောင် နေသော ဝန်ထမ်းများအနေဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်မှုရုံး ဝန်ထမ်းအိမ်ရာတွင် ခေတ္တတွဲဖက် နေထိုင်လျက် ရှိသည်ကို တွေ့ရှိရပါကြောင်း၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံး အဆောက်အဦ ဆောက်လုပ်ရန်အတွက် မက်မန်းမြို့ မြို့ပတ်လမ်းတွင် မြေဧက ဝ.၂၃ ဧက လျာထားသတ်မှတ် ထားပြီးဖြစ်သည် ဆိုသည်ကိုလည်း ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ်တွင်လည်း သိရှိခဲ့ရပါကြောင်း၊ တာဝန်ထမ်းဆောင်နေသည့် နိုင်ငံ့ဝန်ထမ်းများအတွက် ရုံးအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာ များကလည်း မရှိမဖြစ်လိုအပ်သော အခန်းကဏ္ဍတွင် ပါဝင်နေသကဲ့သို့ မကြာမီကာလအတွင်း တွင်လည်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲ နီးကပ်လာပြီ ဖြစ်သည့်အတွက် ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များအား စနစ်တကျ မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ရန် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ သင်တန်း ပို့ချရမည်ဖြစ်သလို ဆက်စပ်ဌာနများတွင် တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများကိုလည်း ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ အသိပညာပေးဟောပြောပွဲများ ပြုလုပ်ရမည်ဖြစ်သည့်အတွက် မိမိအနေဖြင့် မေးချင်သည်မှာ မက်မန်းမြို့နယ်တွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ရုံးအဆောက်အဦ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိမည်ဆိုပါကလည်း မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ် ပေးမည်ကို သိရှိလိုသည့်အတွက် မေးမြန်းရခြင်းဖြစ်ပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အဖွဲ့ဝင် ဦးသန်းဌေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရှမ်းပြည်နယ်၊ မက်မန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးအတွက် ရုံးအဆောက်အဦ ဆောက်လုပ်ရန် အမှတ် (၁) ရပ်ကွက် မက်မန်း-အေးကျန့်သွား ကားလမ်းဘေး မက်မန်းမြို့နယ်ရှိ မြေဧရိယာ ဝ.၂၃ ဧကတွင် မြေနေရာရရှိပြီး ဖြစ်ပါသဖြင့် ရုံးဆောက်လုပ်နိုင်ရေးအတွက် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်၌ ဘဏ္ဍာလျာထားငွေအား တင်ပြတောင်းခံသွားမည်ဖြစ်ပြီး ရရှိပါက  ဆောက်လုပ် ပေးသွားမည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ      ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများအတွက် ရုံးပိုင်အဆောက်အဦများကို ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေတင်ပြတောင်းခံပြီး ဆောက်လုပ်ပေးလျက်ရှိရာ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် အဆောက်အဦ ၁၄ လုံး၊  ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် အဆောက်အဦအလုံး ၄၀၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် အဆောက်အဦ ၃၈ လုံး စုစုပေါင်းအဆောက်အဦ ၉၂ လုံး ဆောက်လုပ် ပြီးစီးခဲ့ပြီးဖြစ်ပါကြောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ ၃၈ ရုံးကို ဆောက်လုပ်ခွင့်ပြုချက်ရရှိပြီး ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။