ကျောင်းအပ်စကလေးများသည် ကျောင်းအပ်သောအခါ အသက်မပြည့်ပါက သို့မဟုတ် ၂ လ လိုပါက မြို့နယ်ပညာရေးမှူးလက်မှတ်လိုအပ်ခြင်း၊ ၃ လ လိုပါက ခရိုင်ပညာရေးမှူးထောက်ခံလက်မှတ်နှင့် အပ်ရခြင်းများ၊ ကျောင်းထွက်လက်မှတ်ယူပါက မြို့နယ်ခြားွပောင်းလျှင် မြို့နယ်ပညာရေးမှူး ထောက်ခံချက်လက်မှတ် ထပ်ဆင့်ယူရခြင်းစသည့် ဟန့်တားချက်များကို ဖြေလျှော့ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မေးခွန်းမေးမြန်းရခြင်း၏ ရည်ရွယ်ချက်မှာ မြို့နယ်ခြား/တိုင်းခြား ကျောင်းပြောင်းလက်မှတ် ထုတ်ယူခြင်းနှင့် အသက်မပြည့်ဘဲ ကျောင်းအပ်ခြင်းများမှာ မြို့နယ်ပညာရေးမှူးများ ထပ်ဆင့် လက်မှတ်လိုအပ်ခြင်း၊ ကန့်သတ်ထားခြင်းသည် မိမိတို့ဟုမ္မလင်းမြို့နယ်ကဲ့သို့ ကြီးမားကြယ်ပြန့်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောဒေသ၊ မြို့နယ်အစွန်အဖျားတွင်ရှိသည့် ကျောင်းသား/သူများနှင့် မိဘများအတွက် အမှန်တကယ်အခက်အခဲ၊ အဟန့်အတားဖြစ်ပါကြောင်း၊ ဟုမ္မလင်းမြို့နယ်သည် ဧရိယာစတုရန်းမိုင်ပေါင်း ၄၃၂၈.၄၄၈ မိုင်ကျယ်ဝန်းပြီး မြို့သုံးမြို့နှင့် ကျေးရွာပေါင်း ၃၂၆ ရွာဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပါကြောင်း၊ ဟုမ္မလင်းမြို့၏ ချင်းတွင်းမြစ်အထက်ဘက်အစွန်ဆုံး ငဇင်းကျေးရွာ အုပ်စုဆိုလျှင် မြို့မှမိုင်ပေါင်း ၇၀ ကျော် ကွာဝေးပါကြောင်း၊
ချင်းတွင်းမြစ် အောက်တွင်ဆိုလျှင် အစွန်ဆုံးဖြစ်သည့် မနော်တာကျွန်းကုန်း အုပ်စုကလည်း မိမိတို့မြို့မှ ၇၀ ကျော် ဝေးကွာပါကြောင်း၊ ဥရုမြစ်ရိုးတစ်လျောက်ကို ကြည့်မည်ဆိုပါကလည်း ဟုမ္မလင်းမြို့မှ အဝေးဆုံး၊ အစွန်ဆုံးဖြစ်သည့် ပါဟုတ်ကြီးပညာရေးဒေသ၊ ဒီနန်မြစ်ပါကလာ ဒေသသည် ဟုမ္မလင်းမြို့မှ မိုင်ပေါင်း ၁၅၀ အထိ ဝေးကွာခြင်းဖြစ်ပါကြောင်း၊ ၎င်းပါဟုတ်ကြီး ပညာရေးဒေသတွင် တက်ရောက်နေကြသည့် ကလေးများသည် အလယ်တန်းပညာရေးအပြီး အထက်တန်း ပညာရေးကို ဆက်လက်ဆည်းပူးမည်ဆိုလျှင် ၎င်းတို့နှင့်အနီးဆုံး မြို့နယ်တွင်းက အ.ထ.က (နန်တော) ဖြစ်ပါကြောင်း၊ အဆိုပါ အ.ထ.က (နန်တော) သည် ပါဟုတ်ကြီးဒေသနှင့် မိုင်ပေါင်း ၈၀ ကျော် ကွာဝေးနေခြင်းဖြစ်ပါကြောင်း၊ ၎င်းတို့နှင့်အနီးဆုံး အ.ထ.က ကျောင်းက အ.ထ.က (ဆယ်ဆင်း) ဖြစ်ပြီး မိုင်ပေါင်း ၁၀ မိုင်၊ ၁၅ မိုင် ခန့်သာကွာဝေးပါကြောင်း၊ သို့သော်လည်း အ.ထ.က (ဆယ်ဆင်း) က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း တည်ရှိနေသည့်အတွက် အ.ထ.က (ဆယ်ဆင်း) ကို ပြောင်းရွေ့နေမည်ဆိုလျှင် မြို့နယ်ပညာရေးမှူးလက်မှတ် လိုသည့်အတွက် ဟုမ္မလင်းမြို့ကို လာရမည်ဖြစ်ပါကြောင်း၊ ဟုမ္မလင်းမြို့ကိုလာမည်ဆိုလျှင်လည်း နယ်အစွန်အဖျားဒေသမှ ဟုမ္မလင်းမြို့ကို အနည်းဆုံးအသွားတစ်ရက်၊ အပြန်တစ်ရက်အနည်းဆုံး သုံးရက်ကြာမည်ဖြစ်ပြီး အဆင်မသင့်လျှင် လေး၊ ငါး၊ ခြောက်ရက်ထိ ကြာပါကြောင်း၊ ခရီးစရိတ် အနေဖြင့်ကလည်း အနည်းဆုံးတစ်သိန်းမပါဘဲ ဟုမ္မလင်းမြို့ကိုလာ၍ မရပါကြောင်း၊ ထို့ကြောင့် ကျောင်းပြောင်းလက်မှတ်အတွက် မြို့နယ်ပညာရေးမှူးလက်မှတ် လိုအပ်လျှင် ကျောင်းအုပ် ဆရာကြီးက တာဝန်ခံလုပ်ပေးမည်ဆိုပါက ကျောင်းအုပ်ဆရာကြီးအတွက် ခရီးစရိတ်ကို လူမှုရေးအနေဖြင့် ထောက်ပေးရမည် ဖြစ်ပါကြောင်း၊ ဟုမ္မလင်းနယ်စွန်တွင်ရှိသည့် ကျေးရွာသူ ကျေးရွာသားများသည် ယနေ့အချိန်ထိ ဟုမ္မလင်းကို မရောက်ဖူးသည့်သူများ အများကြီး ရှိနေပါကြောင်း၊ ယခုကဲ့သို့ အခက်အခဲများကြားမှ ကျောင်းပြောင်းလက်မှတ်ယူခြင်း၊ ကျောင်းအပ်ခြင်းများကို မြို့နယ်ပညာရေးမှူး လက်မှတ်နှင့်မှရမည်ဆိုပြီး အဟန့်အတားများ လုပ်ထားသည့်အခါ အတော့်ကိုခက်ခဲပါကြောင်း၊ ကျောင်းပြောင်းလက်မှတ် ထုတ်ပေးခြင်း၊ ကျောင်းအပ်လက်ခံခြင်းသည် ကျောင်းအုပ်တစ်ယောက်၏ တာဝန်နှင့်ဝတ္တရားဟု မိမိတို့ သိထားပါကြောင်း၊ အဆိုပါ တာဝန်ဝတ္တရားအပေါ် မြို့နယ်ပညာရေးမှူးထောက်ခံချက် လိုအပ်သည် ဆိုသည့်အတွက် ကျောင်းအုပ်တစ်ယောက်သည် တာဝန်ယူမှု မရှိနိုင်ဘူးလားဟုလည်း မေးခွန်းထုတ် စရာဖြစ်နေပါကြောင်း၊
သို့ဖြစ်ပါ၍ ကျယ်ပြန့်သည့် မြို့နယ်အတွင်းရှိ နယ်စွန်နယ်ဖျားတွင်နေကြသော ကျောင်းသား/သူ များနှင့် ကျောင်းသားမိဘများကိုယ်စား သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် အခြေခံပညာကျောင်းများတွင် ကျောင်းစတင် အပ်ရန် အသက်ငါးနှစ် ပြည့်မှရပါကြောင်း၊ အသက်ငါးနှစ်ပြည့်သော ကလေးတိုင်းကို KG တန်း၊ ပထမတန်း၊ သူငယ်တန်းမှစတင်၍ ကျောင်းအပ်လက်ခံပါကြောင်း၊ ကျောင်းစတင်အပ်နှံမည့် ကလေးများသည် အသက်ငါးနှစ်ပြည့်ရန် အရေးကြီးပါကြောင်း၊ အသက်ငါးနှစ်မပြည့်ဘဲ ကျောင်းအပ် လိုသည်က မိဘအုပ်ထိန်းသူများ၏ ဆန္ဒသဘောသာဖြစ်ပါကြောင်း၊ အသက်ငါးနှစ် မပြည့်သည့်သူ များထဲမှ အသက်ငါးနှစ်ပြည့်ရန် နှစ်လလိုအပ်သည်ဆိုလျှင် သက်ဆိုင်ရာကျောင်းအုပ်၊ အတန်းပိုင်၊ မူလတန်းအတန်း ကိုယ်စားလှယ်တို့ ပါဝင်သော ကျောင်းတွင်းစစ်ဆေးရေး အကဲဖြတ်အဖွဲ့မှ သူငယ်တန်းတွင် တက်ရောက်ရန် အဆင်သင့်ဖြစ်/မဖြစ် စိစစ်အကဲဖြတ်ပြီး တက်ရောက်ခွင့် ပြုရန်နှင့် အဆင်သင့်ဖြစ်မည်ဟု ဆုံးဖြတ်လျှင် မြို့နယ်ပညာရေးမှူးထံတင်ပြပြီး အတည်ပြုချက်ရယူ ဆောင်ရွက်ရန် လိုပါကြောင်း၊ အသက်ငါးနှစ်ပြည့်ရန် သုံးလလိုအပ်လျှင် အထက်ပါ အစီအစဉ်အတိုင်း ဆောင်ရွက်ပြီး ခရိုင်ပညာရေးမှူးထံတင်ပြ၍ အတည်ပြုချက် ရယူဆောင်ရွက်ရန် လိုပါကြောင်း၊ ယခုကဲ့သို့ တင်ပြအတည်ပြုချက် ရယူဆောင်ရွက်ရန်ဆိုသည်မှာ ကျောင်းကို လျှောက်ထား တင်ပြပြီးမှ ကျောင်းကနေ မြို့နယ်ပညာရေးမှူးထံ သို့မဟုတ် သုံးလလိုအပ်လျှင် ခရိုင်ပညာရေးမှူးထံ တင်ပြအတည်ပြုချက် ရယူဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျောင်းအပ်လက်ခံသည့်အခါ အသက်ငါးနှစ်ပြည့်မီသော ကလေးတိုင်းကို ကျောင်းအပ်လက်ခံရန် စီစဉ်ဆောင်ရွက်ခြင်း ဖြစ်သည့်အတွက် နှစ်လအလိုနှင့်သုံးလအလို လိုအပ်သည့်ကလေးများကို ကျောင်းအပ် လက်ခံသည့်အခါ ကျောင်းတွင်းစစ်ဆေးရေး အကဲဖြတ်အဖွဲ့၏စိစစ်မှုဖြင့် အကဲဖြတ်ပြီး ကျောင်းနေရန် အဆင်သင့်ဖြစ်ကြောင်း ဆုံးဖြတ်ပါက ချက်ချင်းလက်ခံသင်ကြား စေပါကြောင်း၊ အဆိုပါ ကလေးများနှင့်ပတ်သက်ပြီး မြို့နယ်ပညာရေးမှူးနှင့် ခရိုင်ပညာရေးမှူးတို့ထံ တင်ပြအတည်ပြုချက် ရယူဆောင်ရွက်ရခြင်းမှာ ရုံးလုပ်ငန်းသဘောတရားအရ နောင်တွင် အရှုပ်အရှင်းမဖြစ်ဘဲ ပွင့်လင်းမြင်သာစွာနှင့် မှတ်တမ်းထားရှိရန်အတွက် ကျောင်းသား/သူများ၏ သင်ယူမှုအခွင့်အလမ်းကို အနှောင့်အယှက် မဖြစ်စေလိုသည့်အတွက် ကျောင်းအပ်လက်ခံရန် အဟန့်အတား မဖြစ်နိုင်ပါကြောင်း၊
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ၂၀၁၈ ခုနှစ် မေလတွင် ကျောင်းအုပ်ချုပ်မှု သင်တန်းကျောင်း (ထောက်ကြန့်) တွင် ဖွင့်လှစ်ခဲ့သည့် ပညာရေးစီမံခန့်ခွဲသူများ၏ စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းမှစ၍ တိုင်းဒေသကြီး/ပြည်နယ်ခြားပြောင်းသော ကျောင်းထွက်လက်မှတ် (TC) များတွင်သာ မြို့နယ်ပညာရေးမှူး၏ ထောက်ခံချက် ထပ်ဆင့်ရေးထိုးရန် လိုအပ်ကြောင်း ညွှန်ကြား ထားရှိပြီး တိုင်းဒေသကြီး/ပြည်နယ်အတွင်းရှိ မြို့နယ်ခြားပြောင်း (TC) များတွင်မူ မြို့နယ် ပညာရေး မှူး၏ထောက်ခံချက် ထပ်ဆင့်ရေးထိုးရန် မလိုအပ်ပါကြောင်းနှင့် တိုင်းဒေသကြီး/ ပြည်နယ်အတွင်း မြို့နယ်ခြားပြောင်း (TC) များအတွက် ကျောင်းအုပ်မရှိဘဲ တာဝန်ခံကျောင်းအုပ်သာ ရှိသည့် ကျောင်းများမှ TC များအတွက်ကိုသာ မြို့နယ်ပညာရေးမှူး၏ ထပ်ဆင့်ထောက်ခံချက် လက်မှတ်ရယူ ဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက် ထားလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
