ကောလင်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော ဝက်နားရွက်ပြာနှင့် အခြားပူးတွဲရောဂါများကြောင့် ဝက်များ ထောင်ချီသေဆုံးကာ စီးပွားရေးပျက်စီးသွားသော မွေးမြူရေးသမားများအတွက် နိုင်ငံတော်မှ ထောက်ပံ့ ကူညီပေးနိုင်ခြင်းရှိ/မရှိ၊ မွေးမြူရေးပြန်လည်ထူထောင်ရန် ငွေကြေးနှင့်နည်းပညာပံ့ပိုး နိုင်ခြင်းရှိ/မရှိ၊ ကူးစက် ရောဂါဖြစ်ပွားလာပါက ထိန်းချုပ်ရေးအစီအစဉ်များ မည်သို့ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
ကောလင်းမြို့နယ်၏ ဝက်မွေးမြူရေးအခြေအနေ၊ ရောဂါဖြစ်ပွားမှုနှင့် ကာကွယ်စောင့်ရှောက်မှုအခြေအနေနှင့် သုံးသပ်ချက်တို့ကို အပိုင်းသုံးပိုင်းခွဲပြီး တင်ပြသွားမည်ဖြစ်ပါကြောင်း၊ ကောလင်းမြို့နယ်တွင် ဝက်များကို လူမှုရေး၊ စားဝတ်နေရေးနှင့် စီးပွားဖြစ် စသည့် ရည်ရွယ်ချက် (၃)မျိုးဖြင့် မွေးမြူကြပါကြောင်း၊ ကောလင်း မြို့နယ်အနေဖြင့် ဆည်ရေသောက်စိုက်ပျိုးရေးစနစ်မရှိသည့်အတွက် လယ်တစ်ဧကကို နှစ်ဧကဖြစ်ရန် လုပ်ဆောင်ရန် အင်မတန်ခဲယဉ်းပါကြောင်း၊ ထို့ကြောင့် ပြည်သူလူထု၏ ဝင်ငွေနှစ်ဆ တိုးစေရန်အတွက် မွေးမြူရေးကဏ္ဍကို အဓိကအားထားရပါကြောင်း၊ မွေးမြူရေးသမားများနှင့် ပူးပေါင်းပြီး မွေးမြူရေး ကဏ္ဍဖွံ့ဖြိုးရန် ကြိုးစားခဲ့ရာ ယခင်က အကောင်ရေ ၁၀၀၀၀ ပတ်ဝန်းကျင်ခန့်သာ မွေးမြူခဲ့ရာမှ အကောင်ရေ ၄၀၀၀၀ ကျော် အထိအောင် မွေးမြူလာနိုင်ကြပြီး ကန့်ဘလူ၊ ရွှေဘို၊ မန္တလေးတို့အထိအောင် ဝက်များကို တင်ပို့နိုင်ခဲ့ပါကြောင်းနှင့် စီးပွားရေးလည်း အထိုက်အလျောက်ဖြစ်ကြပါကြောင်း၊ သို့သော် ရောဂါဖြစ်ပွားချိန် တွင် ဆုံးရှုံးနစ်နာမှုသည်လည်း အများကြီးရှိပါကြောင်း၊
အဆိုပါရောဂါသည် ဝန်းသို၊ အင်းတော်ဘက်ကနေ စတင်ဖြစ်ပွားပြီး မန္တလေးနှင့် တခြားမြို့များအထိပါ ဆက်လက်ကူးစက်ပြန့်ပွားပြီး ဝက်ကောင်ရေအများအပြားသေဆုံးကုန်ပါကြောင်း၊ ကူးစက်ရသည့် အကြောင်း အရင်းတွင် (၁) စားသုံးကုန်များမှ ကူးစက်ခြင်း၊ (၂) ဝက်ကုန်သည်များ၏ ဝက်ကားများ၊ ဝက်နာတင်ဖူးသည့် ကားများမှ ရွာများတွင် ကူးစက်ခြင်း စသည့်ဖြင့် ကူးစက်ရသည့် အကြောင်းအရင်း (၂)ကို တွေ့ပါကြောင်း၊ ထိုသို့ ကူးစက်ရသည့် အကြောင်းအရင်းများကို သုံးသပ်ချက်ကြည့်မည်ဆိုပါက အချက် (၃)ခုကို တွေ့ရ ပါကြောင်း၊ (၁) မွေးမြူရေးသမားအနေဖြင့် Bio Security လုံခြုံရေးကို ကျန်းမာရေး အသိပညာ အားနည်းခြင်း၊ (၂) မွေးမြူရေးသမားများအနေဖြင့် ငွေရေးကြေးရေးနှင့် နည်းပညာများတွင် အကူအညီမဲ့နေခြင်း၊ (၃) ရောဂါဖြစ်ပွားချိန်တွင် သက်ဆိုင်ရာဌာနမှ လုံလောက်သည့် ကာကွယ်စောင့်ရှောက်မှု မလုပ်နိုင်ခဲ့ခြင်း စသည့် သုံးသပ်ချက်များကို တွေ့ရှိရပါကြောင်း၊
ထို့ကြောင့် ကောလင်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော ဝက်နားရွက်ပြာနှင့် အခြားပူးတွဲရောဂါများကြောင့် ဝက်များ ထောင်ချီသေဆုံးကာ စီးပွားရေးပျက်စီးသွားသော မွေးမြူရေးသမားများအတွက် နိုင်ငံတော်မှ ထောက်ပံ့ ကူညီပေးနိုင်ခြင်းရှိ/မရှိ၊ မွေးမြူရေးပြန်လည်ထူထောင်ရန် ငွေကြေးနှင့်နည်းပညာပံ့ပိုး နိုင်ခြင်းရှိ/မရှိ၊ ကူးစက် ရောဂါဖြစ်ပွားလာပါက ထိန်းချုပ်ရေးအစီအစဉ်များ မည်သို့ဆောင်ရွက်ပေးမည်ကို သိလိုပါကြောင်း ပြောကြားပါသည်။
ဝက်နားရွက်ပြာရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သည့် ရောဂါဖြစ်ပါကြောင်း၊ ဝက်များမှာသာ ဖြစ်ပွားသည့်ရောဂါဖြစ်ပြီး အသက်အရွယ်မရွေးဖြစ်ပွားနိုင်အခြေအနေရှိသည့်အပြင် ရာသီဥတုအကူး အပြောင်းကာလများတွင် ဖြစ်ပွားလေ့ရှိပါကြောင်း၊ ၂၀၁၁ ခုနှစ်က မန္တလေးတိုင်းဒေသကြီးတွင် စတင်ဖြစ်ပွားခဲ့ပါကြောင်းနှငင့် မြန်မာနိုင်ငံတွင် နှစ်စဉ်ဖြစ်ပွားမှုရှိပြီး ၂၀၁၈ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်း၊ ဝန်းသို၊ အင်းတော်မြို့နယ်တို့တွင် ရောဂါကျရောက် ဖြစ်ပွားခဲ့သည်ကို သိရှိရပါကြောင်း၊
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် တိရစ္ဆာန်မှတစ်ဆင့် ကူးစက်တတ်သည့် ရောဂါကြောင့် ဖြစ်ပေါ်လာသည့် ကျန်းမာရေးပြဿနာတွေကို စောင့်ကြပ်ကြည့်ရှုခြင်း၊ စောစီးစွာတုံ့ပြန်ဆောင်ရွက်ခြင်း၊ ကြိုတင်ကာကွယ်ခြင်းနှင့် ရောဂါနှိမ်နင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝက်နားရွက်ပြာ ရောဂါသည် ဝက်က လူကို ကူးစက်လေ့မရှိနိုင်ကြောင်းနှင့် ဝက်နှင့်ထိတွေ့သူများအနေဖြင့် ဝက်နှင့်တိုက်ရိုက် ထိတွေ့မှုမရှိစေရန် နှာခေါင်းစည်း၊ လက်အိတ်စသည့် ရောဂါကာကွယ်ရေးပစ္စည်းများ အသုံးပြုရန်၊ သံသယဖြစ်ဖွယ် ဝက်နားရွက်ပြာရောဂါနှင့် သေဆုံးဝက်များကို ချက်ပြုတ်စားသောက်ခြင်းမပြုရန်၊ ဝက်နှင့် ထိတွေ့သူများ ဖျားနာပါက နီးစပ်ရာကျန်းမာရေးဌာနကို သွားရောက်ပြသရန် လိုအပ်ပါကြောင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းပြီး တိရစ္ဆာန်မှတစ်ဆင့် ကူးစက်တတ်သည့် ရောဂါများကို ကာကွယ်နှိမ်နင်းရေးအတွက် တစ်ခုတည်းသော ကျန်းမာရေး(One Health Approach)ကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊
စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ ကောလင်းမြို့နယ်အတွင်း ဝက်နားရွက်ပြာရောဂါကြောင့် ဝက်များသေဆုံးခြင်းနှင့် စပ်လျဉ်းပြီး ဝက်နားရွက်ပြာ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရန်အချက်များကို အသိပေး ထုတ်ပြန်ထားပြီးဖြစ်သည့်အပြင် ကာကွယ်ဆေးအသုံးပြုရန်အတွက်ကိုလည်း ခွင့်ပြုပေး ထားကြောင်း၊
ဝက်နားရွက်ပြာရောဂါသည် လူကိုကူးစက်မှုမရှိသည့် ရောဂါဖြစ်သည့်အတွက် လူကို ကူးစက်နိုင်သည့် ကြက်ငှက်တုပ်ကွေးရောဂါကဲ့သို့ သုတ်သင်ရှင်းလင်းသည့် မူဝါဒ ထည့်သွင်းချမှတ်ထားမှု မရှိပါကြောင်း၊ ဝက်နားရွက်ပြာရောဂါဖြစ်ပွားမှုနှင့်ဆက်စပ်ပြီး မွေးမြူထားသည့် ဝက်များ သေဆုံးမှု၊ ဈေးလျှော့ရောင်းချ မှုကြောင့် ဖြစ်ပေါ်လာခဲ့သည့် ဆုံးရှုံးမှုများအပေါ် အထောက်အပံ့ပြုနိုင်ရန် အစီအစဉ်မရှိဘဲ နည်းပညာ ပိုင်းကိုသာ ကူညီပေးသွားနိုင်မည်ဖြစ်ပါကြောင်း၊
နည်းပညာနှင့်ပတ်သက်ပြီး ဝက်နားရွက်ပြာရောဂါကာကွယ်တားဆီးရေးဆိုင်ရာ ပညာပေး ဟောပြောပွဲများ၊ ဇီဝလုံခြုံမှုဆိုင်ရာ ပညာပေးဟောပြောပွဲများ၊ တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများ၊ ဝက်မွေးမြူထုတ်လုပ်ရေးဆိုင်ရာသင်တန်း၊ တိရစ္ဆာန်ကူးစက်ရောဂါဆိုင်ရာပညာပေးသင်တန်းနှင့် ကောင်းမွန် သည့် မွေးမြူရေးကျင့်စဉ်(GAHP)သင်တန်းတွေဖွင့်လှစ်ပြီး ပံ့ပိုးကူညီပေးနိုင်ရန် စီမံဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊
ရောဂါထိန်းချုပ်ရေးအစီအစဉ်များအဖြစ် အထူးအဖွဲ့များကို ဖွဲ့စည်းစေလွှတ်ခြင်း၊ ကုသခြင်းနှင့် ကာကွယ်ခြင်း တို့ကို ကွင်းဆင်းဆောင်ရွက်ပေးခြင်း၊ ဒေသအာဏာပိုင်များ၊ တိရစ္ဆာန်ကျန်းမာရေးလုပ်သားများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊ ရောဂါစူးစမ်းထောက်လှမ်းခြင်း၊ ရောဂါနမူနာပစ္စည်းများ ရယူခြင်း၊ ဝက်နှင့်ဝက်ထွက် ပစ္စည်းရွှေ့ပြောင်းသယ်ဆောင်မှု ထိန်းချုပ်ကန့်သတ်ခြင်း၊ ခြံများတွင် ပိုးသတ်ဆေးများဖြန်းစေခြင်းနှင့် သေဆုံးဝက်များကို စနစ်တကျမြှုပ်နှံစေခြင်းနှင့် ဝက်ရောဂါအကြောင်း အသိပညာပေးဟောပြောပွဲများ ပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကိုလည်း ဆောင်ရွက်ပေးပြီးဖြစ်ပါကြောင်း၊
ထို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် ဝက်နားရွက်ပြာရောဂါဖြစ်ပွားမှုနှင့်ဆက်စပ်ပြီး ပညာပေးလုပ်ငန်းများ၊ ထိန်းချုပ်မှုဆိုင်ရာလုပ်ငန်းများ စီမံဆောင်ရွက်ပြီးဖြစ်သည့် အလျှောက် မွေးမြူထားသည့် ဝက်များ သေဆုံးမှု၊ ဈေးလျှော့ရောင်းချမှုတို့ကြောင့် ဖြစ်ပေါ်လာခဲ့သည့် ဆုံးရှုံးမှုများအပေါ်ကို ထောက်ပံ့ပေးရန် အစီအစဉ်မရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
ဦးမျိုးဇော်အောင်(ကောလင်းမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
ဝန်ကြီးဌာနအနေဖြင့် ထောက်ပံ့ပေးရန် အစီအစဉ်မရှိကြောင်း၊ နည်းပညာအကူအညီပေးသွားမည်ဖြစ်ကြောင်း၊ တိရစ္ဆာန်မှ လူကို ကူးစက်တတ်သည့် ရောဂါမဟုတ်သည့်အတွက် ထိန်းချုပ်ရာတွင် သုတ်သင် ရှင်းလင်းသည့် အစီအစဉ်မရှိကြောင်းများကို သိရှိခဲ့ရပါကြောင်း၊ စီးပွားရေးရှုထောင့်က ကြည့်မည်ဆိုပါက အင်မတန်ဆုံးရှုံး နစ်နာမှုများသည့် ဖြစ်ရပ်တစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် မွေးမြူရေးသမားများကို ဒီထက်ကိုပိုပြီး စောင့်ရှောက်မှုပေးနိုင်ရန် စဉ်းစားရမည်ဖြစ်ပါကြောင်း၊ နည်းပညာတွင်လည်း တိကျသည့်ပံ့ပိုးမှုများ ပြုလုပ်ပေးရန် လိုအပ်မည်ဟု ယူဆပါကြောင်း၊ ဓာတ်ခွဲခန်းအဖြေရရန် အချိန် ၂ ရက် ၃ ရက်သည် လုံလောက်သည်ဆိုသော်လည်း ၃ လ၊ ၄ လ ရှိသည့် အချိန်ထိ ဝက်များ အကုန်လုံးသေသွားသည့်တိုင်အောင် ကာကွယ်စောင့်ရှောက်မှုကို မရခဲ့ပါကြောင်း၊ ထိုကဲ့သို့ ပြဿနာများကို ပြည်သူလူထုအနေဖြင့် မည်သူ့ကို အကူအညီတောင်းရမည်ဆိုသည့် တိကျသည့် မူဝါဒပိုင်းဆိုင်ရာကို ဌာနအနေဖြင့် ပြန်လည် စဉ်းစားပေးရန် တင်ပြမေးမြန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဖြေကြားမှုအရ ဝက်နားရွက်ပြာရောဂါဖြစ်ပွားနေစဉ်အတွင်း ကောလင်းမြို့နယ်တွင် တိရစ္ဆာန်ဝင်ထွက်သွားလာမှုတွေကို သက်ဆိုင်ရာဒေသအာဏာပိုင်များနှင့် ပူးပေါင်း ထိန်းချုပ်ထားခဲ့သည့် အခြေအနေရှိကြောင်း၊ သို့သော် ဝက်မွေးမြူသူများအနေဖြင့် ရောဂါဖြစ်ပွားသည့် ဝက်များကို ကိုယ်ကျိုးကိုသာရှေးရှုပြီး စည်းကမ်းမဲ့စွာ လျှော့ဈေးနှင့် ရောင်းချခဲ့ခြင်းကြောင့် ရောဂါပျံ့နှံ့မှု မြန်ဆန်စွာဖြစ်ပွားပြီး သေဆုံးမှုမြင့်မားကာ ဆုံးရှုံးမှုပိုမိုများပြားခဲ့ပါကြောင်း၊ အဓိကအားဖြင့် စီးပွားရေးအရ ယခုကဲ့သို့ ထိန်းကျောင်းရမည့် ကိစ္စရပ်များကို မိမိတို့၏ မွေးမြူရေးလုပ်ငန်းရှင်များက အသီးသီးတာဝန်ယူ၊ တာဝန်ခံထိန်းကျောင်းသွားရမည့် အနေအထားဖြစ်ပါကြောင်း၊ မိမိတို့၏ မွေးမြူရေးလုပ်ငန်းများအပေါ် မွေးမြူရမည့်ကျင့်စဉ်အရ လိုက်နာဆောင်ရွက်ပြီး ထိန်းကျောင်းဆောင်ရွက်ရမည့် အခြေအနေမျိုးရှိသည့် အလျောက် အကုန်လုံးကို အထောက်အပံ့ပြုရမည်ဆိုပါက နိုင်ငံတော်အတွက်လည်း ဝန်ထုပ်ဝန်ပိုးဖြစ်သွား နိုင်သည့် အခြေအနေမျိုးလည်း ရှိမည့် အခြေအနေဖြစ်ပါကြောင်း၊ ထို့ကြောင့် ဝက်နားရွက်ပြာရောဂါသည် မိမိတို့ စောင့်ထိန်းရမည့် အနေအထားပေါ် ဝက်ခြံများက မစောင့်ထိန်းနိုင်ဘဲ မွေးမြူရေးသမားများကလည်း ကိုယ်ကျိုးသာ ရှေးရှုဆောင်ရွက်သည့်အလျောက် ယခုကဲ့သို့ ကိစ္စမျိုးတွင် မိမိတို့နိုင်ငံတော်အနေဖြင့်လည်း အထောက်အပံ့ပေးနိုင်မှုအနေအထားမျိုးမရှိသည့် အခြေအနေ မျိုးဖြစ်သည့် အခြေအနေအထိဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်းတင်ပြပါသည်။
