(ဃ)-အုတ်တွင်းမြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာအုပ်စုရှိ ရပ်ဆိုင်းထားသော ချဉ်ပေါင်ပျော့ ဖတ်စက်ရုံအား BOT စနစ်ဖြင့် အထည်ချုပ်လုပ်ငန်းအနေဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင်‌့ စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ (၂၁. ၁. ၂၀၁၉)

 

အုတ်တွင်းမြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာအုပ်စုရှိ ရပ်ဆိုင်းထားသောချဉ်ပေါင်ပျော့ဖတ်စက်ရုံသည် နှစ်နှစ်ခန့် သာလည်ပတ်ပြီး စက်ကိရိယာများ ချို့ယွင်းသည်ဟူသော အကြောင်းပြချက်ဖြင့် လည်ပတ်ခြင်းမရှိဘဲ ရပ်ဆိုင်းထားသည်မှာ ၁၀ နှစ်ခန့် ကြာမြင့်သွားပြီး မအောင်မြင်သည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ ဒေသခံပြည်သူများ လုပ်ကိုင်စားသောက်လျက်ရှိသည့် လယ်ယာမြေဧက ၃၁၁.၉၀ ဧက သီးနှံလျော်ကြေး တစ်ဧကကို ၂၀၀ ကျပ်တိတိပေးပြီး လယ်ယာမြေအတွက် တစ်စုံတစ်ရာ လျော်ကြေးပေးခြင်းမရှိဘဲ သိမ်းယူ၍ စက်ရုံတည်ဆောက်ရန်နှင်‌့ ဂုန်လျှော်စိုက်ပျိုးရန်အတွက် အသုံးပြုထားခြင်းလည်း ဖြစ်ပါကြောင်း၊ သီးနှံလျော်ကြေး ၂၀၀ တွင်လည်း အပြည့်အဝရရှိခြင်း မဟုတ်ဘဲ တစ်ဝက်ခန့်သာ ရရှိခြင်းဖြစ်ပါကြောင်း၊ စက်ရုံကို ၂၀၀၂ ခုနှစ်တွင် တည်ထောင်ပြီး ၂၀၀၇ ခုနှစ်တွင် စတင်လည်ပတ်ခဲ့ရာ စက်ပြင်မွမ်းမံရန်လိုအပ်သည့် ရန်ပုံငွေခက်ခဲခြင်း၊ စက်များ၏ အရည်အသွေးကျဆင်း၍ စွမ်းအားပြည့် မလည်ပတ်နိုင်ခြင်းတို့ကြောင့် နှစ်စဉ်အရှုံးပေါ်ခဲ့ပြီး ရပ်ဆိုင်းထားရသည့် အခြေအနေကို ရောက်ရှိသွားရခြင်း ဖြစ်ပါကြောင်း၊

မိမိတို့ လယ်ယာမြေများကို တစ်စုံတစ်ရာလျော်ကြေး ရရှိခြင်းမရှိဘဲ လက်ရှိလုပ်ကိုင်လျက်ရှိသည့်  တောင်သူများဆီမှ လယ်ယာမြေများကို အသိမ်းဆည်းခံထားရသည့် အတွက်ကြောင့် တောင်သူလယ်သမားများနှင့် ကွင်းဆင်း စစ်ဆေးခြင်းဖြစ်ပါကြောင်း၊  လည်ပတ်ခြင်းမရှိဘဲ ရပ်ဆိုင်းထားသော ချဉ်ပေါင်ပျော့ဖတ်စက်ရုံသည် အဆောက်အအုံများလည်း ပြည့်စုံခိုင်ခံ့ကြီးမားစွာရှိနေပြီး စက်ရုံအတွင်းရှိ ချို့ယွင်းနေသည့် စက်ကိရိယာများ နေရာများတွင် အထည်ချုပ်စက်ရုံအတွက် လိုအပ်သည့် စက်ကိရိယာ ပစ္စည်းများကို ပြောင်းလဲတပ်ဆင် လိုက်ခြင်းဖြင့် အထည်ချုပ်စက်ရုံအဖြစ် လည်ပတ်နိုင်မည် ဖြစ်ပါကြောင်း၊ ထို့အပြင် စက်ရုံတည်ရှိရာ ဒေသတွင်အထည်ချုပ် လုပ်ငန်းနှင့်သက်ဆိုင်သည့် ကျွမ်းကျင်သည့် လုပ်ငန်းများပေါများခြင်း၊ လုပ်ငန်းတိုးချဲ့ရေးအတွက် မြေနေရာလုံလောက်စွာရှိနေခြင်း၊ စက်ရုံလည်ပတ် ရေးအတွက် လုံလောက်သော ၄၄၀ ဗို့ အားလိုင်းများ၊ ဓာတ်အားခွဲရုံများ ရှိနေခြင်း၊ အသုံးပြုမည့် ကုန်ကြမ်းနှင်‌့ ထွက်ရှိလာသောကုန်ချော သယ်ယူပို့ဆောင်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်းစသည့် အခြေခံ အဆောက်အအုံများလည်း ပြည့်စုံလုံလောက်စွာ ရှိနေပါကြောင်း၊ BOT စနစ်ဖြင့် အထည်ချုပ်စက်ရုံကြီး လည်ပတ်နိုင်မည်ဆိုပါက ဒေသခံပြည်သူများ အလုပ်အကိုင်အခွင်‌့အလမ်းများ ရရှိနိုင်ပြီး ရင်းနှီးမြှုပ်နှံသူများအတွက်လည်း အဆင်ပြေစေနိုင်မှုများ ရှိစေကာ နိုင်ငံတော်အတွက်လည်း အခွန်ဘဏ္ဍာငွေများ ရရှိနိုင်မည်ဖြစ်သည့် အတွက်ကြောင့် အထက်ပါမေးခွန်းကို မေးမြန်းရခြင်း ဖြစ်ပါသည်။


 

ဖြေကြားသူ
စိုက်ပျိုးရေး၊မွေးမြူရေးနှင်‌့ဆည်‌ွမောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ

 

၂၀၀၂ ခုနှစ်အချိန်ကာလက လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ မြန်မာ့ဂုန်လျှော်ပစ္စည်း လုပ်ငန်းအနေဖြင့် အုတ်တွင်းချဉ်ပေါင်ပျော့ဖတ် စက်ရုံကို စတင်တည်ထောင်ခဲ့ပြီးနောက် ၂၀၀၇ ခုနှစ်တွင် စက်ရုံကို စတင်လည်ပတ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ အုတ်တွင်းချဉ်ပေါင်ပျော့ဖတ် စက်ရုံအတွက် စက်ပစ္စည်းတွင် စက်များကို ပြင်ဆင်မွမ်းမံရန်အတွက် လိုအပ်သည့် အခြေအနေရှိသည့်အလျှောက် ရန်ပုံငွေအခက်အခဲ၊ နောက်တစ်ခါ စက်၏ Capacity အရ စွမ်းအားပြည့် မလည်ပတ်နိုင်မှု အခြေအနေ၊ တစ်ဖက်တွင်လည်း လိုအပ်သည့် ကုန်ကြမ်းများ အပြည့်အဝမရရှိသည့် အခြေအနေ ရှိခဲ့သည့်အလျှောက် စက်ရုံ၏ ကုန်ထုတ်လုပ်မှုအပိုင်း ကျဆင်းပြီး နှစ်စဉ်အရှုံးဖြစ်ပေါ် နေပါကြောင်း၊

ယခုလိုအခြေအနေတွင် နိုင်ငံတော်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေပြီး ဈေးကွက်စီးပွားရေးစနစ်အရ နိုင်ငံတော်မှ မဆောင်ရွက်သင်‌့တော့ဘဲ စက်ရုံထုတ်လုပ်မှု လုပ်ငန်းများကို ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြှုပ်နှံမှု ခွင်‌့ပေးပြီး ဆောင်ရွက်ခြင်းဖြင့် ပိုမိုတိုးတက်လာရန် ရည်ရွယ်ပြီး အဆိုပါစက်ရုံကို ပုဂ္ဂလိကသို့ ငှားရမ်းနိုင်ရေး အစီအမံများ ချမှတ်ဆောင်ရွက်ခဲ့ကြောင်း စိစစ်သိရှိရပါသည်။ အဆိုပါ စက်ရုံကို ငှားရမ်းသည့်ကိစ္စနှင်‌့ စပ်လျဉ်းပြီး နိုင်ငံတော်သမ္မတရုံးကနေ ၁၇-၇-၂၀၁၂ ရက် ရက်စွဲဖြင့် ခွင်‌့ပြုချက်နှင့်အညီ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၏ ၁၈-၁၀-၂၀၁၂ ရက် ရက်စွဲပါစာဖြင့် အတည်ပြုခဲ့ခြင်း ဖြစ်ပါကြောင်း၊ စက်ရုံအနေဖြင့် ငှားရမ်းမှုပိုင်းတွင် တစ်နှစ်ငှားရမ်းခ ကျပ်သိန်း ၈၀ နှင့် ၁-၁-၂၀၁၃ ရက်နေ့မှ စတင်ပြီး နှစ် ၃၀ ငှားရမ်းခဲ့သည့် အခြေအနေ ဖြစ်ပါကြောင်း၊

ငှားရမ်းခဲ့သည့် ကုမ္ပဏီအနေဖြင့် မူလလုပ်ငန်းဖြစ်သည့် ချဉ်ပေါင်ပျော့ဖတ် ထုတ်လုပ်မှု ဆောင်ရွက်ရာတွင် လျှော်စိုက်တောင်သူများအနေဖြင့် လျှော်ကုန်ကြမ်း စိုက်ပျိုးမှုထက် ဈေးကွက်ကောင်း သီးနှံများ စိုက်ပျိုးမှုအ‌ပေါ် အာရုံထားစိုက်ပျိုးလာသည့်အလျှောက် ကုန်ကြမ်းရရန်အခက်အခဲနှင်‌့အတူ ကုန်ချော ရောင်းချရန်အတွက်လည်း ပြည်ပတွင် ဈေးကွက်ဝင် အရည်အသွေးနှင့်အညီ မဆောင်ရွက်နိုင်သည့် အကန့်အသတ်များ ရှိလာသည့်အခြေအနေ ဖြစ်ပေါ်လာခဲ့ပြီး  စက်ရုံတွင် အရှုံးပေါ်လာခဲ့ပါကြောင်း၊ ထို့ကြောင့် ဆက်လက် လည်ပတ်နိုင်ခြင်းမရှိသည့် အနေအထား ရောက်ရှိခဲ့ခြင်း ဖြစ်ပါကြောင်း၊

စာချုပ်ပါ လုပ်ငန်းရည်ရွယ်ချက်များအပေါ် ဆက်လက်ဆောင်ရွက်ရန် အခက်အခဲရှိသည့်အလျှောက် စက်ရုံကို ငှားရမ်းလုပ်ကိုင်နေသော ကုမ္ပဏီနှင့်ဝန်ကြီးဌာနတို့ အကြိမ်ကြိမ် ညှိနှိုင်းပြီး စီမံဆောင်ရွက်ခဲ့ခြင်း ရှိပါကြောင်း၊ စက်ရုံနှင့်တည်ရှိသည့် အခြေခံအဆောက်အအုံများအပေါ်  အကောင်းဆုံး အသုံးချနိုင်မည့် ပုံစံနှင်‌့ နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေပြီး  ဒေသခံပြည်သူလူထု အလုပ်အကိုင်အခွင့်အလမ်း များကိုလည်း  ပေါ်ထွက်လာစေမည့် လုပ်ငန်းကို စီးပွားရေးပုံစံပြောင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေး အတွက်ကိုလည်း  ညှိနှိုင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ကုမ္ပဏီအနေဖြင့် စီးပွားရေး တွက်ခြေကိုက်သည့် အခြားလုပ်ငန်း ဆောင်ရွက်မည်ဆိုလျှင် စက်ရုံ၏တည်နေရာ၊ အခြေခံအဆောက်အအုံ အခြေအနေ၊ ဈေးကွက်အခြေအနေနှင်‌့တကွ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း၏ ဖြစ်မြောက်နိုင်စွမ်း စူးစမ်းစိစစ် လေ့လာမှု (Feasibility Study) လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေရှိပါကြောင်း၊ ကုမ္ပဏီအနေဖြင့်လည်း ယခုလို ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်နှင်‌့စပ်လျဉ်းပြီး ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းအပေါ် စူးစမ်းလေ့လာမှု ပြုလုပ်ခြင်းနှင့် အဘက်ဘက်က လေ့လာဆန်းစစ်ပြီး ရရှိလာသည့် တွေ့ရှိချက်များအရ ဌာနကိုတင်ပြ ဆောင်ရွက်သွားမည်ဆိုသည့် အနေအထားရှိခဲ့ပါကြောင်း၊ ယခုလို လုပ်ငန်းစဉ်ကို ကာလသတ်မှတ်ပြီး အစီအစဉ်တကျ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန်အတွက် ၂၀၁၉ ခုနှစ်၊ ဧပြီလခန့်တွင် ရင်းနှီးမြှုပ်နှံမှုအစီအစဉ် စတင်နိုင်မည့် အခြေအနေကို တင်ပြရေးအတွက် ကုမ္ပဏီကို စိစစ်အကြောင်းကြားထားပြီး ဖြစ်ပါကြောင်း၊

ကုမ္ပဏီမှတင်ပြလာသော ပြောင်းလဲဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အမျိုးအစားအပေါ် မူလစာချုပ်ပါ အချက်များကို အခြေခံပြီး နိုင်ငံတော်အတွက်လည်း အကျိုးဖြစ်ထွန်းမှုရှိပြီး ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင်‌့အလမ်းရရှိမှု စသည့်အချက်များကို ထည့်သွင်းသုံးသပ် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ယခုလို စီမံအကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအနေအထားတွင် လွှတ်တော်ကိုယ်စားလှယ်ကြီး ထောက်ပြညွှန်းဆိုထားသည့် အထည်ချုပ်လုပ်ငန်းလည်း ပေါ်ထွန်းလာကောင်း ပေါ်ထွန်းလာနိုင်ဖွယ်ရှိမည် ဖြစ်သကဲ့သို့  ယင်းထက်ပိုမိုအကျိုး ဖြစ်ထွန်းမည့် လုပ်ငန်းများလည်း ဖြစ်တည်လာနိုင်မှုကိုလည်း မျှော်မှန်းဆောင်ရွက်နိုင်မည့် အခြေအနေဖြစ်ပါကြောင်း၊ သို့ဖြစ်သည့်အတွက် လက်ရှိအုတ်တွင်း မြို့နယ်အတွင်းရှိ ချဉ်ပေါင်ပျော့ဖတ်စက်ရုံနှင်‌့ စပ်လျဉ်းပြီး BOT သို့မဟုတ် ဆီလျော်ညီညွတ်မည့် နိုင်ငံခြား သို့မဟုတ် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ရပ် ဆောင်ရွက် သွားနိုင်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့၊ စီးပွားရေးရာကော်မတီသို့ တင်ပြအဆုံးအဖြတ်ခံယူပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ရှိမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဒေါ်ချိုချို (အုတ်တွင်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိအနေဖြင့် သိလိုသည်မှာ ခုနတုန်းက ကုမ္ပဏီဆိုတာက ယခင်က ကျော်ထက်ကျော်ကုမ္ပဏီကို ငှားရမ်းထားသော်လည်း နိုင်ငံတော်ကို  အခွန် သိန်း ၈၀ ပေးပါကြောင်း၊ သို့သော် စက်ရုံကို လုံးဝလည်ပတ်ခြင်း မရှိဘဲ ၎င်းသန်း ၈၀ သည် တောင်သူများဆီကို သီးစားလယ်ယာများကို ငှားပြီး ရရှိသည့် ငွေများထဲမှ သိန်း ၈၀ ကို နိုင်ငံတော်အား အခွန်ပေးခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ ထပ်မံပြီး အဆိုပါ စက်ရုံကို အသွင်ကူးပြောင်းပြီး လည်ပတ်နိုင်ရန်အတွက် ပြန်လည်ပြီးငှားရမ်းသည့် နေရာတွင် ၎င်းကုမ္ပဏီကို ဆက်လက်ပြီး ငှားရမ်းမည်နည်း၊ သို့မဟုတ် အခြားကုမ္ပဏီများကို ထပ်မံခေါ်ယူပြီး ငှားရမ်းမည်လား ဆိုသည်ကို မိမိအနေဖြင့် ထပ်ဆင်‌့မေးခွန်းအဖြစ် သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင်‌့ဆည်‌မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်

ကုမ္ပဏီက စိစစ်ပြီးတင်ပြလာသည့်အပေါ် မိမိတို့တွင် လုပ်ငန်းများ ဆက်လက်အကောင်အထည် ဖော်ရန်အတွက် နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားသော ငှားရမ်းရေးနှင့်စပ်လျဉ်းသည့် ညွှန်ကြားချက် (၃/၂၀၁၈) ရှိပါကြောင်း၊ (၃/၂၀၁၈) နှင့်အညီ ဆောင်ရွက်သွားပြီး ပြည်ထောင်စုအစိုးရအဖွဲ့ စီးပွားရေး ကော်မတီကို တင်ပြအဆုံးအဖြတ်ရယူပြီး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားပါသည်။