(ဂ)-အခြေခံပညာအထက်တန်းအဆင်‌့ အသစ်ပြဋ္ဌာန်းမည်‌့ (KG+12) သင်ရိုးဖြင်‌့ ဒသမတန်း၊ ဧကာဒသမတန်း၊ ဒွါဒသမတန်းများ၏ သင်္ချာနှင်‌့သိပ္ပံဘာသာရပ်များ သင်ကြားရာတွင် ကျောင်းသုံးစာအုပ်များကို မြန်မာဘာသာဖြင်‌့ ပြုစုသင်ကြားရန် အစီအစဉ်ရှိ/မရှိနှင်‌့ စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့ (၂၀.၁၂. ၂၀၁၈)

 

အခြေခံပညာအထက်တန်းအဆင်‌့ အသစ်ပြဋ္ဌာန်းမည်‌့(KG+12)သင်ရိုးွဖင်‌့ ဒသမတန်း၊ ဧကာဒသမတန်း၊ ဒါှဒသမတန်းများ၏ သင်္ချာနှင်‌့သိပ္ပံဘာသာရပ်များ သင်ကြားရာတွင် ကျောင်းသားကျောင်းသူများ၏ သင်ယူမှုရလဒ်မြင်‌့မားစေရေးနှင်‌့ သင်ယူမှုရလဒ်အရသိရှိခြင်း၊ နားလည်းခြင်းနှင်‌့ အသုံးချခြင်း အဆင်‌့အထိ ရောက်ရှိနိုင်ရန် ကျောင်းသုံးစာအုပ်များကို မြန်မာဘာသာဖြင်‌့ ပြုစုသင်ကြားရန် အစီအစဉ်ရှိ/မရှိနှင်‌့ စပ်လျဉ်းသည့်မေးခွန်း

မြန်မာနိုင်ငံ၏ စနစ်သစ် (KG +12) စနစ်အရ Grade-10၊ Grade-11၊ Grade-12 အတန်းများ၏ ဘာသာရပ်များကို ၂၀၂၀ ပညာသင်နှစ် သင်ရိုးသစ်ဖြင့် စတင်တော့မည်ဖြစ်ပါကြောင်း၊ ၂၀၁၉-၂၀ ခုနှစ်တွင် သင်ရိုးသစ် ကျောင်းသုံးဖတ်စာအုပ်များကို ပြုစုရေးသားရတော့မည် ဖြစ်သည့်အတွက် မူလအတိုင်း အင်္ဂလိပ်ဘာသာနှင်‌့ ပြုစုရေးသားမည်လား၊ မြန်မာဘာသာဖြင့် ပြုစုရေးသားမည်လား၊ အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာနှစ်ဘာသာဖြင့် ပြုစုရေးသားမည်လားဆိုသည်မှာ ပြတ်သားမှုနှင့်မူဝါဒ ဆုံးဖြတ်ချက်များ ချမှတ်ရန်လိုအပ်လာပြီ ဖြစ်ပါကြောင်း၊

အခြေခံပညာအထက်တန်းအဆင့်၏ သိပ္ပံဘာသာရပ် ဇီဝ၊ ဓာတု၊ ရူပနှင့်သင်္ချာဘာသာရပ်များကို အင်္ဂလိပ်ဘာသာဖြင့် ကျောင်းသုံးဖတ်စာအုပ်များတွင် ပြုစုသင်ကြားခဲ့ခြင်းမှာ ၁၉၈၆ ခုနှစ်မှစပြီး ယခု ၂၀၁၈ ခုနှစ်အထိ ၃၂ နှစ်ခန့် ကြာမြင်‌့ခဲ့ပြီ ဖြစ်ပါကြောင်း၊ ယခု ၃၂ နှစ်တာကာလအတွင်း ကျောင်းသား/သူများနှင့် ဆရာ/မများသည် ဘာသာစကားအတားအဆီး အခက်အခဲနှင့်ဘာသာရပ် ဆိုင်ရာ သဘောတရားနားလည်မှု အားနည်းသည့် အခက်အခဲတစ်ခုကို ရင်ဆိုင်နေကြပါကြောင်း၊ ဆရာ/မများ သင်ကြားရေးစနစ်တွင် ဘာသာပြန်သည့် သင်နည်းစနစ်ကို အသုံးပြုသင်ကြားခဲ့ရ သကဲ့သို့ ကျောင်းသား/သူများလည်း သင်၊ ကျက်၊ မေး၊ ဖြေစနစ်ဖြင့် သင်ကြားသင်ယူမှု လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည့်အတွက် ကျောင်းသား/သူများ၏ သင်ယူမှု၊ တတ်မြောက်မှုများ နိမ့်ကျနေခြင်းမှာ သိသာထင်ရှား လှပါကြောင်း၊ သင်ယူမှုရလဒ်အရ  (၁) သိရှိခြင်း၊ (၂) နားလည်ခြင်း၊ (၃) အသုံးချခြင်း၊ (၄) ခွဲခြမ်းစိတ်ဖြာခြင်း၊ (၅) ပေါင်းစပ်ဖန်တီးခြင်း၊ (၆) အကဲဖြတ်ခြင်းဆိုသည့် အဆင့် ၆ ဆင့်ရှိရာမှ  အဆင့်နှစ်ဆင်‌့အထိ နားလည်မှုက အမြင်‌့ဆုံးဖြစ်ပါကြောင်း၊ အဆင်‌့ (၃) အသုံးချခြင်းအဆင်‌့ထိ ရောက်သည့်သူ မရှိသလောက်ကို နည်းလှပါကြောင်း၊ ၎င်းသည် သင်ကြား၊ သင်ယူမှု ဘာသာစကား အခက်အခဲကြောင်‌့ ဖြစ်သည်ဆိုသည်မှာ ငြင်း၍မရပါကြောင်း၊ ၁၉၈၆ ခုနှစ်၏ အရှေ့ပိုင်းသင်ကြား၊ သင်ယူခဲ့သည့် ဆရာ/မများနှင့် ကျောင်းသား/ကျောင်းသူများသည် ဘာသာစကား အခက်အခဲကို ကျော်လွှားရန်မလိုဘဲ ဘာသာရပ်အခက်အခဲ တစ်ခုထဲကိုသာ ကျော်လွှားနေရသည့်အတွက် ဘာသာရပ်ကျွမ်းကျင်မှုဆီကို ဦးတည်နိုင်ပြီး အသုံးချခြင်းဆိုသည့် အဆင့် (၃) အထိ ရောက်ရှိနိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ အဆိုပါ အဆင့်ထက်လည်း ပိုရင်ပိုနိုင်ပါကြောင်း၊ အမျိုးသားပညာရေးမူဝါဒ ကော်မရှင်၏ ဒုတိယခြောက်ပတ် အစီရင်ခံစာတွင်လည်း အထက်တန်း အဆင်‌့တွင် သင်္ချာနှင့်သိပ္ပံများကို သင်ကြား၊ သင်ယူရာတွင် အင်္ဂလိပ်စာဘာသာရပ်ကို သုံးမည့်အစား မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာနှစ်မျိုးပေါင်း အသုံးပြုသင်ကြားသင်‌့ကြောင်း အကြံပြုဖော်ပြ ထားသည့်အပြင် အဆိုပါ အကြံပြုချက်နှင်‌့ စပ်လျဉ်း၍ ဆွေးနွေးရာတွင်လည်း လွှတ်တော်ကိုယ်စားလှယ် အများစုက ထောက်ခံဆွေးနွေးခဲ့ကြပါကြောင်း၊ နိုင်ငံတကာသုံး ဘာသာစကားဖြစ်သည့် အင်္ဂလိပ်ဘာသာ အရေးကြီးသည်ဆိုတာ မှန်ပါကြောင်း၊ သို့သော် ဘာသာရပ်ကို သင်ကြားရာတွင် အင်္ဂလိပ်ဘာသာနှင်‌့ သင်ကြား၊ သင်ယူခြင်း၊ ဘာသာစကား ကျွမ်းကျင်မှုကို အနည်းအကျဉ်း အထောက်အကူ ပြုနိုင်သော်လည်း ဘာသာရပ်များ၏ ကျွမ်းကျင်မှုအတွက် ဘာသာရပ်သဘောတရားကို နားလည်အောင် သင်ကြားရန်ခက်ခဲကြောင်း တွေ့ရှိနေရပါသည်။ ထို့ကြောင်‌့ အင်္ဂလိပ်စာစွမ်းဆောင်ရည် မြင်‌့မားရေးအတွက် အရေး၊ အဖတ်၊ အပြော၊ နားထောင်မှုစွမ်းရည်စသည့် လေးမျိုးစလုံးကို ကျွမ်းကျင်အောင် အလယ်တန်းအဆင်‌့ထဲက စီမံချက်ချသင်ကြားခဲ့လျှင် အင်္ဂလိပ်စာအားနည်းခြင်းကို ပြန်လည်အဆင်‌့မြှင်‌့တင်နိုင်မည် ဖြစ်ပါကြောင်း၊ မြန်မာဘာသာသင်ကြားရေးနှင့် စပ်လျဉ်းပြီး သိပ္ပံနှင့်သင်္ချာဝေါဟာရများကို မြန်မာဘာသာသို့ ပြန်ဆိုရန်မလို ပြန်ဆိုမည်ဆိုပါကလည်း မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ နှစ်မျိုးလုံး ဖော်ပြလျက် ရေးသားပြုစု၍လည်း ရပါကြောင်း၊ ၁၉၈၈ ခုနှစ်နောက်ပိုင်း သုံးခဲ့သည့် မြန်မာဘာသာနှင့် ရေးသားပြုစုထားသည့် သင်္ချာနှင့်သိပ္ပံ ကျောင်းသုံးစာအုပ်များကို နမူနာအနေဖြင့် ကြည့်ရှုရည်ညွှန်း ကိုးကားအသုံးပြုမည် ဆိုပါက ရနိုင်ကြောင်းအကြံပြုလိုပါသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အလွတ်ကျက်သည့် ပညာရေးစနစ်တွင် စဉ်းစားတွေးခေါ်မှုကို အားပေးသည့် တာဝန်ခံမှု၊ တာဝန်ယူမှုရှိသော တီထွင်ဖန်တီးတတ်သော စိန်ခေါ်မှုကိုရင်ဆိုင် ဖြေရှင်းနိုင်သော၊ ပူးပေါင်းဆောင်ရွက်တတ်သော ကမ္ဘာ့လူသားကောင်း/သမီးကောင်းများ မွေးထုတ်နိုင်ရန်အတွက် စနစ်သစ်ပညာရေးကို ပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်းလမ်းညွှန် ထားပါသည်။ အဆိုပါလမ်းညွှန်ချက်နှင့်အညီဆိုလျှင် ဘာသာရပ်ကိုပိုမို ကျွမ်းကျင်စေနိုင်ရေးအတွက် မြန်မာဘာသာစကားဖြင်‌့ သင်ကြားသင်‌့ကြောင်း အကြံပြုလိုပါသည်။ ထို့ကြောင့် မြန်မာဘာသာဖြင်‌့ အထက်တန်းအဆင်‌့ ကျောင်းသုံးစာအုပ်များကို မြန်မာဘာသာဖြင်‌့ ပြုစုသင်ကြားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးဝန်ကြီးဌာနအနေဖြင်‌့ အခြေခံပညာအဆင်‌့ သင်ရိုးညွှန်းတမ်းများကို ပြုပြင်ပြောင်းလဲ ရေးဆွဲရာတွင် လိုက်နာကျင်‌့သုံးရန် လမ်းညွှန်မှု ၁၃ ချက် ချမှတ်ဆောင်ရွက် ထားပါကြောင်း၊ အဆိုပါ လမ်းညွှန်မှုများအရ အဆင်‌့မြင်‌့ပညာ၊ နည်းပညာနှင်‌့သက်မွေးပညာရပ်များ ဆက်လက် လေ့လာမှုအတွက် ပြင်ဆင်ပေးရေးကို လမ်းညွှန်မှုအချက်တစ်ခုအဖြစ် ထည်‌့သွင်းထားပါကြောင်း၊ ထိုသို့ ဆက်လက်လေ့လာနိုင်ရန်အတွက် အခြေခံပညာအဆင်‌့တွင် ပြင်ဆင်ဆောင်ရွက် ပေးထားရမည် ဖြစ်ပါကြောင်း၊ အဆင်‌့မြင်‌့ပညာ၊ နည်းပညာနှင်‌့သက်မွေးပညာရပ်များကို နိုင်ငံတကာ      အဆင်‌့မီဆက်လက် လေ့လာနိုင်ရန်အတွက် နိုင်ငံတကာသုံး ဘာသာစကားဖြစ်သော အင်္ဂလိပ် ဘာသာစကားကို ကျွမ်းကျင်တတ်မြောက်ရန် အခြေခံပညာအဆင့်ကတည်းက ပြင်ဆင်ဆောင်ရွက် ထားမည်ဖြစ်ပါကြောင်း၊ သင်ရိုးသစ် (KG+12) တွင် အင်္ဂလိပ်စာသင်ကြားမှုကို အရေး၊ အဖတ်၊ အပြော၊ အကြားစွမ်းရည်များရရှိအောင် မူလတန်းအဆင်‌့ကတည်းက စတင်သင်ကြားပေးပြီး စစ်ဆေးအကဲဖြတ်မှု များကိုလည်း မှတ်မိနိုင်စွမ်းကို အကဲဖြတ်ခြင်းမဟုတ်ဘဲ ကျောင်းသား/သူများ၏ ဉာဏ်ရည်ဖွံ့ဖြိုးမှုအလိုက် သိရှိခြင်း၊ နားလည်ခြင်း၊ အသုံးချခြင်းအဆင်‌့များထိ ရောက်အောင်စစ်ဆေး အကဲဖြတ်သည်‌့ ပုံစံကိုလည်းပြောင်းလဲ ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ အခြေခံပညာ အလယ်တန်းနှင်‌့ အထက်တန်းအဆင်‌့များအတွက် သင်ခန်းစာများပြုစုရာတွင် သင်ခန်းစာ တိုင်းအတွက် သင်ခန်းစာမိတ်ဆက်ခြင်း၊ နိဒါန်းပျိုးခြင်း (Introduction)၊ သင်ကြားသင်ယူခြင်း (Teaching and Learning)၊ လေ့ကျင့်ခြင်း (Practice)၊ ပြန်လည်သုံးသပ်ခြင်း (Review) ဟူသော (ITPR) အစီအစဉ်ဖြင်‌့ ပြုစုရေးသားထားခြင်းကြောင့် ကျောင်းသား/သူများသည် မိမိတို့သင်ကြား သင်ယူလေ့ကျင့်ရသော သင်ခန်းစာအတွက်သိရှိခြင်း၊ နားလည်ခြင်းအဆင်‌့ များရရှိနိုင်ပြီး လက်တွေ့ လေ့ကျင့်၍ အကောင်းဆုံးဖြည်‌့ဆည်း ဆောင်ရွက်နိုင်မည်‌့အခြေအနေ အခွင်‌့အလမ်းပေါ်မူတည်ပြီး အသုံးချခြင်းအဆင်‌့ကိုပါ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊

သင်ရိုးသစ်တွင် သင်္ချာနှင်‌့သိပ္ပံဘာသာရပ်များကို မူလတန်းမှအလယ်တန်းအထိ မြန်မာဘာသာဖြင်‌့ ပြုစုထားပြီး အခြေခံအချက်များကို ပြည့်ပြည်‌့စုံစုံနားလည် သဘောပေါက်စေရန် ပြုစုရေးသား ထားပြီးဖြစ်၍ အခြေခံသဘောတရားများကို သိရှိနားလည်နိုင်စွမ်းရှိပါကြောင်း၊ ပညာရပ်တစ်ခု၏ အခြေခံသဘောတရားများကို ပိုင်နိုင်ကျွမ်းကျင်လျှင် ဆက်လက်သင်ယူရမည်‌့ အဆင်‌့များအတွက် အခက်အခဲနည်းပါးမည် ဖြစ်သည့်အပြင် အလယ်တန်းအဆင်‌့ (Grade-6) မှစ၍ သင်္ချာနှင်‌့သိပ္ပံဆိုင်ရာ ဘာသာရပ်အသုံးအနှုန်းများကို မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာတို့ဖြင်‌့ ယှဉ်တွဲဖော်ပြထားသဖြင်‌့ ကျောင်းသား/သူများအတွက် အထက်တန်းအဆင်‌့တွင် ကြုံတွေ့ရမည်‌့ဘာသာရပ်ဆိုင်ရာ အသုံးအနှုန်းများကို ယဉ်ပါးမှုဖြစ်စေရန် စီစဉ်ထားပါကြောင်း၊ သင်ရိုးသစ်အထက်တန်းအဆင်‌့ Grade-10၊ Grade-11၊ Grade-12 တို့တွင် သင်ကြားရမည်‌့ ဘာသာတွဲများကို ကျောင်းသား/သူများ၏ ဉာဏ်ရည်၊ ဉာဏ်သွေးအရ သိပ္ပံ၊နည်းပညာနှင်‌့ သက်မွေးပညာရပ်များကို ဆက်လက်လေ့လာနိုင်မည်‌့ (STEM) Science, Technology, Engineering, Mathematics) ဘာသာတွဲများ၊ ဝိဇ္ဇာဘာသာရပ်နှင်‌့ သိပ္ပံဘာသာရပ်များကို ဟန်ချက်ညီစွာလေ့လာနိုင်မည်‌့ လူမှုသိပ္ပံ (Social Science) ဘာသာတွဲများ အဖြစ် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါသဖြင်‌့ ကျောင်းသား/သူများသည် မိမိတို့၏ ဉာဏ်ရည် ဉာဏ်သွေးနှင်‌့ ကြိုးစားအားထုတ်မှုတို့အရ အဆင့်မြင့်ပညာကို ဆက်လက်သင်ကြားရာတွင် အဆင်ပြေချောမွေ့စေမည်‌့ ဘာသာတွဲများကို ရွေးချယ်သင်ယူခွင်‌့ ရမည်ဖြစ်ပါကြောင်း၊ အဆင်‌့မြင်‌့ ပညာရပ်များကို ဆက်လက်ဆည်းပူးရာတွင် နိုင်ငံတကာအဆင်‌့မီ သင်ယူလေ့လာနိုင်ရန်နှင်‌့ သင်္ချာနှင်‌့သိပ္ပံဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို အချိန်နှင်‌့တစ်ပြေးညီ လေ့လာသိရှိနိုင်ရန်အတွက် မူရင်းအင်္ဂလိပ်ဘာသာဖြင်‌့ ရေးသားပြုစုထားသော စာတမ်းများ၊ Internet Websites များကို လေ့လာခြင်းက ပို၍အကျိုးကျေးဇူး ဖြစ်ထွန်းနိုင်မည်  ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ အခြေအနေအရ နိုင်ငံခြားဘာသာစကားဖြင်‌့ ရေးသားထားသော စာအုပ်စာတမ်းများကို ချက်ခြင်းဘာသာပြန်ဆိုရန် အခြေအနေ မပေးခြင်းကြောင်‌့ မူရင်းဘာသာစကား  အထူးသဖြင်‌့ အင်္ဂလိပ်ဘာသာစကားဖြင်‌့ ရေးသားထားသော စာအုပ်များကိုသာ ဦးစားပေးလေ့လာသင်ယူရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင်‌့ အ‌ခြေခံပညာ အထက်တန်းအဆင်‌့ ကျောင်းသား/သူများအား အင်္ဂလိပ်ဘာသာစကားဖြင်‌့ ပညာရပ်များကို လေ့လာသင်ယူနိုင်သည်‌့ အလေ့အထရရှိစေရန်အတွက် ပြဋ္ဌာန်းစာအုပ်အချို့ ဖြစ်သော သင်္ချာ၊ ဓာတုဗေဒဗ၊ ရူပဗေဒနှင်‌့ ဇီဝဗေဒဘာသာရပ်များကို အင်္ဂလိပ်ဘာသာဖြင်‌့ ပြုစုသင့်ပါကြောင်း၊ အခြေခံပညာအဆင်‌့ဘာသာရပ် သင်ရိုးညွှန်းတမ်းကော်မတီများကလည်း အထက်တန်းအဆင်‌့တွင် အဆိုပါဘာသာရပ်များကို အင်္ဂလိပ်ဘာသာဖြင်‌့ ပြုစုသင်‌့ပါကြောင်း၊ မူအားဖြင်‌့လည်း သဘောတူထားပြီး ဖြစ်ပါကြောင်း၊ ကျောင်းသုံးစာအုပ်များကို အင်္ဂလိပ်ဘာသာဖြင်‌့ ပြုစုထားသော်လည်း စာသင်ခန်းအတွင်းသင်ကြားမှု၊ သင်ယူမှု၊ လေ့ကျင့်မှုတို့တွင် မြန်မာဘာသာ စကားကိုပါ တွဲဖက်အသုံးပြု သင်ကြားမည်ဖြစ်ပါသောကြောင်‌့ သင်ယူမှုရလဒ်ကို ထိခိုက်စေမည် မဟုတ်ပါကြောင်း၊ ကျောင်းသား/သူများ၏ သင်ယူမှုရလဒ် ပိုမိုကောင်းမွန်စေရေးအတွက် သင်ကြားရေး နည်းပညာ (Teaching Methodology)၊ သင်ကြားသင်ယူမှု လုပ်ငန်းများ (Teaching and Learning Activities)၊ စစ်ဆေးအကဲဖြတ်သည်‌့ နည်းလမ်းများ (Assessment Methods) စသည်တို့ကို သင်ရိုးညွှန်းတမ်းအသစ်၊ ကျောင်းသုံးဖတ်စာအုပ်များနှင်‌့အညီ နည်းလမ်းအသစ်များကို အသုံးပြုလျက် သင်ယူမှုလုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင်‌့ ကျောင်းသား/သူများ၏ ဉာဏ်ရည်ဉာဏ်သွေးနှင်‌့ ဖွံ့ဖြိုးတိုးတက်မှုများအရ အဆင်‌့မြင်‌့ပညာ၊ နည်းပညာနှင်‌့ သက်မွေးပညာရပ်များကို နိုင်ငံတကာအဆင်‌့မီ ဆက်လက်လေ့လာနိုင်ရန် ယနေ့မျက်မှောက်ခေတ်၏ စက်မှုခေတ်ပြောင်း တော်လှန်ရေး (Industrial Revolution 4.0) တွင် Artificial Intelligence နှင်‌့ Big data ပညာရပ်များ ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း နည်းပညာကွာဟမှု ကြီးမားမှုမဖြစ်လာစေရေးအတွက် ကျောင်းသား/သူများ၊ လူငယ်များ၏ တီထွင်ဆန်းသစ် ဖန်တီးနိုင်စွမ်းကို မြှင်‌့တင်ပေးရန် အရည်အသွေးရှိသော ပညာရေး (Quality Education) ဖြင်‌့ ပြုစုပျိုးထောင် သင်ကြားလေ့ကျင်‌့ပြီး တစ်သက်တာသင်ယူသူများအဖြစ် နိုင်ငံတကာနှင်‌့ ယှဉ်ပြိုင်နိုင်စွမ်းရှိသော ဂုဏ်သိက္ခာမြင်‌့မားသည့် မြန်မာနိုင်ငံသားများ ဖြစ်လာရေးကို ဦးတည်ဆောင်ရွက်မည် ဆိုပါက သင်္ချာနှင်‌့သိပ္ပံဆိုင်ရာ တိုးတက်ဖြစ်ပေါ်မှုများကို အချိန်နှင်‌့တစ်ပြေးညီ သိရှိလေ့လာသင်ယူ လေ့ကျင်‌့နိုင်ရေးတို့အတွက် (KG+12) သင်ရိုး ဒသမတန်း၊ ဧကာဒသမတန်း၊ ဒွါဒသမတန်းများ၏ သင်္ချာနှင်‌့သိပ္ပံဘာသာရပ်များ၏ ကျောင်းသုံးစာအုပ်များကို မြန်မာစာဖြင်‌့ ပြုစုသင်ကြားရန် အစီအစဉ်မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးဝင်းအောင် (မိုးမောက်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

KG+12 ဆိုသည့် အတန်းများပြောင်းလာခြင်းဖြစ်သဖြင့် မေးခွန်းပုံစံပြောင်းပြီး လုပ်နေသည့် ပညာ‌ရေးမြင့်တင်မှုကြီး လုပ်နေခြင်းဖြစ်ပါကြောင်း၊ မေးခွန်းပုံစံနှင့် KG+12 များ ပြောင်းနေပါသော်လည်း ၃၂ နှစ်ကြာအမှားကြီး သင်ကြားလာခဲ့သည့် မိမိတို့ဘာသာရပ် အခက်အခဲများကို မကျော်လွှားနိုင်သည့် အဆင်‌့-၃ အသုံးချခြင်းအထိ မရောက်နိုင်သည့် အမှားကြီးအတိုင်း ပညာရေးစနစ်ကို ဆက်လျှောက်နေခြင်းကို ပြန်လည်စဉ်းစား သုံးသပ်သင့် ပါကြောင်း၊ အခြေခံပညာ၏ ဆရာကြီး/မကြီးများကလည်း အထက်တန်းအဆင်‌့များတွင် သင်္ချာနှင်‌့သိပ္ပံ သင်ရိုးများကို မြန်မာလိုပြဋ္ဌာန်းပြီး သင်ကြားစေလိုခြင်းဖြစ်ပါကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ပြီးဆုံးခဲ့သည့် ဘက်စုံလွှမ်းခြုံသော ပညာရေးကဏ္ဍလေ့လာ သုံးသပ်ရေးလုပ်ငန်း CESR ၏ အစီရင်ခံစာပါ စာမျက်နှာ ၆၀၊ ၆၁ တွင် ဖော်ပြထားသည့် သင်္ချာနှင်‌့သိပ္ပံ ဘာသာရပ်များအတွက် သင်ကြားရာတွင် ကြားခံဘာသာစကား အင်္ဂလိပ်စာအပေါ် ကျောင်းသား/သူများနှင်‌့ ဆရာ/မများ၏ အမြင်ဆိုသည့် အခန်းကဏ္ဍတွင် စိန်ခေါ်မှုများရှိကြောင်း ဖော်ပြထားပြီး မြန်မာဘာသာနှင်‌့ သင်ကြားသင်ယူမှုများကို ပိုမိုလိုလားကြောင်း တွေ့ရှိရပါသည်။ အဆိုပါ တွေ့ရှိရသည်ဆိုသည့် အကြောင်းကို ထောက်ပြထားပါကြောင်း၊ ထို့ကြောင့် မြန်မာဘာသာနှင်‌့ ဖော်ပြရန်အတွက်   အခြေခံပညာ အထက်တန်းအဆင့်တွင်ရှိသည့် ဆရာကြီး/ကြီးများ၏ မေးမြန်းစစ်တမ်းလေးများ ကောက်ယူရန် အစီအစဉ်ရှိ/မရှိနှင်‌့ နောက်တစ်ခုက အမျိုးသားပညာရေးမူဝါဒ ကော်မရှင်၏ အကြံပြုချက်တွင်လည်း ပြောထားပါကြောင်း၊ ယေဘုယျအားဖြင့် အခြေခံပညာအထက်တန်း အဆင်‌့တွင် အင်္ဂလိပ်ဘာသာ ရပ်မှအပ ဘာသာရပ်အားလုံးကို မြန်မာဘာသာစကားဖြင်‌့သာ သင်ကြားသင်‌့ပါကြောင်း၊ သို့ရာတွင်  နှစ်ပေါင်း ၃၀ ကျော် အင်္ဂလိပ်ဘာသာစကားကို သင်ကြားမှုဘာသာ စကားအဖြစ် အသုံးပြုလာသည့်အတွက် သင်္ချာနှင်‌့သိပ္ပံဘာသာရပ်များတွင် ပညာရပ်အဝဝကို မြန်မာဘာသာနှင်‌့ အသုံးပြုရသည့် အခက်အခဲကို ထည့်သွင်းစဉ်းစားပြီး အင်္ဂလိပ်၊ မြန်မာဘာသာနှစ်မျိုးဖြင့် ပေါင်းစပ်သင်ကြားနိုင်သည့်မူကိုလည်း အသုံးပြုနိုင်ခြင်း ဖြစ်သည့်အတွက် နောက်တစ်ခု မေးမြန်းလိုသည်မှာ ဘာသာရပ်များကို အင်္ဂလိပ်ဘာသာ/မြန်မာဘာသာ ချည်းမဟုတ်ဘဲ အင်္ဂလိပ်ဘာသာသည် ဘာသာပြန်၍ခက်ခဲသည့် နေရာများတွင် အင်္ဂလိပ်လိုဖြင့် ဘာသာပြန်၍ လွယ်ကူသည့် ၁၉၈၆ နှစ်က တင်ခဲ့သည့် ပုံစံအတိုင်း အင်္ဂလိပ်ဘာသာနှစ်ဘာသာမျိုးဖြင့် ပြုစုရေးသားရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း

အခြေခံပညာအထက်တန်းအဆင်‌့ သင်္ချာနှင်‌့သိပ္ပံဘာသာရပ်များတွင် အင်္ဂလိပ်ဘာသာဖြင့် သင်ကြားမည် ဆုံးဖြတ်ခြင်းသည် ပညာရေးဝန်ကြီးဌာန တစ်ခုတည်း၏ ဆုံးဖြတ်ချက် မဟုတ်ပါကြောင်း၊ အမျိုးသားပညာရေး မူဝါဒကော်မရှင်၊ အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မရှင်၊ အမျိုးသားအရည်အသွေး အာမခံမှုကော်မရှင်၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခများ၊ သင်ရိုးညွှန်းတမ်း ပြုစုသူများအားလုံး၏ အစီအစဉ်ဖြင့်သာ ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ဒုတိယပိုင်းအနေဖြင့် သင်ရိုးညွှန်းတမ်းစာအုပ်များသည် အင်္ဂလိပ်ဘာသာဖြင့် ပြုစုထားစေကာမူ သင်ယူခြင်း၊ သင်ကြားခြင်း၊ အတန်းတွင်းရှင်းပြခြင်း၊ Mixing of Instruction အနေဖြင့် မြန်မာဘာသာနှင့် တွဲဖက်အသုံးပြုရန် စီစဉ်ထားပါကြောင်း ရှင်းလင်းဖြေကြားပါသည်။