(ဋ)-ဒလမြို့နယ်၊ ဒလပြည်သူ့ဆေးရုံတွင် ခေတ်နှင့်လျော်ညီသော နှစ်ထပ်လူနာဆောင် တိုးချဲ့တည်ဆောက်ပေးရန်၊ ရခိုင်ချောင်းတိုက်နယ်ဆေးရုံကိုလည်း စံကိုက်အဆောက်အဦ ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိတို့နှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့ (၂၀.၁၂. ၂၀၁၈)

 

ဒလမြို့နယ်သည် ရန်ကုန်မြို့တော်နှင့် ရန်ကုန်မြစ်ခြားလျက် တည်ရှိသည့် မြို့နယ်ဖြစ်သောကြောင့် သွားရေးလာရေးခက်ခဲပြီး ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်လာလျှင် အဆင့်မီကျန်းမာရေး စောင့်ရှောက်မှုများကို မြို့နေလူထုအနေဖြင့် လိုအပ်လာလျှင် များစွာအခက်အခဲ တွေ့နေရကြောင်း၊ ဒလမြို့နယ်ပြည်သူ့ဆေးရုံသည် မြို့နေလူထုများ၏ အားထားရာဆေးရုံတစ်ရုံ ဖြစ်ပါကြောင်း၊ ၁၉၈၂ ခုနှစ်တွင် ဆောက်ခဲ့သည့် ၂၅ ခုတင်ဆံ့ ကုသရေးဦးစီးဌာန လက်အောက်ရှိ ဒလပြည်သူ့ဆေးရုံသည် ယခုခေတ် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ Standard ဆေးရုံများကဲ့သို့ မဟုတ်ပါကြောင်း၊ ရှေးဟောင်းပုံစံ ဆေးရုံတစ်ခုသာဖြစ်ပါကြောင်း၊ သို့သော်လည်း ခွဲစိပ်ဆောင်များ၊ ခွဲစိပ်ခန်းများ၊ လူနာဆောင်များ၊ တီဘီကုသဆောင်များ၊ သွားကုသဆောင်များနှင့် ဓာတ်ခွဲခန်းဆောင်များကို ထည့်သွင်းလှုပ်ရှားပြီး ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ ပြည်သူ့ကိုယ်စားလှယ်များ၏ ပူးပေါင်းကူညီမှု၊ မြို့လူထု၏ ပံ့ပိုးကူညီမှု၊ မြို့နယ်ဆရာဝန်ကြီးနှင့် ဝန်ထမ်းများများ၏ ကြိုးပမ်းအားထုတ်မှုများကြောင့် လူနာများမှာ နှစ်အလိုက် လူနာအခြေပြဇယားတွင် ကြည့်မည်ဆိုပါက ပြင်ပလူနာနှင့် အတွင်းလူနာများမှာ တိုးတက်လာပြီး‌ ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် ဆေးရုံကို အားကိုးတကြီး လာရောက်ကုသကြသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ထိုသို့တိုးတက်များပြားလာသည့် လူနာများကို ပိုမိုထိရောက်အောင် ကုသနိုင်ရန်အတွက် Side Plan တွင်ပါသည့်နေရာတွင် တစ်ထပ်လူနာဆောင်များ တိုးချဲ့တည်ဆောက်လိုကြောင်း၊ အဘယ်ကြောင့်ဆိုသော် ခွဲစိပ်လူနာများ၊ မွေးလူနာများ၊ မွေးကင်းစလူနာများမှာ နှစ်စဉ် တိုးတက်များပြားလာသောကြောင့် ထိထိရောက်ရောက် ဖြစ်စေရန် ခွဲစိပ်ခန်းများ၊ မွေးလူနာများထားရန်၊ မွေးကင်းစလူနာများအတွက် အပေါ်ထပ်တွင် ထားရှိရန် ရည်ရွယ်ထားကြောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်အောက်ရှိ ရခိုင်ချောင်း တိုက်နယ်ဆေးရုံကို ၁၉၃၉ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး ဆေးရုံကိုလှူဒါန်းသွားသူမှာ ဒေါ်မမ ဖြစ်ပါကြောင်း၊ သေချာလေ့လာကြည့်မည်ဆိုလျှင် ဆေးရုံအနေအထားသည် ဆေးရုံနှင့်မတူဘဲ လူနေအိမ်နှင့် တူနေသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ဆေးရုံ၏ထူးခြားချက်မှာ ယခင်က တိုက်နယ်ဆရာဝန် ရှိသည့်အခါ လူနာများ အားကိုးကြပြီး တိုက်နယ်ဆရာဝန် မရှိသောကာလတစ်ခုကို ဖြတ်သန်းသည့်အခါ လူနာများ လျော့ကျသွားပြီး ယခုအခါ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ကျေးဇူးကြောင့် တိုက်နယ်ဆရာဝန် ရောက်ရှိလာပြီး လူနာများအားကိုးမှုကို ပိုမိုခံယူလာနိုင်ပြီ ဖြစ်ကြောင်း၊

ထိုဆရာဝန်၏ ကြိုးပမ်းအားထုတ်မှုကြောင့် လူနာများ တိုက်နယ်ဆေးရုံတွင် ထူးခြားများပြားလာပြီး တိုးတက်အားကိုးလာသည့်အပြင် ဘေးပတ်ဝန်းကျင်ရွာများမှလည်း အားကိုးအားထားပြုကြသည်ကို တွေ့မြင်ရကြောင်း၊ ထို့ကြောင့် ဒလမြို့နယ်ဆေးရုံနှင့် ရခိုင်ချောင်းတိုက်နယ်ဆေးရုံတို့ကို နှစ်ထပ်တိုးချဲ့လူနာဆောင်နှင့် စံကိုက်အဆောက်အဦများ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဒလဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာဝန်/မဝန်ထမ်းအားလုံးကို ကျေးဇူးတင်ဂုဏ်ယူကြောင်း၊ လူနာများ များလာခြင်းမှာ ဆရာဝန်/မတို့၏  စွမ်းဆောင်မှု ဆက်ဆံရေးကအစ အလွန်ကောင်း၍ ဖြစ်ပါကြောင်း၊ ဒလမြို့နယ် ၂၅ ခုတင်ဆံ့ဆေးရုံသည် ၂၉ နှစ်ခန့်ရှိပြီ ဖြစ်ပြီး  ကာလကြာလာသည့်အတွက် ကုသရေးဝန်ဆောင်မှုများကို စနစ်တကျဖွဲ့စည်းထားခြင်း မရှိကြောင်း၊ လူဦးရေ ၁၆၈၀၀၀ ကျော်ရှိပြီး ကျေးရွာအုပ်စုများမှာ အလွန်များကြောင်း၊ အခြေခံအဆောက်အဦ ဆောက်လုပ်ရန် မြေများရှိသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရန်နှင့် လူနာကုသရေးဝန်ဆောင်မှု ကောင်းမွန်ရန်အတွက် နှစ်ထပ်တိုးချဲ့ဆောင် အဆောက်အဦတိုးချဲ့ရန် လိုအပ်လျက်ရှိကြောင်း၊ ပထမ Step အနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ယခုနှစ်တွင် ဆေးရုံအုပ်နေအိမ်တစ်လုံး၊ လေးခန်းတွဲလေးထပ် ဝန်ထမ်းအိမ်ရာတစ်လုံးကို ဆောက်လုပ်မည့် ရန်ပုံငွေ သန်း ၂၁၀ ခန့် ခွင့်ပြုပြီး တင်ဒါခေါ်၍ စတင်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် လွှတ်တော် ကိုယ်စားလှယ်ကြီးတင်ပြသည့် ဒလ ၂၅ ခုတင် ပြည်သူ့ဆေးရုံတွင် ခွဲစိတ်ခန်းပါဝင်သော တိုးချဲ့နှစ်ထပ် လူနာဆောင် အဆောက်အဦ တည်ဆောက်ခြင်း လုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းအသုံးစရိတ်၌ ထည့်ပေးသွားမည်ဖြစ်ကြောင်း၊ ဒီဇိုင်းများ စတင်ရေးဆွဲနေပြီဖြစ်ပြီး၊ ၂၀၁၉-၂၀၂၀ တွင် ဘတ်ဂျက်ခွင့်ပြုသည်နှင့် ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ဒုတိယ အချက်ဖြစ်သည့် ဒလမြို့နယ်၊ ရခိုင်ချောင်း တိုက်နယ်ဆေးရုံ၏ လူနာဆောင်ကိုလည်း ပြန်လည်စိစစ်ကြည့်ကြောင်း၊ အလှူရှင်လှူသည်မှာ အုတ်ညှပ်နှစ်ထပ်ဆောင်ဖြစ်ပြီး ၇၉ နှစ်ခန့် ကြာမြင့်ပြီဖြစ်ပါကြောင်း၊ ကာလကြာမြင့်ပြီဖြစ်သည့် နှစ်ထပ်ဆောင် ဆေးရုံအဆောက်အဦသာ အခြေပြုပြီး ကုသရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ လွှမ်းခြုံသူ ၁၆၀၀၀ ကျော်ခန့် ရှိပြီး လက်ရှိအဆောက်အဦသည် ပြင်ပလူနာကုသဌာန၊ အရေးပေါ်ကုသဓာတ်ခွဲနှင့် သားဖွားခန်းအဖြစ် ဆက်လက်အသုံးပြုရန်သာ သင့်လျော်ပါကြောင်း၊ အတွင်းလူနာများထားရှိရေး၊ ဓာတ်မှန်၊ ဓာတ်ခွဲ၊ ခွဲခန်းများ စနစ်တကျပြင်ဆင် ပြောင်းလဲခြင်းကို လုပ်ဆောင်ရန် လိုအပ်နေသောကြောင့် အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်မှု လိုအပ်ချက်အရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ရခိုင်ချောင်း တိုက်နယ်ဆေးရုံအတွက် လေးခန်းတွဲတစ်ထပ် ဝန်ထမ်းအိမ်ရာတစ်လုံး ဆောက်လုပ်ရန်အတွက် ခွင့်ပြုငွေ ကျပ် ၄၄ သန်း ခွင့်ပြုပြီးဖြစ်သောကြောင့် ယခုအခါ တင်ဒါခေါ်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဒလသည် ရခိုင်ချောင်းတိုက်နယ်ဆေးရုံတွင် ဓာတ်ခွဲခန်းနှင့် ခွဲခန်းအပါအဝင် တိုးချဲ့တစ်ထပ်လူနာဆောင် အဆောက်အဦကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းရန်ပုံငွေ၌ ထည့်သွင်းမည်ဖြစ်ကြောင်း၊ ဒီဇိုင်းလည်းစတင်ရေးဆွဲနေပြီ ဖြစ်သောကြောင့် ၂၀၁၉-၂၀၂၀ တွင် အားလုံးပြီးစီးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။