တောင်ဥက္ကလာပမြို့နယ်၊ ဗြဟ္မစိုရ်လမ်းမပေါ်ရှိ မြို့နယ်လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံးသည် မြို့နယ်စတင်တည်ထောင်စဉ်ကပင် တည်ရှိခဲ့သော ဆန်ဂိုဒေါင်အဟောင်းကို အသုံးပြုနေရပါကြောင်း၊ ၎င်းအဆောက်အဦသည် အမိုးများပေါက်နေခြင်း၊ ကြမ်းခင်းများ နိမ့်နေသဖြင့် မိုးရွာလျှင် ရေအမြဲဝပ်ခြင်းတို့ ဖြစ်နေကြောင်း၊ လ.ဝ.ကရုံးသည် လူအများနှင့် ဆက်ဆံနေရသော်လည်း ဆန်ဂိုဒေါင်အဟောင်းဖြစ်သဖြင့် လေဝင်၊ လေထွက်မရရှိဘဲ မှတ်ပုံတင်၊ အိမ်ထောင်စု ဇယားပြုလုပ်ရန် လာရောက်သော ပြည်သူများအနေဖြင့်လည်း သက်သောင့်သက်သာမရှိသော အနေအထားမျိုးနှင့် ကြုံတွေ့နေရပြီး လ.ဝ.ကရုံးဝန်ထမ်းအနေဖြင့်လည်း ကျန်းမာရေးနှင့်မညီညွတ်သော အနေအထားမျိုး နေ့စဉ်ကြုံတွေ့ ဖြတ်သန်းနေရပါကြောင်း၊
မှတ်ပုံတင်နှင့် အိမ်ထောင်စုဇယား လာရောက်ပြုလုပ်သော ပြည်သူများနှင့် လ.ဝ.ကရုံးဝန်ထမ်းများ ဆန်ဂိုဒေါင်အဟောင်းအတွင်း လုပ်ငန်းဆောင်ရွက်နေရကြောင်း၊ ၎င်းအဆောက်အဦသည် အလွန်ဟောင်းနွမ်း ပျက်စီးလျက်ရှိပြီး အသစ်ပြန်လည် တည်ဆောက်ရန် အမှန်တကယ် လိုအပ်လျက် ရှိနေပါသဖြင့် သက်ဆိုင်ရာဌာနအနေဖြင့် မည်သို့စီစဉ်ထားသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဌာနပိုင်ရုံးများ ဖွင့်လှစ်နိုင်ခြင်းမရှိသောရုံးများ၊ အိုမင်းဟောင်းနွမ်းနေသော ရုံးများကို အသစ်ပြန်လည်တည်ဆောက်ရန်၊ ပြုပြင်ရန်အတွက် နှစ်စဉ်ဘဏ္ဍာငွေများ တင်ပြတောင်းခံလျက်ရှိပါကြောင်း၊ ယခု ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလ ဘဏ္ဍာရေးနှစ်တွင် အဆိုပါဌာနပိုင်ရုံး ဖွင့်လှစ်နိုင်ခြင်းမရှိသောရုံးများ၊ အိုမင်းဟောင်းနွမ်းနေသော ဌာနပိုင်ရုံး အဆောက်အဦများနှင့် ဝန်ထမ်းအိမ်ရာများအတွက် အသစ်ပြန်လည်ဆောက်လုပ်နိုင်ရေး လျာထားပြီး ဘတ်ဂျက်ငွေများ တင်ပြတောင်းခံပါကြောင်း၊ သို့ရာတွင် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာနမှ ဌာနအလိုက်ခွင့်ပြုနိုင်သည့် ရန်ပုံငွေဘောင် သတ်မှတ်ပေးသည့်အပြင် အဆင့်ဆင့် စိစစ်ဖြတ်တောက်မှုများကြောင့် ပျက်စီးနေသော ရုံးအားလုံးကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ပြုပြင်နိုင်ခြင်း၊ ဆောက်လုပ်နိုင်ခြင်း မရှိခြင်းဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ဟောင်းနွမ်းနေသော ပြုပြင်ရန်လိုအပ်နေသောရုံးများကို ဦးစားပေးအလိုက် ဆောက်လုပ်ပြုပြင်လျက်ရှိပါကြောင်း၊ သို့ပါ၍ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဟောင်းနွမ်းပျက်စီးနေသောရုံးများ၊ ဌာနပိုင်ရုံးနှင့် ဝန်ထမ်းအိမ်ရာများကို ရန်ပုံငွေခွင့်ပြုချက်အပေါ် မူတည်၍ ဦးစားပေးအလိုက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများ အနေဖြင့်လည်း လွှတ်တော်ကို ဝန်ကြီးဌာနက ရုံးများ ပြုပြင်ရန်၊ ဆောက်လုပ်ရန် တင်ပြလာလျှင် မိမိတို့ကိုဖြတ်တောက်ခြင်းမပြုဘဲ ခွင့်ပြုပေးပါရန် ပြောကြားလိုကြောင်း ရှင်းလင်းဖြေကြားပါသည်။
