မေးခွန်း အကြောင်းအရာ
ကျောင်းကုန်းမြို့နယ်အတွင်းရှိ သောက်သုံးရေတွင်းများတွင် အာဆင်းနစ် ပါဝင်မှု ရာခိုင်နှုန်းများပြားသည့်အတွက် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေးတွင် မေးခွန်း မေးမြန်းခဲ့ရာ၌ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှ အထူးကိစ္စတစ်ရပ်အနေဖြင့် ငွေကုန်ကြေးကျခံ လုပ်ရန်ဖြစ်သော ကိစ္စဖြစ်၍အမြန်ဆုံးနှင့် အချိန်သတ်မှတ်ပြီးဆောင်ရွက် စေရန် မှတ်ချက်ပြု ထားမှုခဲ့သည့်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ဖြည့်စွက် ရန်ပုံငွေတွင် ကျောင်းကုန်း မြို့နယ်အတွင်းရှိ ကျေးရွာ ၆၅ ရွာ၌ စက်ရေတွင်း ၆၉ တွင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ ၁၁၁ ရွာ၌ စက်ရေတွင်း ၁၁၉ တွင်းတို့အား လျာထား ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အကြောင်းကြားမှုအရ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေတွင် တွင်းနက် ၇၁ တွင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် တွင်းနက် ၁၂၃ တွင်းတို့ အား ချထားပေးခဲ့ပါကြောင်း၊
အဆိုပါသောက်သုံးရေတွင်း တွင်းနက်တို့အား တင်ဒါစနစ်ဖြင့် တူးဖော်ပေးရာတွင် တချို့ ရေတွင်းများသည် ရေအသုံးပြုရန်ပင် အသင့်မဖြစ်သေးခြင်း၊ အာဆင်းနစ်ဓာတ် ကင်းလွတ် နိုင်ခြင်း မရှိခြင်းများကြောင့် သောက်သုံးရန်ပင်မသင့်သော ရေတွင်းများဖြစ်နေပါကြောင်း၊ ရေအရင်းအမြစ်မှ တူးဖော်ပေးသည့် သောက်ရေများတွင် အနည်းဆုံး ပေ ၆၀၀ မှ ၁၀၀၀ ပေခန့်တူးသည့်အတွက် သောက်သုံးရေသန့်များရရှိသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ပါကြောင့် (၁) အထူးကိစ္စတစ်ရပ် အနေဖြင့် ချထားပေးသော သောက်သုံးရေတွင်း တွင်းနက်များဖြစ်၍ အနည်းဆုံးအနက်ပေ မည်မျှ တူးဖော်ရမည်ကိုလည်းကောင်း၊ (၂) တူးပြီးသောရေတွင်းများရှိ သောက်သုံးရေများအား အာဆင်းနစ် ဓာတ်နှင့် အခြားမလိုလားအပ်သော ဓာတ်များပါဝင်မှုအား တွင်းတစ်တွင်းခြင်းအလိုက် မည်ကဲ့သို့ စစ်ဆေးပေးနိုင်မည်နှင့် ဝန်ကြီးဌာနအနေဖြင့် တာဝန်ခံစစ်ဆေးပေးနိုင်ခြင်းရှိ/မရှိ ကိုလည်းကောင်း၊ (၃) သောက်သုံးရန်မသင့်ပါက တာဝန်ခံတူးသည့်အဖွဲ့များမှ သောက်သုံးနိုင်သည့်အဆင့်အထိ ပြန်လည် တူးဖော်ပေးနိုင်ခြင်းရှိ/မရှိ ကိုလည်းကောင်း၊ (၄) သောက်သုံးရေတွင်း တွင်းနက် တစ်တွင်း လျှင် ဘတ်ဂျက်ခွင့်ပြုချက် ဖြင့် ၉.၉၃၅ သန်း ခွင့်ပြုထားသည့်အတွက် သုံးသည့်ပိုက် အရေအတွက် အသုံးပြုသည့် စက် မြင်းကောင်ရေအင်အားများကိုလည်းကောင်း သိရှိလိုပါကြောင်းမေးမြန်းပါသည်။
ဖြေကြားချက်
ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၆၅ အုပ်စု၊ ကျေးရွာပေါင်း ၄၁၆ ရွာရှိပြီး အချို့ကျေးရွာများမှာ အာဆင်းနစ် ၅၀၀ ppb (part per Billion) ကျော်ပြီး သောက်သုံး ရေအတွက် စိုးရိမ်မှုများရှိနေပါကြောင်း၊ ထို့ကြောင့်မိမိပါဝင်သော အဖွဲ့ဝင် (၁၀)ဦး ပါဝင်သည့်အဖွဲ့သည် ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး အာဆင်းနစ်ဓာတ်ပါဝင်မှု အနည်းဆုံး ၅၀ ppb အထက်ရှိ ကျေးရွာပေါင်း ၄၁၆ ရွာအနက် ၂၀၁ ရွာကို ဦးစားပေးအဆင့်အလိုက် အာဆင်းနစ်ကင်းစင်သန့်ရှင်းသည့် သောက်သုံးရေရဖို့အတွက် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် အထူးသီးသန့်ရန်ပုံငွေတွင်သန်း ၂၂၀၊ တွင်းနက် ၂၂ တွင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် မူလရန်ပုံငွေ သန်း ၈၀၊ တွင်းနက် ၈ တွင်းနှင့် ဖြည့်စွက်ရန်ပုံငွေ သန်း ၆၉၀၊ ၆၉ တွင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် မူလ ရန်ပုံငွေ ၁၂၂၂ သန်း တွင်းနက် ၁၂၃ တွင်း ဆောင်ရွက်ရန် ခွင့်ပြု ဆောင်ရွက်လျက်ရှိပါကြောင်း၊
သံဓာတ်နှင့် အာဆင်းနစ်ဓာတ်ကင်းလွတ်ရန် တူးဖော်သည့် ရေတွင်းများမှ ထွက်ရှိသည့် ရေများတွင် အာဆင်းနစ်နှင့် အခြား မလိုလားအပ်သော ဓာတ်များပါဝင်မှုရှိ/မရှိကို သိရှိရန် ရေနမူနာများကို မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုး ရေးဝန်ကြီးဌာန ဦးစီးဌာန(ရုံးချုပ်)သို့ စမ်းသပ်ဓာတ်ခွဲရန် ပေးပို့ပါက ဆောင်ရွက်ပေးနိုင်ပါကြောင်း၊ သောက်သုံးရေမသင့်သော ရေတွင်းများ ကို တွေ့ရှိရပါက သတ်မှတ်ထားသည့် ရေအရည်အသွေး၊ စံချိန်စံညွှန်းအတိုင်း ပြန်လည် တူးဖော်ရန် ကွင်းဆင်းစစ်ဆေးတိုင်းတာပြီး သက်ဆိုင်ရာ ကုမ္ပဏီသို့ ညွှန်ကြားပြီး လိုအပ်သည်များကို ပြင်ဆင်ပေးမည်ဖြစ်ပါကြောင်း၊
သောက်သုံးရေတွင်းနက်တစ်တွင်းကို ဘတ်ဂျက်ခွင့်ပြုငွေ ၉.၉၃၅ သန်းခန့် ခန့်မှန်းထားရှိပြီး ၄ လက်မတွင်း၊ ပေ ၄၀၀ တွင်းနက်ဆိုပါက ရှစ်သန်းခန့်၊ PVC ပိုက် ပေ ၄၀၀ ခန့် (၄ လက်မ အချင်း)၊ 7.5 Horse Power Engine ၂ လုံးထိုး ကွန်ပရက်ဆာ(၃ လက်မ) ၊ ဂါလံ ၁၀၀၀ ဆံ့ (၁) လုံး၊ ၄ လက်မ ပေ ၆၀၀ တွင်းဆိုပါက ကျပ်ငွေ ၁၀ သန်း၊ PVC ပိုက် ပေ ၆၀၀ ခန့်(အချင်း ၄ ပေ) နှင့် 7.5 Horse Power Engine ၂ လုံးထိုး ကွန်ပရက်ဆာ(၃ လက်မ)၊ ဂါလံ ၂၀၀၀ ဆံ့ အုတ်ရေကန်တို့ကို တည်ဆောက်ပေးပါကြောင်း၊ တစ်ရွာချင်းအလိုက် အသေးစိတ်စာရင်းများကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး ဦးစီးရုံး၊ ခရိုင်မြို့နယ်ရုံးများတွင် ကြည့်ရှုနိုင်သည့်အပြင် တည်ဆောက်ရေးကော်မတီမှ စိစစ်ပြီး ခန့်မှန်းချေစာရင်းများလည်း ကြည့်ရှုနိုင်ပါကြောင်း၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ပွင့်လင်းမြင်သာမှုရှိစေရန် လုပ်ငန်း အသေးစိတ်စာရင်း များကို ၂၇-၄-၂၀၁၅ နေ့စဉ်ထုတ်သတင်းစာများတွင် ဖော်ပြထားရှိပြီး လုပ်ငန်းလွှဲပြောင်း လက်ခံရာတွင်လည်း သက်ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအဖွဲ့၊ ဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြုအဖွဲ့များ၏ စစ်ဆေးချက်ကို ခံယူပြီး သာလျှင် ဆောင်ရွက်လျက်ရှိပါကြောင်း၊
အာဆင်းနစ်ကင်းလွတ်သော သောက်သုံးရေရရှိရေးနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဆောင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာပတ်သက်၍ သုံးချက်များတွင် သောက်သုံးသည့်ရေ အမျိုးအစား၊ အာဆင်းနစ်ပါဝင်မှုနှုန်း၊ သောက်သုံးရန်သင့်/မသင့်နှင့် အန္တရာယ်မရှိနိုင်သည့် သောက်သုံးရေဖြစ်နိုင်ရန် နည်းလမ်းများကို ပြန်လည်တင်ပြရပါကြောင်း၊ သောက်သုံးရေ အမျိုးအစားနှင့် ပတ်သက်၍ ကျောင်းကုန်းမြို့နယ်၏ ကျေးရွာပေါင်း ၅၆ အုပ်စုတွင် ကျေးရွာပေါင်း ၄၁၆ ရွာရှိပြီး သောက်သုံးရေ ရေအရင်းအမြစ်ကို တုံကင်တွင်း(တွင်းတိမ်)က တွင်းပေါင်း ၁၅၉၆၁ တွင်း၊ ၂ လက်မ စက်ရေတွင်း ၁၀၈ တွင်း၊ ၄ လက်မစက်ရေတွင်း ၁ တွင်း၊ လက်တူးတွင်း ၂၅၃ တွင်း၊ မြေသားကန် ၄၂ ကန်နှင့် ချောင်းများ၊ အင်းအိုင်များမှ သုံးစွဲနေရပါကြောင်း၊ ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ် အတွင်း သောက်သုံးရေအရင်းအမြစ်ပေါင်း ၆၉၉၆ ရှိသည့်အနက် တွင်းတိမ် ၃၂၈၉ တွင်း၊ တွင်းနက်၂၉၀၃ တွင်း၊ လက်တူးတွင်း ၈၇၁ တွင်းရှိပါကြောင်း၊ တွင်းတိမ် ၃၂၈၉ တွင်းအနက် အာဆင်းနစ် ၉၃၅ တွင်း ပါရှိပါကြောင်း၊ ထို့အတူ တွင်းနက် ၂၉၀၃ တွင်းတွင် ၅၄၀ တွင်း (၁၈.၉၈ ရာခိုင်နှုန်း)၊ လက်တူးတွင်းမှာ ၇၈၇ တွင်း ၂၂ တွင်း အာဆင်းနစ် ပါဝင်သည်ကိုတွေ့ရှိရပါကြောင်း၊ အာဆင်း နစ်ပါဝင်မှု ၅၀ PVM ၏ အောက်တွင် ရှိပါက သောက်သုံးသင့်သည်ဟု မိမိတို့ သတ်မှတ်ထားပြီး ယခု ၄၁၆ ရွာတွင် ၂၁၅ ရွာသာ သောက်သုံးရန်သင့်ပြီး ၂၀၁ ရွာတွင် သောက်သုံးရေ သုံးစွဲရန် မသင့်လျော်သည်ကိုတွေ့ရှိရပါကြောင်း၊
အဆိုပါ ရွာပေါင်း ၄၁၆ တွင်းများ အားလုံး အာဆင်းနစ်ကင်းသည့် သောက်ရေးတွင်းတူးဖော်ရန် ယခုနှစ်ဘတ်ဂျက်တွင် လျာထားပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
ဦးသိန်းထွန်း(ကျောင်းကုန်း) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
သောက်သုံးရေတွင် အာဆင်းနစ်ဓာတ်ပါဝင်မှု အင်မတန်များပြားနေခြင်းကြောင့် ယခုကဲ့သို့ အစိုးရအဖွဲ့များက ထူးထူးခြားခြားမြို့နယ်အနေဖြင့် တွင်းနက်ပေါင်းမြောက်မြားစွာကို တူးပေးသည်ကို ကျေးဇူးအထူးတင်ရှိပါကြောင်း၊ သို့သော် မြေပြင်တွင် အမှန်တစ်ကယ် တာဝန်ယူဆောင်ရွက်နေသည့် ပညာရှင်အဆင့်များမဟုတ်ဘဲ ဖြစ်သည့်နည်းဖြင့် ဆောင်ရွက်သွားသည်များကိုတွေ့ရှိရသည့်အပြင် ဆောင်ရွက်ပြီးသည်နှင့် အုပ်ချုပ်ရေးအဖွဲ့များကို ချက်ချင်း လက်မှတ်ရေးထိုးစေခြင်းများကို သိရှိရပါကြောင်း၊ အဆိုပါတွင်းများရှိ ထွက်ရှိသော သောက်ရေများကို ဘူးပေါင်းမြောက်မြားစွာဖြင့် သက်ဆိုင်ရာများသို့ ပေးပို့ထားရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ငွေကုန်ကြေးကျခံပြီး ဆောင်ရွက်ပေးခြင်းဖြစ်သည့်အတွက် အရည်အသွေးပြည့်မီသော သောက်သုံးရေများရရှိရန် အရေးကြီးပါကြောင်း၊ ထို့ပြင် မိမိတို့ဒေသတွင် အာဆင်းနစ်ဓာတ်ပါဝင်မှုကို စစ်ဆေးနိုင်မှု မရှိခြင်း၊ ရန်ကုန်သို့ ပေးပို့စစ်ဆေးပါက အနည်းဆုံး အခကြေးငွေ ၁၅၀၀၀ ခန့် ကျသင့်သည်ဟု သိရှိရသည့်အတွက် မိမိတို့ဒေသတွင် သက်ဆိုင်ရာဝန်ကြီးဌာနမှ လာရောက်ကွင်းဆင်း စစ်ဆေးပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်ငွေ
မိမိအနေဖြင့်လည်း စမ်းသပ်စစ်ဆေးပြီး သက်ဆိုင်ရာကျန်းမာရေးဝန်ကြီးဌာနကိုလည်း အကူအညီ တောင်းခံပြီး စစ်ဆေးမည်ဖြစ်ပါကြောင်း၊ ထိုနောက် ဆပ်တီဗိုက် လုပ်ပေးမည်ဖြစ်ပါကြောင်း၊ ပေ ၄၀၀ နှင့် ၆၀၀ ကြားအထိ တူးဖော်ထားသည့် တွင်းများတွင် အာဆင်းနစ်ဓာတ်ပါဝင်နှုန်းမြင့်မားပါက ထပ်မံ၍ ဆက်လက် တူးဖော်မည်ဖြစ်ပါကြောင်း၊ ရေတွင်းများတွင် အားဆင်းနစ်ပါဝင်မှုမြင့်မားသော ဒေသများတွင် အခြားသောက်သုံးရေးရရှိနိုင်သည့် နည်းလမ်းများဖြင့် ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း၊ အဆိုပါကိစ္စရပ်များကို အထူးကိစ္စရပ်အနေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်းပြန်လည်ဖြေကြားပါသည်။
