ဒလမြို့နယ်သည် ရပ်ကွက် ၂၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၃ စု၊ လူဦးရေ ၁၆၀၀၀၀ ၊ အိမ်ခြေ ၃၂၀၀၀၊ အိမ်ထောင်စု ၃၅၀၀၀ ရှိသော မြို့နယ်တစ်ခု ဖြစ်ပါကြောင်း၊ ဒလမြို့နယ်တွင် ဌာနဆိုင်ရာပေါင်း ၃၄ ဌာန၊ ခွင့်ပြုဝန်ထမ်းပေါင်း ၃၉၀၀ ကျော်ရှိပြီး ဌာနဆိုင်ရာများ ငွေကြေးထုတ်ယူသုံးစွဲရာတွင် ရန်ကုန်မြစ်အား စက်လှေဖြင့်ဖြတ်ကူးလျက် မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲ (၁) နှင့် ဘဏ်ခွဲ (၅) သို့ သွားရောက်ထုတ်ယူ ဆောင်ရွက်သွားကြရပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ရသည့်အတွက် အချိန်၊ လုံခြုံမှုမရှိသော ကိစ္စများ၊ လူအင်အားဆုံးရှုံးရသည့် ကိစ္စများအပြင် ဒလမြို့နယ်ပြည်သူလူထုအနေဖြင့် ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး ရန်ကုန်တစ်ဖက်ကမ်းသို့ သွားရောက်လုပ်ဆောင် နေရသည့်အတွက် မြို့နယ်၏ GDP တွက်ချက်ရာတွင် ငွေရေးကြေးရေး ကဏ္ဍအနေဖြင့် မျှော်မှန်းသလောက် ဒလမြို့နယ်အနေဖြင့် တိုးတက်မှုမရှိဘဲ ဘဏ်များတည်ရှိရာ မြို့နယ်တွင်သာ တွက်ချက်မှုအရ ပါဝင်သွားခြင်း အခက်အခဲများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ဒလမြို့နယ်သည် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့က စက်မှုဖွံ့ဖြိုးရေး နယ်မြေသတ်မှတ်ပြီး ပုဂ္ဂလိကပိုင်စက်ရုံ၊ အလုပ်ရုံများ ဖော်ဆောင်ရန်ရှိရာ ဒေသတွင်းတွင်လည်း အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာမည်မှာ သေချာသလောက် ရှိသည့်အပြင် မကြာမီကာလအတွင်း ဒလ-ရန်ကုန်မြစ်ကူး တံတားကြီး တည်ဆောက်မည် ဖြစ်သည့်အတွက် ဒလမြို့နယ်၏ မြို့ပြဆိုင်ရာ စီးပွားရေးများ ဖွံ့ဖြိုးတိုးတက်လာမည်မှာ မလွဲဧကန် ဖြစ်ပါကြောင်း၊ ဒလမြို့တွင် မြန်မာ့စီးပွားရေးဘဏ် မရှိဘဲ ပုဂ္ဂလိကဘဏ်အနေဖြင့် KBZ တစ်ခုသာ ရှိပါကြောင်း၊ အစိုးရဌာနဆိုင်ရာများက ငွေကြေးထုတ်ယူ သုံးစွဲခြင်းနှင့်ပတ်သက်ပြီး အစိုးရဘဏ်ဖြစ်သော မြန်မာ့စီးပွားရေးဘဏ်ကို ပိုမိုယုံကြည် အားကိုးသည့်အတွက် ရန်ကုန်မြစ်တစ်ဖက်ကမ်းသို့ သွားရောက်ဆောင်ရွက် ကြရခြင်းဖြစ်ပါကြောင်း၊ မြန်မာ့စီးပွားရေးဘဏ်နှင့် ပတ်သက်ပြီး ဆောင်ရွက်သည့် ကိစ္စရပ်များအတွက် ဒလမြို့နယ်တွင် မြန်မာ့ စီးပွားရေးဘဏ်တစ်ခု ဖွင့်လှစ်ပေးပါက ပိုမိုကောင်းမွန်လာမည် ဖြစ်ပါကြောင်း၊ မြန်မာ့စီးပွားရေးဘဏ် လုပ်ငန်းများလည်း ပိုမိုအောင်မြင်လာမည် ဖြစ်ပါကြောင်း၊ မြန်မာ့စီးပွားရေးဘဏ် ဆောက်လုပ်မည့် မြေနေရာနှင့်ပတ်သက်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီပိုင်အစိုးရ စီမံခန့်ခွဲခွင့်ရှိသော မြေဧရိယာအလုံအလောက် ဒလမြို့တွင် ရှိပါကြောင်း၊ အမှတ် ၃၃၇၈ ဒလမြို့နယ်၊ ကျန်စစ်သား ရပ်ကွက်၊ ဒလ-တွံတေးလမ်းမကြီးဘေး မြေနေရာသည် လျာထားပြီး ဖြစ်သည့်အပြင် ငွေသိုလှောင်ခန်း ဆောက်လုပ်ရန် ဒလမြို့နယ်ရဲစခန်း အတွင်းတွင်လည်း အလားတူလျာထားပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူလူထုနှင့် အစိုးရဌာနဆိုင်ရာများအတွက် ငွေကြေးအပ်နှံထုတ်ယူ သုံးစွဲခြင်း လျင်မြန်လွယ်ကူ ချောမွေ့စေရန် ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့ပေါ်တွင် မြန်မာ့စီးပွားရေးဘဏ် ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့စီးပွာရေးဘဏ်တွင် တိုင်းဒေသကြီး/ ပြည်နယ်ရုံးပေါင်း ၁၄ ခု ဖွင့်လှစ်ထားပါကြောင်း၊ ခရိုင်ဘဏ်ခွဲအနေဖြင့် ဘဏ်ခွဲ ၇၇ ခု၊ မြို့နယ်ဘဏ်ခွဲ ၂၁၄ ခု၊ ဘဏ်ငွေ တိုက်ခွဲအဆင့် ၁၈ ခု၊ ကိုယ်စားလှယ်ရုံးခွဲအဆင့် ၅ ခု စုစုပေါင်းအားဖြင့် ဘဏ်ခွဲ ၃၁၄ ခု ဖွင့်လှစ်ပြီး အစိုးရဌာနဆိုင်ရာများနှင့် ပြည်သူလူထုအတွက် ငွေကြေးဝန်ဆောင်မှုပေးလျက် ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်တွင် ပြည်သူလူထုနှင့် အစိုးရဌာနဆိုင်ရာများအတွက် ငွေကြေး အပ်နှံထုတ်ယူ သုံးစွဲခြင်း လျင်မြန်လွယ်ကူချောမွေ့စေရန်အတွက် လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသကဲ့သို့ ဒလမြို့နယ်ဘဏ်ခွဲအဆင့် ဖွင့်လှစ်သင့်ကြောင်း မြန်မာ့စီးပွာရေး ဘဏ်စီမံခန့်ခွဲမှု အဖွဲ့က သုံးသပ်တင်ပြထားပြီး ဖြစ်ပါကြောင်း၊ ယခုအခါ ဒလ-တွံတေးကားလမ်းဘေး၊ ကျန်စစ်သား ရပ်ကွက်၊ ဒလမြို့တွင် ပေ ၁၀၀ x ၁၁၀ အကျယ်အဝန်းရှိ မြန်မာ့စီးပွာရေးဘဏ်ပိုင် မြေကွက်ပေါ်တွင် ဘဏ်ခွဲအဆောက်အဦသစ် ပေ ၅၀ x ပေ ၃၀ RC တစ်ထပ်အဆောက်အဦ ဆောက်လုပ်ရန် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းရန်ပုံငွေလျာထားတောင်းခံ ဆောင်ရွက် ခဲ့ပါကြောင်း၊ လွှတ်တော် က စိစစ်ပြီးချိန်တွင် ရန်ပုံငွေသန်း ၆၀ ရရှိခဲ့ပါကြောင်း၊ ဘဏ်ခွဲအဆောက်အဦသစ်ကို ဆောက်လုပ် နိုင်ရန်အတွက် တင်ဒါခေါ်ယူဆောင်ရွက်ပေးပါရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လုပ်ငန်းအပ်နှံ ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း၊ အဆိုပါဘဏ်ခွဲ အဆောက်အဦနှင့်အတူ ရဲစခန်းဝန်းအတွင်း ငွေသိုလှောင်ခန်း အဆောက်အဦကို ဆောက်လုပ်ရန် အတွက် ရန်ပုံငွေကို တစ်ပြိုင်တည်းတင်ပြ တောင်းခံခဲ့ရာ လွှတ်တော်ပူးပေါင်းစိစစ်ရေးအဖွဲ့ ၆ က စိစစ်သည့်အခါ ဖြတ်တောက်မှုတွင် ပါဝင်သွားခဲ့ သည့်အတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ဖြည့်စွက် ရန်ပုံငွေတင်ပြ တောင်းခံချိန်တွင် ငွေသိုလှောင်ခန်း ဆောက်လုပ်ရန်အတွက် ပြန်လည်တင်ပြတောင်းခံရန် စီစဉ်ထားပါကြောင်း၊ ဘဏ်ခွဲ အဆောက် အဦနှင့်ငွေသိုလှောင်ခန်း အဆောက်အဦများ ဆောက်လုပ် ပြီးစီးသည့်အခါ ဒလမြို့တွင်မြို့နယ် မြန်မာ့စီးပွားရေး ဘဏ်ခွဲကိုဖွင့်လှစ် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
