(င)-မြန်မာနိုင်ငံအတွင်း မြွေကိုက်ခံရမှုများနှင့်ပတ်သက်၍ အနီးစပ်ဆုံး(၅)နှစ်တာကာလအတွင်း မြွေကိုက်ခံ ရမှုအခြေအနေများ၊ BPI မှ ထုတ်လုပ်နိုင်သည့်မြွေဆိပ်ဖြေဆေး များပြည်ပသို့ တင်ပို့ရောင်းချရန် လျာထားချက်၊ ဈေးကွက်အခြေအနေတို့နှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ (၁၇.၁၂. ၂၀၁၈)

 

မြန်မာနိုင်ငံအတွင်း မြွေကိုက်ခံရမှုများနှင့်ပတ်သက်၍ အနီးစပ်ဆုံး (၅) နှစ်တာကာလအတွင်း မြွေကိုက်ခံ ရမှုအခြေအနေများကိုသိလိုခြင်း၊ BPI မှ ထုတ်လုပ်နိုင်သည့်မြွေဆိပ်ဖြေဆေး များပြည်ပသို့ တင်ပို့ရောင်းချရန် လျာထားချက်၊ ဈေးကွက်အခြေအနေအားသိလိုခြင်းတို့နှင့် စပ်လျဉ်းသည့်မေးခွန်း

ယခင်က မြန်မာပြည်တွင် မြွေဆိပ်ဖြေဆေးကို မြွေပွေးနှင့်မြွေဟောက်အတွက် နှစ်မျိုးထုတ်လုပ်ပြီး အဆိပ်အမျိုးအစားပေါ် မူတည်၍ မြွေဆိပ်ဖြေဆေးကို ထိုးပေးရပါကြောင်း၊ ငန်းတော်ကြားမြွေတွင် မြွေပွေးနှင့်မြွေဟောက် နှစ်မျိုးလုံး၏ အဆိပ်ပါဝင်ကြောင်း သိရှိရပြီး ငန်းတော်ကြား မြွေအကိုက် ခံရမှုသည် အနည်းငယ်ခန့်သာ ရှိသည်ဟု သိရှိရပါကြောင်း၊ ယခုအခါ BPI အနေဖြင့် မြွေဆိပ်ဖြေဆေးကို တစ်မျိုးတည်းသာ ထုတ်လုပ်ပြီး မြွေအမျိုးအစားမခွဲခြားဘဲ အသုံးပြုနိုင် သည်ကိုလည်း သိရှိရပါကြောင်း၊

မြွေဆိပ်ဖြေဆေး ထုတ်လုပ်ခြင်းနှင့် ပတ်သက်ပြီး ပြည်တွင်းတွင် နှစ်စဉ်လိုလိုဖြစ်ပွားနေသည့် မြွေကိုက်ခံရမှု၊ လူနာအခြေအနေ၊ ဆေးထုတ်လုပ်ဖြန့်ဝေပေးနိုင်မှု၊ ဆေးအသုံးပြုနိုင်မှု၊ သေဆုံးသွားသည့် လူနာအခြေအနေ၊ ပြည်တွင်းအတွက် လိုအပ်သည့် ဆေးပမာဏ၊ ပိုမိုထုတ်လုပ်သည့် ဆေးပမာဏ၊ ဆေးလိုအပ်သည့် ဈေးကွက်အနေအထား၊ ဆေးဝါးများ၏ အရည်အသွေးအာမခံချက်၊ ဈေးကွက်၏လက်ခံ ယုံကြည်အားကိုးနိုင်မှုအနေအထား စသည်အခြေ အနေပေါင်းစုံကို ဘက်စုံထောင့်စုံက လေ့လာဆန်းစစ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊

ယခုအချိန်တွင် လက်မှုလယ်ယာမှ  စက်မှုလယ်ယာကို ပြောင်းလဲလာသည်နှင့်အမျှ မြွေကိုက် ခံရသော အန္တရာယ်လည်း လျော့နည်းကျဆင်းလာနိုင်သည့်အတွက် ပြည်တွင်း မြွေဆိပ်ဖြေဆေး လိုအပ်ချက်၊ မြွေဆိပ်ဖြေဆေးမလုံလောက်မှု မဖြစ်နိုင်ပေါ်ကြောင်းကို ယူဆရပါကြောင်း၊ ယခုမြွေဆိပ်ဖြေဆေးဈေးနှုန်းသည် ၃၀၀၀၀ ကျပ်၊ ၄၀၀၀၀ ကျပ်အထက်တွင် ရှိနေခြင်းကြောင့် ကျေးလက်နေဆင်းရဲ တောင်သူများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်ကာ အသက်ဆုံးရှုံးမှုများ တွေ့ကြုံနိုင်သည်ဟု သုံးသပ်ရပါကြောင်း၊  

ထို့ကြောင့် မြန်မာနိုင်ငံတွင် တွေ့ရှိသော  အနီးစပ်ဆုံး ငါးနှစ်တာကာလအတွင်း မြွေကိုက်ခံရသည့် လူနာဦးရေ၊ ကုသပေးနိုင်မှု၊ သေဆုံးမှု၊ မြွေကိုက်ခံရမှုအများစုဖြစ်ပွားသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၊ BPI မှ ထုတ်လုပ်ဖြန့်ဖြူးနိုင်သည် မြွေဆိပ်ဖြေဆေးပမာဏ၊ ပြည်တွင်း  ဆေးရုံ၊ ဆေးပေးခန်းကို ဖြန့်ဖြူးပေးနိုင်သည့် ပမာဏ၊ ပြည်တွင်းသုံးစွဲသည့် မြွေဆိပ်ဖြေဆေး ဈေးနှုန်းအား ဆင်းရဲသားကျေးလက်နေ ပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေးနှင့် အချိန်မီ အသက်ကယ်တင် နိုင်ရေးစီမံဆောင်ရွက်နိုင်မှု၊ BPI မှ ထုတ်လုပ်နိုင်သည့် မြွေဆိပ်ဖြေဆေးများကို ပြည်ပဈေးကွက်သို့ို တင်ပို့ရောင်းချရန် လျာထားချက်နှင့် ဈေးကွက်အနေအထားအရ တိုးမြှင့်ထုတ် လုပ်နိုင်ရန် စီစဉ်ဆောင်ရွက်နေမှု အခြေအနေများကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 

မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ငါးနှစ်တာကာလအတွင်း မြွေကိုက်ခံရသော လူနာဦးရေ ၇၆၈၁၂ ဦးရှိခဲ့ရာ ကုသပေးနိုင်မှုဦးရေ ၇၄၀၈၉ ဦးနှင့် သေဆုံးသူဦးရေ ၂၇၂၃ ဦး ရှိခဲ့ပါကြောင်း၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ စာရင်းများအရ ၂၀၁၇ ခုနှစ်အတွင်း မြွေကိုက်ခံရမှု အများဆုံးဖြစ်ပွားခဲ့သည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှာ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့ ဖြစ်ပါကြောင်း၊

 စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်းရှိ ဆေးဝါးစက်ရုံ (အင်းစိန်)၊ BPI မှ မြွေဆိပ်ဖြေဆေး များကို ထုတ်လုပ်ပေးလျက် ရှိနေပါကြောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားလေ့ရှိသော မြွေကိုက်ခံရမှု ဖြစ်စဉ်၏  ၉၀ ရာခိုင်နှုန်းသည် မြွေပွေးကိုက်ခံရခြင်း၊ ၆ ရာခိုင်နှုန်းသည် မြွေဟောက်ကိုက်ခံ ရခြင်းနှင့် ကျန် ၄ ရာခိုင်နှုန်းသည် အခြားမြွေအမျိုးအစားများ ကိုက်ခံရခြင်းဖြစ်သည့်အတွက် ဆေးဝါးစက်ရုံ (အင်းစိန်) အနေဖြင့် မြွေပွေးအဆိပ်ဖြေဆေးကို ၉၀ ရာခိုင်နှုန်းထုတ်လုပ်ပြီး မြွေဟောက်အဆိပ်ဖြေဆေးကို ၁၀ ရာခိုင်နှုန်းထုတ်လုပ်ပါကြောင်း၊

မြွေဆိပ်ဖြေဆေးထုတ်လုပ်မှုသဘောသဘာဝကို အကျဉ်းမျှတင်ပြလိုပါကြောင်း၊ ရှေးဦးစွာ မြွေမှမြွေဆိပ်ကိုထုတ်ယူပြီးနောက် မြွေဆိပ်ယဉ်ပါးတိရစ္ဆာန် (Immunized Animal)အဖြစ် အသုံးပြုရသည့် မြင်း၏သွေးအတွင်းသို့ မြွေဆိပ်ကို ထိုးသွင်းရပါကြောင်း၊  ထိုသို့ပြုလုပ်ရာတွင် ခုခံနိုင်စွမ်းရှိသည့် အခြေအနေအထိ သတ်မှတ်ထားသည့်အတိုင်း အဆင့်ဆင့်ထိုးသွင်း ရပါကြောင်း၊ ထို့နောက် ရရှိလာသည့် မြင်း၏သွေးရည်ကြည်မှ မြွေဆိပ်ဖြေဆေးရရှိရေးအတွက် အဆင့်ဆင့်ပြုပြင် ထုတ်လုပ်ရခြင်း ဖြစ်ပါကြောင်း၊ မြွေဆိပ်ထိုးသွင်းသည့် ဒဏ်ကိုခံနိုင်ရည် ရှိစေရန်အတွက် ကျန်းမာသန်စွမ်းသည့် မြင်းများကိုသာ အသုံးပြုရပါကြောင်း၊ ၂၀၁၆ ခုနှစ်မတိုင်မီ ကာလအထိ ဆေးဝါးစက်ရုံ (အင်းစိန်) အနေဖြင့် ထုတ်လုပ်မှုနည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက် များရှိခြင်း၊ အဓိကလိုအပ်သောမြင်းများကို ပြည်တွင်းမှလုံလောက်စွာ ဝယ်ယူရရှိနိုင်မှုမရှိခြင်း၊ မြွေဆိပ်ထိုးသွင်းဒဏ်ကြောင့် မြင်းသေဆုံးမှုနှုန်းအလွန်မြင့်မားခဲ့ခြင်း၊ ပြည်ပမှ မြင်းများဝယ်ယူ တင်သွင်းမည်ဆိုပါက ရာသီဥတုဒဏ်နှင့် ပြည်တွင်းမြွေဆိပ်ဒဏ်ကို ခံနိုင်ရည်မရှိခြင်း၊ စက်ပစ္စည်းများ ခေတ်မမီခြင်းများကြောင့် မြွေဆိပ်ဖြေဆေးကို ပြည်တွင်းအတွက်ပင် လုံလောက်စွာ ထုတ်လုပ်ပေးနိုင်မှု မရှိခဲ့ပါကြောင်း၊  ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်အထိ လေးနှစ်တာကာလအတွင်း မြွေဆိပ်ဖြေဆေးအလုံး ၁၇၁၅၀၀ လုံးခန့် ထုတ်လုပ်ခဲ့ရာ မြင်း ၁၅၀၀ ကျော် သေဆုံးခဲ့ရပါကြောင်း၊

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ၂၀၁၂-၁၃ ခုနှစ် သြစတြေးလျနိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း University of Sydney တွင် မြန်မာနိုင်င၏ မြွေဆိပ်ဖြေဆေးထုတ်လုပ်မှုကဏ္ဍတွင် အကူအညီများပေးနိုင်ရန် ညှိနှိုင်းဆွေးနွေးခဲ့ရာ အဆိုပါညှိနှိုင်းဆွေးနွေးချက်များအရ သြစတြေးလျ နိုင်င၏နည်းပညာ အကူအညီများရရှိခဲ့ပြီး ဘရာဇီးလ်နိုင်ငံမှလည်း ပူးပေါင်းဆောင်ရွက်ခဲ့ ခြင်းကြောင့် ၂၀၁၆ ခုနှစ် မေလအတွင်း ဆေးဝါးစက်ရုံ (အင်းစိန်) တွင် နိုင်ငံတကာအဆင့်မီ မြွေဆိပ်ဖြေဆေး ထုတ်လုပ်မှုစက်ရုံအသစ်ကို WHO GMP Guidelines များနှင့်အညီ တည်ထောင် ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ ယခုအခါ ပြည်တွင်းလိုအပ်ချက်ထက် ပိုလျှံအောင်ထုတ်လုပ် နိုင်ခဲ့ပြီး မြင်းသေဆုံးမှု နှုန်းထားကိုလည်း များစွာလျှော့ချနိုင်ခဲ့ပါကြောင်း၊

 ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွင်း မြွေဆိပ်ဖြေဆေး ၁၁၂၄၄၄ လုံး ထုတ်လုပ်ခဲ့ရာ မြင်း ၅၇ ကောင်သာသေဆုံးခဲ့ပြီး ၂၀၁၈ ခုနှစ်အတွင်း မြွေဆိပ်ဖြေဆေး ၅၃၀၀၀ လုံး ထုတ်လုပ်ရာ မြင်းလေးကောင်သာ သေဆုံးခဲ့ပါကြောင်း၊ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်မှ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် အထိ ငါးနှစ်တာကာလအတွင်း ဆေးဝါးစက်ရုံ (အင်းစိန်) မှ မြွေပွေးအဆိပ်ဖြေဆေးနှင့် မြွေဟောက်အဆိပ်ဖြေဆေး စုစုပေါင်း ၄၁၆၂၁၄ လုံးထုတ်လုပ်ခဲ့ရာမှာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ စုစုပေါင်း ၃၇၃၄၈၄ လုံးဝယ်ယူခဲ့ပြီး ကျန်မြွေဆိပ်ဖြေဆေးများကို အခြားဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ဝယ်ယူခဲ့ကြပါကြောင်း၊ မြွေအမျိုးအစားခွဲခြားနိုင်မှုမရှိသည့် လူနာများကို မြွေပွေးနှင့်မြွေဟောက် အဆိပ်နှစ်မျိုးလုံးကို ဖြေပေးနိုင်သည် Bivalent မြွေဆိပ်ဖြေဆေး များကိုလည်း ထုတ်လုပ်နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ မြေဆိပ်ဖြေဆေးများကို စက်မှုဝန်ကြီးဌာနမှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ တိုက်ရိုက်ရောင်းချပေးလျက်ရှိပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ဆေးရုံများတွင် ပြည်သူများဝန်ထုပ်ဝန်ပိုး မဖြစ်စေရေး အတွက် အခမဲ့ထိုးနှံပေးလျက်ရှိနေသည့်အပြင် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်မှစ၍ မြွေကိုက်ခံရ သောလူနာများကို အချိန်မီကယ်တင်နိုင်ရေးအတွက် မြွေဆိပ်ဖြေဆေး ဧခဲခြောက်များကို ထုတ်လုပ်သွားမည် ဖြစ်ပါကြောင်း၊ အဆိုပါဆေးများသည် သာမန် အခန်းအပူချိန်တွင် ထားရှိနိုင်သည့်အတွက် မြွေကိုက်မှုနှုန်းမြင့်မားသော ပြည်နယ်နှင့်တိုင်း ဒေသကြီးများရှိ ကျေးလက် ကျန်းမာရေး ဆေးပေးခန်းများတွင် အလွယ်တကူထားရှိနိုင်ရေးကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက စီမံဆောင်ရွက်ထားရှိပြီး ဖြစ်ပါကြောင်း၊

ပြည်တွင်းလိုအပ်ချက်ထက် ပိုလျှံသောမြွေဆိပ်ဖြေဆေးများကိုလည်း ပြည်ပနိုင်ငံများသို့ တင်ပို့ ရောင်းချသွားမည်ဖြစ်ပါကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံနှင့် လာအိုနိုင်ငံတို့သို့ မြွေဆိပ်ဖြေဆေးအလုံး ၅၀၀ စမ်းသပ်တင်ပို့ခဲ့ပြီး ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် တွင်လည်း မြွေဆိပ်ဖြေဆေးအလုံး ၅၀၀၀ ခန့်ထပ်မံတင်ပို့နိုင်ရေးကို ညှိနှိုင်းဆောင်ရွက်လျက် ရှိနေပါကြောင်း၊ ကမ္ဘာ့ရေမြေဒေသအလိုက် မြွေမျိုးစိတ်များ တူညီမှုမရှိတာကြောင့် မြွေဆိပ် ဖြေဆေး၏ အာနိသင်သည်လည်း ကွာခြားမှုရှိပါကြောင်း၊  ထို့ကြောင့် လာအိုနှင့်ကမ္ဘောဒီးယား နိုင်ငံတို့ကဲ့သို့ မြန်မာနိုင်ငံနှင့် ရေ၊ မြေ၊ ရာသီဥတု၊ သဘာဝဆင်တူသည့်အတွက် မြွေဆိပ်ဖြေဆေး တင်ပို့ရောင်းချရန် ရည်ရွယ်ရွေးချယ်ခဲ့ခြင်းလည်း ဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံမှလည်း အဆိုပါ နိုင်ငံများသို့ မူလကပင် ဖြန့်ဖြူးရောင်းချလျက် ရှိနေပါကြောင်း၊ မြန်မာနိုင်ငံအတွင်းသို့လည်း အိမ်နီးချင်းနိုင်ငံများမှ ထုတ်လုပ်သည် မြွေဆိပ်ဖြေဆေးများ တင်သွင်းလျက် ရှိပါကြောင်း၊ ဆေးဝါးစက်ရုံ (အင်းစိန်) မှ ထုတ်လုပ်သည့် မြွေဆိပ်ဖြေဆေးနှင့် ပြည်ပမှတင်သွင်းသည့် မြွေဆိပ် ဖြေဆေးများကို နှိုင်းယှဉ်ရာတွင်  ဆေးဝါးစက်ရုံ (အင်းစိန်) ထုတ်လုပ် မြွေဆိပ်ဖြေဆေးများသည် အာနိသင်ပိုမို ကောင်းမွန်ပြီး ဈေးနှုန်းလျော့နည်း သက်သာကြောင်းကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ သုတေသနစာတမ်းများအရ ထင်ရှားစွာ တွေ့ရှိရပါကြောင်း၊ ဆေးဝါးစက်ရုံ (အင်းစိန်) အနေနှင့် မြွေဆိပ်ဖြေဆေးများ ထုတ်လုပ်ရာတွင်  မြန်မာနိုင်ငံအထက်ပိုင်း၊ အလယ် ပိုင်းနှင့်အောက်ပိုင်းတို့မှ ရရှိသည့်မြွေများ၏ အဆိပ်များကိုထုတ်ယူပြီး ရောစပ်ထုတ်လုပ် ထားသည့်အတွက်  မြန်မာနိုင်ငံဒေသ အသီးသီးမှ မြွေဆိပ်မှန်သမျှကို ထိရောက်စွာကုသ ပေးနိုင်စွမ်းရှိပါကြောင်း၊

ယခုအချိန်တွင် မြွေဆိပ်ဖြေဆေး ဆောင်ထားလိုသူများအတွက် တစ်ဦးချင်းဖြစ်စေ၊ အသင်းအဖွဲ့ အလိုက်ဖြစ်စေ အလွယ်တကူတိုက်ရိုက် ဝယ်ယူနိုင်ရန် ဆေးဝါးစက်ရုံ (အင်းစိန်) တွင် စီစဉ်ထားရှိ ပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှစတင်၍ တစ်နှစ်လျှင် မြွေဆိပ်ဖြေဆေးအလုံးတစ်သိန်း ထုတ်လုပ်နိုင်ခဲ့ပြီး ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ယခင်အရည် ပုံစံအစား သာမန်အခန်းအပူချိန်တွင် ထားရှိသိုလှောင်နိုင်သော ဧခဲခြောက်မြွေဆိပ် ဖြေဆေး ၁၃၀၀၀၀ ထုတ်လုပ်ပေးရ မည်ဖြစ်ပါကြောင်း၊

စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်းအနေနှင့် မြွေကိုက်ခံရသည့် လူနာများအား အထိရောက်ဆုံး ကုသပေးနိုင်သည့် မြွေဆိပ်ဖြေဆေးများကို ပြည်တွင်းလိုအပ်ချက်နှင့် ပြည်ပလိုအပ်ချက်များ အပေါ်မူတည်ပြီး တစ်နှစ်လျှင့် အလုံးရေနှစ်သိန်းမှ သုံးသိန်းအထိ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး စီမံဆောင်ရွက်ထားရှိပြီး ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။