မိမိတို့ကမ္ဘာတွင် နိုင်ငံတစ်နိုင်ငံကလူအများ အခြားနိုင်ငံသို့ သွားရောက်အလုပ် လုပ်ကိုင်ကြသည် ဆိုသည့်ကိစ္စသည် စီးပွားရေးလုပ်ငန်းကြီး တစ်ခုကဲ့သို့ ဖြစ်နေပါကြောင်း၊ မိမိတို့နိုင်ငံက နိုင်ငံသားများလည်း အိမ်နီးချင်းနိုင်ငံများ၊ ဝေးလံသည့်နိုင်ငံများသို့ သွားရောက်အလုပ် လုပ်နေကြပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံက သွားရောက်အလုပ်လုပ်နေကြသည့် နိုင်ငံသားများသည် မည်သည့်နိုင်ငံတွင် မည်မျှရှိသည်၊ တရားဝင်အရေအတွက်က မည်မျှရှိသည်၊ တရားမဝင်သွားနေသည်က မည်မျှရှိသည်၊ ၎င်းတို့ထံမှ ရရှိသော လုပ်ခလစာများကို အဆိုပါမိသားစုများထံ ပြန်ပို့သည့်အခါ မည်သည့်နည်းလမ်းများဖြင့် အသုံးပြုပြီး ပို့နေကြပါကြောင်း၊ တရားဝင်နည်းလမ်းဖြင့် ပို့ခြင်းလား၊ တရားမဝင်သည့် ပွဲစားများမှတစ်ဆင့်ပို့ခြင်းလား၊ ယခုလိုပို့သည့်အခါ နိုင်ငံတော်အနေဖြင့် အခွန်အခမည်မျှရရှိပါသနည်းနှင့် နိုင်ငံခြားသို့ထွက်ပြီး အလုပ်လုပ် နေကြသော မြန်မာပြည်သူအလုပ်သမားများ၏ ပေးပို့သည့်ငွေများအားလုံးသည် မိမိတို့နိုင်ငံ GDP ၏ မည်မျှရာခိုင်နှုန်း ရှိသည်ဆိုသည့် အချက်များကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် ၁၉၉၀ ပြည့်နှစ်မှစ၍ ပြည်ပသို့ သွားရောက်လုပ်ကိုင်လိုသူများကို တရားဝင်စေလွှတ်ခွင့်ပြုခဲ့ပါကြောင်း၊ ၁၉၉၉ ခုနှစ်တွင် ပြည်ပအလုပ်အကိုင် ဆိုင်ရာဥပဒေကို ပြဋ္ဌာန်းခဲ့ပါကြောင်း၊ အဆိုပါဥပဒေအရ ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရ အေဂျင်စီများကို ခွင့်ပြု၍ ပြည်ပသို့အလုပ်သမားများ တရားဝင်စေလွှတ်ခွင့် ပြုခဲ့ပါကြောင်း၊ ယခုအခါ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ စုစုပေါင်း ၂၅၈ ခု ရှိပါကြောင်း၊ ၁၉၉၀ ပြည့်နှစ်မှစ၍ ပြည်ပသို့ အလုပ်သမားစေလွှတ်ခဲ့သည့် နိုင်ငံပေါင်း ၁၉ နိုင်ငံရှိခဲ့သော်လည်း ယခုအခါ မလေးရှား၊ ကိုရီးယား၊ စင်ကာပူ၊ ထိုင်း၊ ဂျပန်၊ ယူအေအီး၊ ကာတာ၊ မကာအို၊ ဂျော်ဒန် စုစုပေါင်း ၉ နိုင်ငံတွင်သာ အလုပ်သမားများ သွားရောက်လုပ်ကိုင်လျက် ရှိပါကြောင်း၊ စေလွှတ်ခဲ့သည့် အလုပ်သမားဦးရေအနေဖြင့် ၁၉၉၀ ပြည့်နှစ်မှ ၂၀၁၆ ခုနှစ်အထိ ၅၁၉၄၆၁ ဦး၊ ၂၀၁၇ ခုနှစ်တွင် ၁၆၁၈၉၇ ဦး၊ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှ သြဂုတ်လအထိ ၁၅၀၆၁၈ ဦး၊ စုစုပေါင်း ၈၃၁၉၇၆ ဦး ရှိပါကြောင်း၊ ၁၉၉၀ ပြည့်နှစ်မှ ၂၀၁၈ ခုနှစ်၊ သြဂုတ်လအထိ စာရင်းများအရ မလေးရှားနိုင်ငံတွင် ၂၁၁၃၂၅ ဦး၊ ထိုင်းနိုင်ငံတွင် ၅၅၃၂၈၁ ဦး၊ ကိုရီးယားသမ္မတနိုင်ငံတွင် ၃၉၅၅၅ ဦးတို့ဖြင့် အများဆုံးဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ ၂၀၁၆ ခုနှစ်၊ ဧပြီလမှ ၂၀၁၈ ခုနှစ်၊ ဇွန်လအထိ နိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကပိုင်ဘဏ်များထံမှ ပေးပို့တင်ပြသည့် စာရင်းများအရ ငွေလွှဲပို့သည့် အလုပ်သမားဦးရေ စုစုပေါင်း ၁၄၅၄၈၆၇ ဦးရေရှိပြီး လွှဲပို့သည့်ငွေပမာဏသည် အမေရိကန်ဒေါ်လာ ၁၄၂၈.၄၆၈ သန်း ဖြစ်ပါကြောင်း၊ ပြည်ပရောက် အလုပ်သမားများထံမှ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပို့ငွေသည် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် GDP ၏ ဝ.၈၁ ရာခိုင်နှုန်းရှိပြီး ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် GDP ၏ ၁.၀၆ ရာခိုင်နှုန်းရှိသည်ကို တွေ့ရှိရပါကြောင်း၊
ပြည်ပရောက် မြန်မာလုပ်သားဦးရေနှင့် ၎င်းတို့ရရှိသည့်ဝင်ငွေ အခြေအနေအရ ချိန်ဆကြည့်ပါက ၎င်းတို့လွှဲပို့နေသော မိသားစုလွှဲပို့ငွေသည် နည်းပါးလျက်ရှိနေပါကြောင်း၊ မြန်မာနိုင်ငံသည် စီးပွားရေးပိတ်ဆို့ အရေးယူမှု ခံခဲ့ရသဖြင့် ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ တရားဝင်ဘဏ်စနစ်ဖြင့် လွှဲပြောင်းပေးပို့ရန် အခက်အခဲများ ရှိသည်ကို အကြောင်းပြု၍ ဟွန်ဒီငွေလွဲစနစ်လုပ်ဆောင်သူများမှ အခွင့်ကောင်းယူပြီး မိသားစုလွှဲပို့ငွေကိစ္စများ ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရှိရပါကြောင်း၊ ပြည်ပရောက်လုပ်သားများက ဟွန်ဒီစနစ်ဖြင့် ငွေလွှဲပို့ခြင်းသည် နိုင်ငံတော်အတွက် အခွန်များမရရှိသည့်အပြင် စာရင်းဇယားများလည်း မရရှိခြင်း၊ အချို့ဟွန်ဒီငွေလွှဲလုပ်ကိုင်သူများက ငွေများလိမ်လည်ခြင်းစသည့် ပြဿနာများရှိပါကြောင်း၊ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံအား စီးပွားရေးပိတ်ဆို့အရေးယူမှုများ ကင်းလွတ်ခွင့်ရသည့် အချိန်မှစပြီး တရားဝင် လမ်းကြောင်းမှ ငွေလွှဲပြောင်းပေးပို့နိုင်ရေးကို အလေးထားဆောင်ရွက်လျက် ရှိပါကြောင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနအနေဖြင့် မိသားစုလွှဲပို့ငွေများကို တရားဝင်လမ်းကြောင်းမှ လွယ်ကူလျင်မြန်ချောမွေ့စွာ လွှဲပို့နိုင်ရေး အသိပညာပေးခြင်း၊ စေလွှတ်သည့် အေဂျင်စီများကို ကြပ်မတ်ဆောင်ရွက်ခြင်းများကြောင့် ပုဂ္ဂလိကဘဏ်များမှ ပေးပို့သော ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ ကျပ်သန်းပေါင်း ထောင်ဂဏန်းသာရှိခဲ့သော်လည်း ၂၀၁၈ ခုနှစ်၊ ဇူလိုင်လတွင် ကျပ်သန်းပေါင်း ၃၄၀၀၀ ကျော်နှင့် သြဂုတ်လတွင် ကျပ်သန်းပေါင်း ၃၉၀၀၀ ကျော်ဖြစ်လာသည်ကို တွေ့ရှိရပါကြောင်း၊ မိသားစုလွှဲပို့ငွေများ တရားဝင်လမ်းကြောင်းမှ လွှဲပြောင်းပေးပို့ခြင်းသည် များစွာတိုးတက်မှု ရှိလာသည်ကို တွေ့ရှိရပြီး နိုင်ငံတော်၏ GDP တွင် ပြည်ပရွှေ့ပြောင်းလုပ်သားများ၏ မိသားစုလွှဲပို့ငွေများသည် များစွာအထောက်အကူ ပြုလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊
ပြည်ပတွင် အလုပ်လုပ်ကိုင်သည့် မြန်မာနိုင်ငံသားများ၏ လူနေမှုဘဝအဆင့်မြင့်စေရန်နှင့် မိသားစုဘဝ သက်သောင့်သက်သာမှု ရှိစေရန် ရည်ရွယ်ပြီး ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏ ၁၅-၃-၂၀၁၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည့် အမိန့်ကြော်ငြာစာအမှတ် (၁၁၁/၂၀၁၂) တွင် ပြည်ပတွင် အလုပ်လုပ်ကိုင်သော မြန်မာနိုင်ငံသားများ၏ နိုင်ငံခြားတွင်ရရှိသော လစာဝင်ငွေအပေါ် ၁-၄-၂၀၁၂ ရက်နေ့မှစ၍ ဝင်ငွေခွန်များ ကင်းလွတ်ခွင့် ပြုခဲ့ပါကြောင်း၊ လက်ရှိအခြေအနေတွင်လည်း ပြည်ပမှာအလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာနိုင်ငံသားများ၏ လစာဝင်ငွေနှင့်စပ်လျဉ်းပြီး ၂၀၁၈ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၃၁၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၄) တွင် ပြည်ပနေနိုင်ငံသား၏ ပြည်ပတွင်နိုင်ငံခြားငွေဖြင့် ရရှိသော လစာခေါင်းစဉ်မှ ဝင်ငွေအပေါ် ဝင်ငွေခွန်ကင်းလွတ်ခွင့် ပြုထားကြောင်း၊ သို့ဖြစ်ပါ၍ ပြည်ပနေ မြန်မာနိုင်ငံသားများ၏ ငွေကြေးမျာအပေါ် နိုင်ငံတော်က ဝင်ငွေခွန်ကင်းလွတ်ခွင့် ပြုထားပြီးဖြစ်ပါ၍ အခွန်ဘဏ္ဍာအနေဖြင့် ကောက်ခံရရှိခြင်း မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
