ကျောက်ကြီးမြို့နယ်သည် ဧရိယာစတုရန်းမိုင် ၇၈၁.၄၁၃ ကျယ်ဝန်းပြီး ကျေးရွာအုပ်စု ၄၁ အုပ်စု၊ ကျေးရွာပေါင်း ၁၃၄ ရွာဖြင့် ဖွဲ့စည်းထားပါကြောင်း၊ ကျောက်ကြီးမြို့နယ်သည် မြို့နယ်ရုံးစိုက်ရာ မြို့ဖြစ်ပြီး ရပ်ကွက်ပေါင်း ၇ ရပ်ကွက်ဖြင့် ဖွဲ့စည်းထားပါကြောင်း၊ ၂၀၁၂ ခုနှစ်တွင် KNU နှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် ငြိမ်းချမ်းစွာလုပ်ကိုင်စားသောက်နေထိုင်ကြပြီး လည်း ဖြစ်ပါကြောင်း၊ ယခုအခါ ဖွံ့ဖြိုးရေးလုပ်ငန်းများပြုလုပ်ပြီး ပြန်လည်ထူထောင်နေဆဲ ကာလလည်း ဖြစ်ပါကြောင်း၊ ကျောက်ကြီးမြို့သည် တောတောင်ရေမြေသဘာဝလှပပြီး အရှေ့ရိုးမနှင့် လည်း ဆက်စပ်လျက်ရှိပါကြောင်း၊ တန်ခိုးကြီးဘုရားများဖြစ်သည့် ရှင်သီဝလိ ခြေတော်ရာဘုရား၊ ဝက်မင်းညီနောင်ဘုရား၊ ဆင်မရင်သာတောင်ဘုရားတို့လည်း ဖူးမျှော်နိုင်ပါကြောင်း၊ မြို့၏တောင်ဘက် တွင်လည်း စက်လဲရေတံခွန်၊ သဲသောက်မှုသဲသောက်ခွရေတံခွန်တို့လည်း တည်ရှိပါကြောင်း၊ အမြို့မြို့အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးယာဉ်များ၊ ရေတံခွန်များ၌ အပန်းဖြေလိုသူတို့လည်း စည်ကား သိုက်မြိုက်စွာ ရှိနေကြပါကြောင်း၊
မြို့၏အရှေ့ဘက် ဆင်မရင်သာတောင်ခြေရင်းတွင် ၁၀.၂၃ ဧက အကျယ်အဝန်းရှိသော ကန်သာယာ (အုတ်ဖို) အင်းဟောင်းကြီးတစ်ခု ရှိပါကြောင်း၊ ယခင်က မြို့နယ်ပြည်သူများ သွားရောက်အနားယူ အပန်းဖြေခဲ့ကြသော်လည်း ယခုအခါ ကန်မြေဧရိယာအတွင်း ကျူးကျော်ဝင်ရောက်နေထိုင်သူများ ရှိနေပါကြောင်း၊ မြို့နယ်ပြည်သူများက ဤရေကန်ကြီးအား ညစ်ညမ်းပျောက်ပျက်သွားမည်ကို စိုးရိမ် ပူပန်နေကြရပါကြောင်း၊ ၂၀၁၇ ခုနှစ် ပဲခူးတိုင်းဝန်ကြီးချုပ်လာရောက်စဉ်က ပြည်သူများ၏ တင်ပြချက်အရ ကန်သာယာအဖြစ်ပြောင်းလဲလုပ်ဆောင်ရန် ညွှန်ကြားခဲ့ပါကြောင်း၊ ကျောက်ကြီး မြို့သည် မြို့နယ်ရုံးစိုက်ရာမြို့ဖြစ်သော်လည်း မြို့နယ်ခန်းမမရှိသေးပါကြောင်း၊ သို့ဖြစ်ပါ၍ ကန်သာယာရေကန် မညစ်နွမ်းစေရန်နှင့် မပျောက်ပျက်စေရန် ရေကန်ကြီးအားဝန်ရံလျက် ကန်ပတ် လမ်း ဆောက်လုပ်ပေးရန်နှင့် ကန်ကြီး၏အရှေ့ဘက် မြေလွတ်နေရာတွင် မြို့နယ်ခန်းမဆောက်လုပ် ပေးပါရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ကျောက်ကြီးမြို့၌ရှိသော ကန်သာယာ(အုတ်ဖိုအင်း)အား ကန်သာယာ ကန်ပတ်လမ်းနှင့် ကန်သာယာအရှေ့ဘက် မြေလွတ်နေရာများတွင် မြို့နယ်ခန်းမ ဆောက်လုပ်နိုင်ရန် မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့မှ ၂၇-၆-၂၀၁၈ ရက်နေ့တွင် မြေပြင် ကွင်းဆင်းစစ်ဆေးတိုင်းထွာ တွက်ချက်မှုများ ပြုလုပ်ခဲ့ပါကြောင်း၊ အဆိုပါလုပ်ငန်းဆောင်ရွက်နိုင်ရန် ကွင်းဆင်းစစ်ဆေးတွက်ချက်မှုစာရင်းအရ ကျောက်ကြီးမြို့နယ်တွင် ဆောက်လုပ်မည့် ခန်းမအတွက် သံကူကွန်ကရစ် အလျား ၁၀၀ ပေ x အနံ ၆၈ ပေ x အမြင့် ၁၄ ပေရှိ အဆောက်အဦအတွက် ခန့်မှန်းကုန်ကျငွေကျပ် ၂၀၄ သန်း၊ ကန်ပတ်လမ်းဖောက်လုပ်ခြင်းအတွက်(မြေသား) ပြုပြင်ရန် အတွက် အလျား ၂၂၀၀ ပေ x အကျယ်ပေ အနည်းဆုံးနေရာတွင် ၁၈ ပေနှင့် အကျယ်ဆုံးနေရာတွင် ၂၄ ပေ၊ ပျမ်းမျှ ၂၁ ပေ x အမြင့်ထု မြေသား ၆ ပေ ခန့်မှန်းကုန်ကျငွေကျပ် ၁၅ သန်း၊ ကန်ပတ်လမ်းပေါ်တွင် တံတားနှစ်စင်းဆောက်လုပ်ရန်အတွက် သံကူကွန်ကရစ် အကျယ် ၁၂ ပေ x အလျား ၂၄ ပေနှင့် အမြင့်ထု ၆ ပေရှိသော တံတားဆောက်လုပ်ခြင်းအတွက် ခန့်မှန်းကုန်ကျငွေကျပ် ၂၅ သန်း စုစုပေါင်းခန့်မှန်းကုန်ကျငွေကျပ် ၂၄၄ သန်း ကုန်ကျမည်ဖြစ်သည်ကို တင်ပြထားရှိ ပါကြောင်း၊
ထို့ကြောင့် တင်ပြပါအတိုင်း စုစုပေါင်းခန့်မှန်းကုန်ကျငွေ ၂၄၄ သန်းဖြစ်သည့်အတွက် ကျောက်ကြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် အဆိုပါလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန် ဘတ်ဂျက် ရန်ပုံငွေ လုံလောက်မှုမရှိသေးပါသဖြင့် ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါကြောင်းနှင့် သီးခြားထောက်ပံ့ ရန်ပုံငွေရရှိရေး တင်ပြတောင်းခံသွားမည်ဖြစ်ကြောင်းနှင့် တောင်းခံရရှိမှသာ ဆောင်ရွက်ပေးသွား နိုင်မည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
