ဒက္ခိဏသီရိမဲဆန္ဒနယ်ရှိ ရန်အောင်မြင်ဆည်ကို ၂၀၀၁-၀၂ ခုနှစ်တွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၃-၀၄ ခုနှစ်တွင် ဆောက်လုပ်ပြီးစီး ခဲ့ပါကြောင်း၊ ရေဆင်းဧရိယာ ၁၁ စတုရန်းမိုင်၊ ရေလှောင်ပမာဏ ၁၀၅၀၀၀ ဧကပေ၊ ကန်ရေပြည့် ရေပြင် အကျယ် ၈၁၀ ဧက၊ ဆည်ရေသောက်စီမံကိန်း ဧရိယာ ၃၀၀၀ ဧက ဖြစ်ပါကြောင်း၊ ၃-၄-၂၀၁၇ ရက်နေ့မှစ၍ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက နေပြည်တော်စည်ပင်သာယာရေး ကော်မတီသို့ လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း၊ ယခုအခါ ရန်အောင်မြင်ဆည်မှ တောင်သူများအတွက် စိုက်ပျိုးရေပေးဝေမှုမရှိတော့ဘဲ နေပြည်တော်မြို့ပြအတွက် သောက်သုံးရေများပေးဝေလျက် ရှိပါကြောင်း၊ ဆည်ရေနစ်မြုပ်မှုမရှိသည့် လယ်ယာမြေများအတွက် နေပြည်တော်စည်ပင်သာယာရေး ကော်မတီမှ ၁၇-၁-၂၀၁၄ ရက်နေ့တွင် လယ် ၉၃.၄၉၁ ဧကအတွက် ထောက်ပံ့ကြေးနှင့် သီးနှံ လျော်ကြး စုစုပေါင်း ၁၀၂. ၁၄၅၅ ကျပ်သန်းကို လည်းကောင်း၊ ၁၁-၃-၂၀၁၄ ရက်နေ့တွင် လယ်ယာ ၄၇၀.၈၀ ဧကအတွက် ထောက်ပံ့ကြေးနှင့် သီးနှံလျော်ကြေး စုစုပေါင်း ၄၉၂.၄၉၈၅ ကျပ်သန်းကို လည်းကောင်း သက်ဆိုင်ရာတောင်သူများအား ပေးလျော်ထောက်ပံ့ခဲ့ပြီး ဆည်ရေနစ်မြုပ်မှုရှိနေသည့် လယ်ယာမြေများအတွက် ပေးလျော်ထောက်ပံ့ခဲ့မှု မရှိခဲ့ပါကြောင်း၊ ရေဝပ်ဧရိယာတွင် ပါဝင် သိမ်းဆည်းခံခဲ့ရသော တောင်သူများကလည်း အခြားတောင်သူများနည်းတူ နိုင်ငံတော်မှ လယ်ယာမြေ ထောက်ပံ့ကြေးနှင့် သီးနှံလျော်ကြေးများ မျှော်လင့်လိုလားနေကြပါကြောင်း၊
သို့ဖြစ်ပါ၍ ရန်အောင်မြင်ဆည် ရေဝပ်ဧရိယာအတွင်း ပါဝင်သိမ်းဆည်းခံခဲ့ရသော တောင်သူများအား အခြားတောင်သူများနည်းတူ နိုင်ငံတော်မှ လယ်ယာမြေထောက်ပံ့ကြေးနှင့် သီးနှံလျော်ကြေး များပေးရန် အစီအစဉ်ရှိ/မရှိ၊ မရှိပါက အဘယ်ကြောင့်နည်း၊ ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဒက္ခိဏသီရိမြို့နယ်ရှိ ရန်အောင်မြင်ဆည် ရေလှောင်တမံသည် နေပြည်တော်စည်ပင်သာယာရေး ကော်မတီမဖွဲ့စည်းမီက ၂၀၀၁-၀၂ ခုနှစ်တွင် ယခင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၂၀၀၃-၀၄ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး နေပြည်တော်စည်ပင်သာယာရေးကော်မတီကို ၃-၄-၂၀၀၇ ရက်နေ့တွင် လွှဲပြောင်းပေးခဲ့သော ရေလှောင်တမံဖြစ်ပါကြောင်း၊ ရန်အောင်မြင်ရေလှောင်တမံသည် ယခင်က စိုက်ပျိုးရေပေးဝေရေးဆောင်ရွက်ခဲ့သော်လည်း နေပြည်တော်စည်ပင်သာယာရေးကော်မတီက လွှဲပြောင်းရယူပြီးနောက်ပိုင်းတွင် နေပြည်တော်မြို့ပြအတွက် ရေပေးဝေရေးဆောင်ရွက်လျက် ရှိပါကြောင်း၊
ရန်အောင်မြင်ရေလှောင်တမံ၏ ရေဝေရေလဲဧရိယာက သစ်တောကျွန်းစိုက်ပျိုးမြေ ၅၆၄.၂၉ ဧကနှင့် စိုက်ပျိုးသီးနှံများအတွက် မြေယာနစ်နာကြေး၊ ထောက်ပံ့ကြေးနှင့် သီးနှံလျော်ကြေး ငွေကျပ် ၅၉၄.၆၄၄ သန်းကို တောင်သူပေါင်း ၂၁၆ ဦးကို ၃၀-၁-၂၀၁၄ ရက်နေ့နှင့် ၃-၄-၂၀၁၄ ရက်နေ့တို့တွင် ထောက်ပံ့ပေးလျော်ခဲ့ပါကြောင်း၊ တောင်သူပေါင်း ၁၉၀ ဦးက ငွေကျပ် ၄၈၇.၈၇၀၈ သန်းကို ထုတ်ယူပြီး ငွေကျပ် ၁၀၆.၇၇၃၁၆ သန်းကို တောင်သူ ၂၆ ဦးက ထုတ်ယူခြင်းမရှိသည့်အတွက် ၅-၆-၂၀၁၄ ရက်နေ့တွင် နိုင်ငံတော်သို့ ပြန်လည်အပ်နှံခဲ့ပြီး ရေလှောင်တမံမှရေကို မြို့ရေပေးဝေရေး လုပ်ငန်းများ ပုံမှန်ဆောင်ရွက်နိုင်ရန် ရေလှောင်တမံ၏ ရေဝပ်ဧရိယာနှင့် ရေဝေရေလဲဧရိယာ ၂၀၃၀ ဧကခန့်ကို နေပြည်တော်စည်ပင်သာယာရေးကော်မတီပိုင်မြေအဖြစ် အသုံးပြုခွင့်ရရှိရန်အတွက် သစ်တောမြေကပယ်ဖျက်ခွင့်ရရှိရေး တင်ပြဆောင်ရွက်လျက် ရှိပါကြောင်း၊ ရန်အောင်မြင် ရေလှောင်တမံသည် နေပြည်တော်စည်ပင်သာယာရေးကော်မတီမဖွဲ့စည်းမီ ၂၀၀၁-၀၂ ခုနှစ်တွင် ယခင်လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တည်ဆောက်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီက လွှဲပြောင်းရယူခဲ့ပြီးဖြစ်သည့်အတွက် ရေလှောင်တမံ ရေဝပ်ဧရိယာ ၈၃၀ ဧကအတွင်းပါဝင်သော ကရင်ကျေးရွာမှ အိမ်ထောင်စုများ ပြောင်းရွှေ့ရေးကိုသာ ဆောင်ရွက်ခဲ့ပြီး ရေဝပ်ဧရိယာတွင်ပါဝင်သည့် ကြိုးဝိုင်းတောမြေဧကနှင့် ကြေးတိုင် စိုက်ကွင်းဧကများ လျော်ကြေး၊ နစ်နာကြေးပေးလျော်ခဲ့မှုမရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ ၎င်းရေဝပ်ဧရိယာအတွင်း လုပ်ကိုင်ခဲ့သော တောင်သူတစ်ဦးချင်းအနေဖြင့် လုပ်ကွက်ဧရိယာတို့ကို ရေလှောင်တမံ တည်ဆောက် ခဲ့သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးဗဟိုကော်မတီ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၊ မြို့နယ် သစ်တောဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းဦးစီးဌာနတို့က အချိန်ယူပြီး စိစစ်ရန်လိုအပ်သည်ကို တွေ့ရှိရပါကြောင်း၊ ရန်အောင်မြင်ရေလှောင်တမံ ရေဝပ်ဧရိယာအတွင်း ပါဝင်သွားသော ကြိုးဝိုင်းတောမြေဧရိယာ၊ ကြေးတိုင်စိုက်ကွင်းမြေဧရိယာနှင့် တောင်သူ တစ်ဦးချင်းက လုပ်ကိုင်ခဲ့သော မြေအမျိုးအစားနှင့်မြေဧကများကို စိစစ်ပြီးပါက လယ်ယာမြေများအတွက် လယ်ယာ မြေ လျော်ကြေး၊ သစ်တောကျူးစိုက်ပျိုးမြေများအတွက် ထောက်ပံ့ကြေးများကို တွက်ချက်ပြီး ရေလှောင်တမံကို တာဝန်ယူတည်ဆောက်ခဲ့သည့်ဝန်ကြီးဌာန သို့မဟုတ် လက်ရှိရေလှောင်တမံကို အသုံးပြုလျက်ရှိသော နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့မှ ပေးလျော်ထောက်ပံ့နိုင်ရေး၊ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများပြန်လည်စိစစ်ရေးဗဟိုကော်မတီသို့ တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
