(င)-တန့်ယန်းမြို့၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်းအတွင်းရှိ ရဲဝန်ထမ်းအိမ်ရာ(၅)လုံးအား ပယ်ဖျက်ပြီး RC ကွန်ကရစ်ဖြင့် တည်ဆောက်ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၁၂.၁၂. ၂၀၁၈)

 

တန့်ယန်းမြို့နယ် ရဲတပ်ဖွဲ့စခန်းဝင်းထဲတွင် ရဲဝန်ထမ်းမိသားစု ၄၄ စုနေထိုင်လျက်ရှိပြီး ၎င်းတို့အတွက် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ခဲ့ရာ နှစ်ပေါင်းများစွာ ကြာမြင့်လာသည်နှင့်အမျှ ဟောင်းနွမ်းယိုင်နဲ့ပြီး ရဲဝန်ထမ်းများမှာ ရှမ်းပြည်နယ်၏ ဆောင်းတွင်းအအေးဒဏ်ကို အံတုရန် ဖြစ်သလိုဖာထေး ပြုပြင်နေထိုင် နေရသည်မှာ မြင်လို့မကောင်းပါကြောင်း၊ မြို့နယ်၏လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးကို အားကြိုးမာန်တက် ဆောင်ရွက်ရမည့် ရဲဝန်ထမ်းများမှာလည်း စိတ်ဓာတ်အားဖြင့် သိမ်ငယ်စရာ ဖြစ်နေမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အဆိုပါအဆောက်အဦများကို အဆင့်မြင့်တည်ဆောက်ပေးရန် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၏ ၂၉-၆-၂၀၁၇ နေ့စွဲပါ စာအမှတ် ၁၈၅ (၂၀၇/၉၀၇) ၁၀၀၃ ဖြင့် သက်ဆိုင်ရာအဆင့်ဆင့်သို့ တင်ပြလျှောက်ထားပြီး ဖြစ်ကြောင်းကိုလည်း သိရှိရပါသည်။ သို့ဖြစ်ပါ၍ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ တန့်ယန်းမြို့၊ ရဲတပ်ဖွဲ့ဝင်းစခန်းအတွင်းရှိ ရဲဝန်ထမ်းအိမ်ရာငါးလုံးအား ပယ်ဖျက်ပြီး RC ကွန်ကရစ်ဖြင့် ပြန်လည်တည်ဆောက်ပေးရန် လျာထားဆောင်ရွက်နိုင်ခြင်း ရှိ/မရှိနှင့် မရှိသေးပါက မည်သည့် ဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက် ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 

 ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ် ရဲတပ်ဖွဲ့တွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့မရဲစခန်းတို့ရှိ တပ်ဖွဲ့ဝင်များဖြင့် နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိပါကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့မရဲစခန်းတို့သည် တန့်ယန်းမြို့၊ အမှတ် (၄) ရပ်ကွက်ရှိ မြေ ၂.၅၄၄ ဧက ပေါ်တွင် တည်ရှိပါကြောင်း၊ မြို့မရဲစခန်းဝင်းအတွင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး တစ်ရုံး၊ မြို့မရဲစခန်း (အချုပ်ပါ) တစ်လုံး၊ ဧည့်ရိပ်သာတစ်လုံး၊ လုံးချင်းနေအိမ်တစ်ထပ်သုံးလုံး၊ နှစ်ခန်းတွဲတစ်ထပ် လေးလုံး၊ လေးခန်းတွဲတစ်ထပ် သုံးလုံး၊ ငါးခန်းတွဲတစ်ထပ် နှစ်လုံး၊ ၁၀ ခန်းတွဲတစ်ထပ် တစ်လုံး စုစုပေါင်း အဆောက်အဦ ၁၆ လုံး၊ လူနေအခန်းပေါင်း ၄၃ ခန်းရှိပါကြောင်း၊ တန့်ယန်းမြို့မ ရဲစခန်းဝင်းအတွင်းရှိ အဆောက်အဦများအနက် နှစ်ခန်းတွဲတစ်ထပ်တစ်လုံးနှင့် လေးခန်းတွဲတစ်ထပ်နှစ်လုံးတို့တွင် ဟောင်းနွမ်းနေသဖြင့် လူနေထိုင်၍မရသော အဆောက်အဦများ ဖြစ်ပါကြောင်း၊ ကျန်အဆောက်အဦ များမှာ ပြုပြင်ရန်မလိုအပ်သည့် အဆောက်အဦများဖြစ်ပြီး လူနေထိုင်နိုင်သည့်အခန်း ၃၃ ခန်းရှိပါကြောင်း၊ လူနေအခန်း ၃၁ ခန်းတွင် အိမ်ထောင်သည် ၃၀ ဦးနှင့် အပျိုတစ်ဦးနေထိုင်ပြီး ကျန်နှစ်ခန်းတွင် လူပျို ၁၁ ဦး နေထိုင်လျက်ရှိပါကြောင်း၊ အိမ်ထောင်သည်နှစ်ဦးနှင့် လူပျိုခြောက်ဦးမှာ ဒေသခံများဖြစ်သဖြင့် ပြင်ပတွင် မိဘဆွေမျိုးများနှင့်အတူ နေထိုင်လျက်ရှိပါကြောင်း၊ တန့်ယန်းမြို့နယ် ရဲတပ်ဖွဲ့တွင် လက်ရှိတပ်ဖွဲ့ဝင် အင်အားနှင့် နေအိမ်လိုင်းခန်း လုံလောက်မှုရှိသော်လည်း အင်အားထပ်မံဖြည်‌့တင်းပါက တပ်ဖွဲ့ဝင်များ နေထိုင်ရန်အတွက် လေးခန်းတွဲနှစ်ထပ်နှစ်လုံး ဆောက်လုပ်ပေးရန် လိုအပ်လျက်ရှိပါသည်။ သို့ပါ၍ တန့်ယန်းမြို့နယ် ရဲတပ်ဖွဲ့အတွက် လိုအပ်သည့် လေးခန်းတွဲနှစ်ထပ် နှစ်လုံးအား ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (မူလ) အသုံးစရိတ်တွင် လျာထားတင်ပြ တောင်းခံသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။