ပုဏ္ဏားကျွန်းမြို့တွင် ကလေးကစားကွင်းအဖြစ် ယခုတည်ဆောက်လိုသည့် မြေနေရာတွင် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကပင် မြို့နယ်ထွေ/အုပ်ရုံးဟောင်းရှေ့သည် မြို့၏အလယ်ဖြစ်သည့်အတွက် ပွဲလမ်းသဘင်များနှင့် ဘတ်စကတ်ဘောကွင်း၊ ဘောလီဘောကွင်းများ ကျင်းပပြုလုပ် အသုံးပြုလာခဲ့သည့် အများပိုင်နေရာ ဖြစ်ပါကြောင်း၊ မြို့လယ်ကွင်းနေရာသည် အပိုင်တောင်းဆို ထားသည့်နေရာ မဟုတ်ပါကြောင်း၊ ၁၉၈၈ ခုနှစ်နောက်ပိုင်း နဝတခေတ် မြို့နယ်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌဗိုလ်ကြီးနိုင်လင်း လက်ထက်ဦးရာဇ်မင်္ဂလာပန်းခြံနှင့် ကလေးကစားကွင်း ဆိုင်းဘုတ်တင်၍ ကလေးကစားစရာ ပစ္စည်းများ၊ ပန်းပင်များ၊ အရိပ်ရပင်များနှင့် ဝေဝေဆာဆာ၊ ကလေးများ၊ မြို့သူမြို့သားများ အပန်းဖြေနေရာအဖြစ် ပြောင်းလဲတည်ဆောက်ခဲ့သည့် နေရာဖြစ်ခဲ့ပါကြောင်း၊ ကွင်းအနီး၌လည်း မူကြိုကျောင်းဆောက်လုပ် ထားရှိသောကြောင့် ကလေးငယ်များ ပျော်ရွှင်စွာ ကစားခဲ့ကြသည့် နေရာလည်းဖြစ်ပါကြောင်း၊ နောက်ပိုင်းတွင် မြို့နယ်ထွေ/အုပ်မှ ကစားကွင်းနေရာကို မြေငှားဂရန်ပြုလုပ်ခဲ့ပြီး မြို့နယ်ထွေ/အုပ်ဝန်ထမ်း သက်သာဆိုင်အဖြစ် လက်ဖက်ရည်ဆိုင် နှစ်ဆိုင်နှင့် ကုန်စုံဆိုင်များ ဆောက်လုပ်ခဲ့ကြသည်မှာ ကွင်း၏သုံးပုံတစ်ပုံခန့် ဆိုင်ခန်းများဖြစ်နေပြီး ကျန်သုံးပုံနှစ်ပုံ ခန့်မှာ လွင်ပြင်ကွက်လပ်အဖြစ် ယခုထိရှိနေပါကြောင်း၊
အဆိုပါကွင်းသည် ယခင်က မြို့လူထုပိုင်ကွင်း ဖြစ်ခဲ့သည့်အတွက် လက်ဖက်ရည်ဆိုင်နှစ်ဆိုင်နှင့် ကုန်စုံဆိုင်များကို ချန်လှပ်ထားခဲ့ပြီး ကျန်နေရာများတွင် မြို့နယ်ထွေ/အုပ်ဟောင်းနှင့် ကလေးကစားကွင်း အဖြစ် ယခုအစိုးရသစ်လက်ထက်တွင် တည်ဆောက်ပေးရန် မြို့သူမြို့သားများက တင်ပြတောင်းဆို နေကြပါကြောင်း၊ ပုဏ္ဏားကျွန်းမြို့သည် ကလေးကစားကွင်းမရှိသည့် မြို့ဖြစ်သည့်အတွက် အခြားမြို့ကြီးများကဲ့သို့ ကျယ်ကျယ်ဝန်းဝန်း မလိုအပ်ဘဲ ရှိသောနေရာအနည်းငယ်တွင် သင့်တော်သည့် ကလေးကစားစရာ ပစ္စည်းများဖြင့် တည်ဆောက်ပေးသင့်ပါကြောင်း၊ ထို့ကြောင့်ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် မြို့လယ်တွင် လွန်ခဲ့သည့်နှစ်ပေါင်းများစွာကပင် မြို့သူမြို့သားများ ပိုင်ဖြစ်ခဲ့သော ဦးရာဇ်မင်္ဂလာ ပန်းခြံနှင့်ကလေးကစားကွင်းဟောင်းနေရာတွင် မြို့နယ်ထွေ/အုပ်မှ မြေနေရာငှားထားသော လက်ဖက်ရည်ဆိုင်နှစ်ဆိုင်နှင့် ကုန်စုံဆိုင်များကို ချပ်လှပ်၍ ကျန်နေရာလွတ်များကို ဦးရာဇ်မင်္ဂလာ ကလေးကစားကွင်းအဖြစ် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာ ရေးနှစ်တွင် တည်ဆောက်ပေးမည်၊ မရှိပါက မည်သည့်အတွက်ကြောင့်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့၊ မြို့မအုပ်စု၊ ကွင်းအမှတ် (၆၂၇)၊ ပြင်ခေါက်ကွင်း၊ ဦးပိုင်အမှတ် (၉၂၆၊ ၉၂၉၊ ၉၆၄) စုစုပေါင်း မြေဧရိယာ ၁.၄၉ ဧကရှိ ဦးရာဇ်မင်္ဂလာပန်းခြံနှင့် ကလေးကစားကွင်းဟောင်း နေရာသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအမည်ဖြင့် ၂၅-၉-၁၉၉၈ မှ ၂၄-၉-၂၀၂၈ အထိ နှစ် ၃၀ မြေငှားဂရန်ရရှိထားသော မြေနေရာဖြစ်ပါကြောင်း၊ အဆိုပါ မြေပေါ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးနေအိမ်၊ မြို့နယ်ဒုတိယဦးစီးမှူးနေအိမ်နှစ်လုံး၊ ဦးရာဇ်မင်္ဂလာ အစည်းအဝေးခန်းမ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဟောင်းနှစ်ထပ်ဆောင်နှင့် ရုံးရှေ့တွင် လွတ်လပ်ရေး ကျောက်တိုင်တည်ရှိပါကြောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးဟောင်း အပေါ်တွင် ရွေးကောက်ပွဲကော်မရှင်းရုံး၊ အောက်ထပ်တွင် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) နှင့် အစည်းအဝေး ခန်းမတစ်ခုရှိပါကြောင်း၊
မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးဟောင်းအရှေ့ လွတ်လပ်ရေးကျောက်တိုင်ပါ မြေကွက်၌ လက်ဖက်ရည်ဆိုင်နှစ်ဆိုင်၊ ကုန်စုံဆိုင်တွင် ဌာနငွေစာရင်း MD ဖွင့်လှစ်ပြီး ကောက်ခံပေးသွင်းရမည့် ဈေးဆိုင်များမဟုတ်ဘဲ ဌာနဝန်ထမ်းများမှ လူနေထိုင်ပြီး မိသားစုစားဝတ်နေရေး ပြေလည်စေရန်အတွက် ခွင့်ပြုပေးထားသော ဆိုင်ခန်းများဖြစ်ပါကြောင်း၊ ကျန်မြေကွက် ဝ.၂၇ ဧကမှာ ရပ်ဝေးမှလာရောက် တာဝန်ထမ်းဆောင်သော ဝန်ထမ်းများနေထိုင်ရန်အတွက် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ရန် လျာထားသော နေရာဖြစ်ပါကြောင်း၊ ပုဏ္ဏားကျွန်းမြို့နှင့်ကပ်လျက် မြို့ရေပေးရေး ဂူဝတမံအနီး မြို့နယ်စည်ပင်သာယာရေး ကော်မတီပိုင်မြေ ၁.၅၃ ဧကနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ပိုင်မြေ ၂.၇၅ ဧက စုစုပေါင်း ၄.၂၈ ဧကမှာ မြို့ဖွံ့ဖြိုးတိုးလာသည်နှင့်အညီ ပန်းခြံနှင့်ကလေးကစားကွင်း ပြုလုပ်ရန်အတွက် လျထားဆောင်ရွက်လျက် ရှိပါကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနပိုင်မြေ ၂.၇၅ ဧကအား ပန်းခြံနှင့်ကလေးကစားကွင်း ပြုလုပ်ရန်အတွက်၊ စွန့်လွတ်နိုင်ရေးအတွက် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှု ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ၏ ၁၂-၇-၂၀၁၈ ရက်စွဲပါစာဖြင့် ခွင့်ပြုချက်ရရှိပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ ၃၀-၈-၂၀၁၈ ရက်စွဲပါစာဖြင့် နိုင်ငံတော်ပိုင် မြေအဖြစ်သတ်မှတ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့အပြင် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် စည်ပင်သာယာရေးကော်မတီ၏ ခွင့်ပြုရန်ပုံငွေ ၈၅ သိန်းဖြင့် မြေဖို့ခြင်းနှင့် ပေ ၂၁၀ အရှည် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိပြီး ဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ ပုဏ္ဏားကျွန်းမြို့၊ မြို့မအုပ်စုကွင်းအမှတ် (၆၂၇)၊ ပြင်ခေါက်ကွင်း၊ ဦးပိုင်အမှတ် (၉၂၆၊ ၉၂၉၊ ၉၆၄) စုစုပေါင်း မြေဧရိယာ ၁.၄၉ ဧကတွင် ကလေးကစားကွင်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် မရှိပါကြောင်းနှင့် မြို့ရေပေးရေးဂူဝတမံအနီး မြေ ၄.၂၈ ဧကတွင် ပန်းခြံနှင့်ကလေးကစားကွင်း ပြုလုပ်ရန် မြေဖို့ခြင်းလုပ်ငန်းနှင့် ပေ ၂၁၀ အရှည် ခြံစည်းရိုးကာရံခြင်း လုပ်ငန်းများဆောင်ရွက် ထားရှိပြီး ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးဦးထွန်းမောင်(ပုဏ္ဏားကျွန်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်
ဒုတိယဝန်ကြီးဖြေသွားသည့် နေရာသည် တစ်ချိန်က မြို့သူမြို့သားများပိုင် ကွင်းဖြစ်ခဲ့သည့်အတွက် ၎င်းနေရာတွင် ဝန်ထမ်းအိမ်ရာ ဆောက်မည်ဆိုလျှင် မြို့တစ်မြို့လုံးက အဆိုပါနေရာကို ကန့်ကွက်ဆန္ဒပြမည် ဖြစ်သောကြောင့် မြို့၏အစွန်အဖျားတွင် ရှိနေသည့် ဂူဝတောင်တန်း မြေနေရာတွင် ကစားကွင်းကိုထားလျှင် သွားလာရေးခက်ခဲမည် ဖြစ်သည့်အတွက် မြို့ပြင်တွင်မထားဘဲ ယခင်ကစားကွင်းဟောင်း နေရာတွင်သာ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခေါင်းစဉ်ဖြင့် ပြောင်းလဲဆောင်ရွက်၍ ရနိုင်ခြင်းရှိ/မရှိနှင့် ကွင်းအနီးနားတွင် မူကြိုကျောင်းရှိသည့်အတွက် မြို့သူမြို့သားများက ကိုယ့်အားကိုယ်ကိုး တည်ဆောက်မည်ဆိုလျှင် ခွင့်ပြုနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ
ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ကိုယ်စား ရှင်းလင်းတင်ပြခြင်း ဖြစ်သည့်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ထပ်မံမေးမြန်းရန် လိုအပ်ကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားပါသည်။
