(ဃ)-သန္နီမြို့၊ မိုင်းယန်းရွာနှင်‌့ လုံမောက်ကျေးရွာ ရေရရှိရေးအတွက် သဘာဝရေထွက်နေရာမှ ၎င်းကျေးရွာ များသို့ ရေသွယ်တန်းပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ (၇. ၁၂. ၂၀၁၈)

 

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သန္နီမြို့၊ မိုင်းယန်းရွာနှင်‌့ လုံမောက်ကျေးရွာတွင် လူဦးရေ ၄၈၁ ဦးနှင်‌့ အိမ်ခြေ ၁၃၂ အိမ်ရှိပြီး ဘုန်းတော်ကြီးကျောင်း၊ အခြေခံပညာမူလတန်းကျောင်းနှင်‌့ ကျေးလက်ကျန်းမာရေး ဌာနခွဲတို့ရှိပါကြောင်း၊ ကျေးရွာ၏ သောက်သုံးရေခက်ခဲမှုကြောင့် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အဝီစိတွင်းတစ်တွင်းကို ရွာလယ်တွင် တူးဖော်ပေးခဲ့သော်လည်း စက်သုံးဆီ အခက်အခဲကြောင့် နှစ်စဉ်မလည်ပတ်နိုင်ပါကြောင်း၊ ကျေးရွာမူလန်းကျောင်းသည် ရွာအဝင်တွင်ရှိပြီး ရွာနှင့်အလှမ်းဝေးပါကြောင်း၊ ကျောင်းကကလေးများအတွက် သောက်သုံးရေ အလွန်ခက်ခဲနေပါကြောင်း၊ ရွာဘုန်းတော်ကြီးကျောင်း၊ ကျေးလက်ကျန်းမာရေး ဌာနခွဲအတွက်လည်း ခက်ခဲနေပါကြောင်း၊ ထို့အတွက် ရွာသား/သူများသည် တောင်အောက်ရှိ ရေတွင်းနှစ်တွင်းသို့ ခက်ခဲစွာ သွားရောက်ပြီး ခပ်ယူသုံးစွဲနေရပါကြောင်း၊ ရွာ၏အနောက်တောင်ဘက်တွင် ရေထွက်တစ်ခု ရှိပါကြောင်း၊ ရေထွက်နေရာကို မြို့မိမြို့ဖအချို့က သွားရောက်ကွင်းဆင်း ကြည့်ရှုခဲ့ကြရာ ရေသွယ်တန်း ယူနိုင်ရန်အတွက် အဆင်ပြေမည့်နေရာတစ်နေရာကို တွေ့ရှိခဲ့ပါကြောင်း၊

သို့ဖြစ်ပါ၍ ကျေးရွာရေရရှိရေးအတွက် သဘာဝရေထွက်မှ မိုင်းယန်း၊ လုံမောက်ကျေးရွာကို ပိုက်များဖြင့် သွယ်တန်းနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ကွင်းဆင်းတိုင်းတာခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရေသွယ်တန်းရန် ဖြစ်နိုင်ခြေရှိပါက ရေပိုက်သွယ်ယူရေး လုပ်ငန်းများ အရေးကြီးသည့် နေရာများတွင် ရေကန်ဆောက်လုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အစီအစဉ် ရှိ/မရှိနှင်‌့ အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်း ပါသည်။


 

ဖြေကြားသူ
စိုက်ပျိုးရေး၊ ‌မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ

 

သိန္နီမြို့နယ်၊ မိုင်းယန်းကျေးရွာအုပ်စု၊ မိုင်းယန်းကျေးရွာတွင် အိမ်ခြေ ၇၃ အိမ်၊ လူဦးရေ ၂၄၈ ဦးရှိပြီး လက်ရှိရေသုံးစွဲမှုအနေဖြင့် လွန်ခဲ့သည့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်ပေးခဲ့သော တွင်းနက်တစ်တွင်းမှရေကို အိမ်ခြေအနည်းငယ်ကသာ ရယူသုံးစွဲ နိုင်ခဲ့သည့် အခြေအနေဖြစ်ပါကြောင်း၊ အချို့အိမ်များက  ကျေးရွာအနီးချောင်းမှရေကို ရယူသုံးစွဲရသည့် အခြေအနေရှိနေပါကြောင်း၊ မိုင်းယန်းကျေးရွာအုပ်စု၊ လုံမောက်ကျေးရွာတွင် အိမ်ခြေ ၅၉ အိမ်၊ လူဦးရေ ၂၃၅ ဦးရှိပါကြောင်း၊ လက်ရှိရေသုံးစွဲမှုအနေဖြင့် ကျေးရွာအနီး ချောင်းမှရေကိုသာ  ရယူသုံးစွဲရသော အနေအထားဖြစ်ပါကြောင်း၊

အဆိုပါ ကျေးရွာနှစ်ရွာသည် စိမ့်စမ်းရေထွက်မှ ရေရရှိရေးအတွက် သိန္နီမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါကြောင်း၊ ကွင်းဆင်းစစ်ဆေး တင်ပြချက်အရ မိုင်းယန်းကျေးရွာနှင့် လုံမောက်ကျေးရွာသည် တစ်မိုင်ခန့်ကွာဝေးပြီး မိုင်းယန်းကျေးရွာမှ လေးမိုင်အကွာရှိ နဂါးရေထွက်သည် ရေထွက်နှုန်းတစ်နာရီ ဂါလန် ၂၀၀၀ ရှိပါကြောင်း၊ ထိုရေထွက်မှ ရေရယူနိုင်မည်ဖြစ်ကြောင်း တွေ့ရှိရပါကြောင်း၊ မိုင်းယန်းကျေးရွာနှင့် လုံမောက်ကျေးရွာ ရေရရှိရေးအတွက် နှစ်လက်မအချင်း ငါးမိုင်ပိုက်လိုင်းသွယ်တန်းခြင်း၊ ဂါလန် ၅၀၀၀ ဆံ့ ရေစုကန်တစ်ကန်၊ ဂါလန် ၂၀၀၀ ဆံ့ ရေစုကန်တစ်ကန်နှင့် ရေတားတမံတစ်ခု တည်ဆောက်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ကုန်ကျမည့် ခန့်မှန်းကုန်ကျငွေတွက်ချက်ရာတွင် ကျပ်သန်း ၄၀ ကုန်ကျမည်ဖြစ်ကြောင်း တွေ့ရှိရပါကြောင်း၊ ထို့ကြောင့်လာမည့် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေတင်ပြတောင်းခံ၍  ရန်ပုံငွေရရှိပါက အကောင်အထည်ဖော် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။