ဈေးကွက်အတွင်းရှိ တောင်သူလယ်သမားများ၏ သွင်းအားစုများဖြစ်သော ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မျိုးစေ့နှင့် မြေဆီအမျိုးမျိုးတို့၏ အရည်အသွေးကို မည်သို့စစ်ဆေးခွင့်ပြုနေသည်ကို သိလိုခြင်းနှင့် ဈေးကွက်အတွင်းရှိ သံသယရှိသော သွင်းအားစုများကို စစ်ဆေးပေးစေလိုပါက မည်သို့ တာဝန်ယူဆောင်ရွက်ပေးသည်ကို သိလိုခြင်းတို့နှင့်စပ်လျဉ်းသည့်မေးခွန်း
မိမိတို့နိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံတစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် တောင်သူလယ်သမားများဖြစ်ပြီး နိုင်ငံ၏အဓိက ပြည်ပပို့ကုန်များသည်လည်း လယ်ယာထွက်ကုန်များ ဖြစ်ပါကြောင်း၊ ပို့ကုန်ကဏ္ဍကို မြှင့်တင်ရန်အတွက် လယ်ယာကဏ္ဍ ထွက်ကုန်များ၏ အရေအတွက်ကိုသာမက အရည်အသွေးပိုင်းကိုပါ မြှင့်တင်ရမည် ဖြစ်ပါကြောင်း၊ လယ်ယာထွက်ကုန်များ၏ အရည်အသွေးပိုင်းနှင့် ထွက်နှုန်းများကို မြှင့်တင်ရန်အတွက်ဆိုလျှင် တောင်သူ လယ်သမားများ လိုအပ်နေသည့် သွင်းအားစုများကို မှန်ကန်သည့် အရည်အသွေး၊ ဈေးနှုန်းနှင့်ဝယ်ယူရရှိ နိုင်ရေးကို အလေးပေးဆောင်ရွက် ပေးရမည်ဖြစ်ပါကြောင်း၊
ပဲ၊ ပြောင်း၊ နှမ်း အစရှိသည့် ယာသီးနှံ၊ ကိုင်းသီးနှံများ အဓိကစိုက်ပျိုးနေသော တောင်သူလယ်သမား အများစုတွင် ပဲမျိုးစုံဈေးကွက်ပျက်သဖြင့် ယခင်ကထက် ဝင်ငွေလျော့နည်းလာသည်ကို တွေ့ရှိရပါကြောင်း၊ သီးနှံအထွက်နှုန်း မကျဆင်းရန်အတွက် ယခင်က Compound ဓာတ်မြေသြဇာများ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးများကိုလည်း အသုံးပြုလာရပါကြောင်း၊ မိမိတို့၏ ထွက်ကုန်များ ဈေးကျပြီး သွင်းအားစုများက နိုင်ငံခြားမှတင်သွင်းခြင်း ဖြစ်သည့်အတွက်ကြောင့် ဒေါ်လာဈေးနှင့်အတူ တစ်နှစ်ထက် တစ်နှစ် ဈေးနှုန်းကြီးမြင့်နေသည်ကို တွေ့ရှိရပါကြောင်း၊ တောင်သူလယ်သမားများသည် ထုတ်လုပ်မှု စရိတ်မြင့်မားပြီး အများစုကနှစ်စဉ် အရှုံးပေါ်နေကြသည့်အတွက် တောင်သူအများစုသည် လယ်ယာလုပ်ငန်းခွင်တွင် မပျော်ရွှင်ဘဲ မိမိတို့၏ လယ်ယာများကိုပစ်ပြီး အိမ်နီးချင်းနိုင်ငံများကို တရားဝင်ရော တရားမဝင်ပါထွက်ပြီး အလုပ်လုပ်နေကြရပါကြောင်း၊ နိုင်ငံအတွက်လည်းများစွာ ထိခိုက်နစ်နာသကဲ့သို့ နိုင်ငံရပ်ခြားထွက်ပြီး အလုပ်လုပ်နေကြသည့် တောင်သူများ၏ ဘဝသည်လည်း ရင်မောစရာ ကောင်းလှပါကြောင်း၊
ယနေ့တောင်သူလယ်သမားများ လိုအပ်လျက်ရှိနေသည့် မျိုးကောင်းမျိုးသန့်များ အများစုကို လေ့လာကြည့်မည်ဆိုပါက မီးဖိုချောင်သုံးသီးနှံများဖြစ်သည့် ခရမ်းချဉ်၊ အာလူး၊ မုန်လာမျိုးစေ့မှစပြီး တရုတ်နိုင်ငံကိုနှစ်စဉ် တန်ချိန်သိန်းနှင့်ချီပြီး တင်ပို့နေသည့်ဖရဲ၊ သခွားမျိုးစေ့အစုံ အိမ်နီးချင်းနိုင်ငံများမှ တရားမဝင် ဝင်ရောက်နေခြင်းများကို ဝယ်ယူစိုက်ပျိုးနေရပါကြောင်း၊ ယခုလို တရားမဝင်များကို ဝယ်ယူစိုက်ပျိုးနေရခြင်းမှာ တရားဝင်မှတ်ပုံတင်ပြီး ခွင့်ပြုထားသည့် မျိုးစေ့များကို ဈေးကွက်တွင် ဝယ်ယူ၍ မရနိုင်သည့်အတွက် ဖြစ်ပါကြောင်း၊ အခြားသွင်းအားစုများဖြစ်သည့် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးများတွင်လည်း အလားတူပြဿနာမျိုး ကြုံတွေ့နေရပါကြောင်း၊ ယခုကဲ့သို့ တရားမဝင်များ၏ ဆိုးကျိုးများက မျိုးစေ့များ၊ ဓာတ်မြေသြဇာများမှ ပေါ်ပေါက်လာသည့် ပြဿနာတစ်စုံတစ်ရာအတွက် မျိုးစေ့ဥပဒေအရဖြစ်စေ၊ စားသုံးသူအကာအကွယ် ပေးရေးဥပဒေအရဖြစ်စေ တောင်သူလယ်သမားများကို အကာအကွယ်ပေး၍ မရနိုင်ပါကြောင်း၊
တရားဝင်ခွင့်ပြုထားသော ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ဓာတ်မြေသြဇာများတွင်လည်း ဈေးနှုန်းကြီး မြင့်မှုများကြောင့် အတုအပများ များလာပါကြောင်း၊ ထို့ကြောင့် ကိုယ်စားလှယ်ကြီး မေးမြန်းသည့် မျိုးစေ့များ စိစစ်ကြပ်မတ်မှု အားနည်းမှုကြောင့် တောင်သူများမှာ များစွာဒုက္ခ ကြုံနေရပါကြောင်း၊ အချို့သော ထုတ်လုပ်ဖြန့်ဖြူးသူများက အရည်အသွေး၊ စံချိန်စံညွှန်းမမီသည့် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးများကို ဆင်းရဲပြီးအသိပညာ နည်းပါးသော တောင်သူလယ်သမားများကို ရည်ရွယ်ပြီး ကြော်ငြာအားကောင်းကောင်းဖြင့် အကြွေးစနစ်နှင့်ဖြစ်စေ၊ ဈေးနှုန်းလျှော့၍ဖြစ်စေ ဖြန့်ဖြူးနေသည်ကို တွေ့ရှိရပါကြောင်း၊ ထိုသွင်းအားစုများ၏ စံချိန်စံညွှန်းမမီမှုနှင့် အဆိုပါဆိုးကျိုးများကို မည်ကဲ့သို့ ဖြစ်လာနိုင်သည် ဆိုသည်ကို တောင်သူလယ်သမားများ မသိနိုင်ကြပါကြောင်း၊
တောင်သူလယ်သမား၊ အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင် ပေးရေးဥပဒေအခန်း (၅) ပုဒ်မ ၁၈ တွင် ဦးဆောင်အဖွဲ့သည် မျိုးစေ့၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ စိုက်ပျိုးရေး သို့မဟုတ် မွေးမြူရေးလုပ်ငန်းသုံး အခြားဓာတုဆေးတစ်မျိုးမျိုး၏ အာမခံစနစ် စံချိန်စံညွှန်းချို့ယွင်းမှု၊ မကိုက်ညီမှုကြောင့် လယ်ယာထုတ်ကုန်များ ထိခိုက်ပျက်စီးခြင်း၊ လယ်ယာကုန်ထုတ် အရင်းအနှီးများ နစ်နာဆုံးရှုံးခြင်းတို့ဖြစ်ပေါ်ပါက သက်ဆိုင်ရာ တည်ဆဲဥပဒေများနှင့်အညီ စစ်ဆေးအရေးယူ နိုင်ရေးအတွက် ကြပ်မတ်ဆောင်ရွက် ရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ သို့ပါ၍ အောက်ပါမေးခွန်းများကို တောင်သူလယ်သမားများ ကိုယ်စားသိရှိလိုပါကြောင်း မေးမြန်းပါသည်။
သီးနှံမျိုးစေ့နှင့်စပ်လျဉ်းပြီး မျိုးစေ့လုပ်ငန်းလုပ်ကိုင်လိုသည့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်း၊ ကုမ္ပဏီလုပ်ငန်းရှင်များသည် ဆောင်ရွက်လိုသည့် သီးနှံအတွက် မျိုးသစ်အသိအမှတ်ပြု လက်မှတ်ရရှိအောင် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အသိအမှတ်ပြုလက်မှတ် ရရှိပြီးသည်နှင့် မျိုးစေ့လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ဆက်လက်လျှောက်ထား ရယူနိုင်မည် ဖြစ်ပါကြောင်း၊ မျိုးသစ်အသိအမှတ်ပြု လက်မှတ်နှင့်မျိုးစေ့လုပ်ငန်း လိုင်စင်ရရှိပြီးသော မျိုးများကိုသာ မျိုးစေ့ဥပဒေနှင့် အညီ ထုတ်လုပ်ဖြန့်ဖြူးခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခွင့် ရရှိနိုင်မည် ဖြစ်ပါကြောင်း၊
အလားတူ သွင်းအားစုတစ်မျိုးဖြစ်သည့် မြေသြဇာလည်း ပြည်ပမှတင်သွင်းပြီး လုပ်ကိုင်လိုသည့် အဖွဲ့အစည်း၊ ကုမ္ပဏီ၊ လုပ်ငန်းရှင်များသည် မြေသြဇာမှတ်ပုံတင် လက်မှတ်ရရှိရန်အတွက် မြေသြဇာကော်မတီကို လိပ်မူပြီး လျှောက်ထားရပါကြောင်း၊ မြေသြဇာတင်သွင်းရန်အတွက် မှတ်ပုံတင် လျှောက်ထားမည့် မြေသြဇာအမည်ဖြင့် မြေသြဇာကော်မတီကနေ ခွင့်ပြုထားသည့်အာဟာရဓာတ် အချိုးအစား၊ စံချိန်စံညွှန်းနှင့် ကိုက်ညီမှုရှိ/မရှိ၊ အိတ်ခွံတွင်ပါဝင်ရမည့် အချက်အလက်များ ပြည်စုံမှုရှိ/မရှိ၊ အချက်အလက်များ ပြည့်စုံပါက ပါဝင်သည့်အာဟာရဓာတ် အချိုးအစားကို ဓာတ်ခွဲခန်းတွင် ဓာတ်ခွဲစစ်ဆေးခြင်း ဆောင်ရွက်ရပါကြောင်း၊ ဓာတ်ခွဲစစ်ဆေးမှုအရ အရည်အသွေးပြည့်မီမှသာ မြေသြဇာ ကော်မတီကို မှတ်ပုံတင်လျှောက်ထား ရယူနိုင်မည်ဖြစ်ပါကြောင်း၊ မြေသြဇာဆိုင်ရာနည်းပညာ ကော်မတီ၏ စိစစ်ထောက်ခံမှုနှင့် မြေသြဇာကော်မတီမှ ခွင့်ပြုချက်ပေးပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သွင်းကုန်လိုင်စင် လျှောက်ထားဆောင်ရွက်ရပါမည်။ သွင်းကုန်လိုင်စင်အရ မြေသြဇာတင်သွင်းခွင့် ထောက်ခံချက်ကို ခွင့်ပြုသက်တမ်း ၆ လဖြင့် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အလားတူ ပြည်တွင်းတွင် မြေသြဇာပေါင်းစပ်ခြင်း၊ ရောနှောခြင်း၊ ပြန်လည်ထုတ်ပိုးခြင်း၊ သိုလှောင်ခြင်း လုပ်ငန်းအတွက်ကိုလည်း လိုင်စင်ခွင့်ပြုမှုရရန်အတွက် စိုက်ပျိုးရေး ဦးစီးဌာနကို သတ်မှတ်ပြဋ္ဌာန်းထားသည့် တင်ပြရမည့် အချက်များနှင့်အတူ လျှောက်ထားရပါကြောင်း၊ ခွင့်ပြုမည်ဆိုပါက မြေသြဇာဖြန့်ဖြူးရောင်းချခွင့် လိုင်စင်အတွက် လိုင်စင်ခွန်ပေးသွင်းပြီးမှ သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး စိုက်ပျိုးရေးရုံးများမှ လိုင်စင်ထုတ်ပေးလျက်ရှိပါကြောင်း၊
ပိုးသတ်ဆေးများအား ပြည်ပမှတင်သွင်းနိုင်ရေးအတွက် ဦးစွာပိုးသတ်ဆေး မှတ်ပုံတင်ရန် မှတ်ပုံတင်အဖွဲ့သို့ သတ်မှတ်ပုံစံဖြင့် အရည်အသွေးစစ်ဆေးရန် နမူနာတွဲပြီး လျှောက်ထားရပါကြောင်း၊ မှတ်ပုံတင်အဖွဲ့မှ နည်းပညာအချက်အလက်များ စိစစ်ခြင်းနှင့် အရည်အသွေးမှန်/မမှန် ဓာတ်ခွဲစစ်ဆေးခြင်းများကို စနစ်တကျစိစစ် ဆောင်ရွက်ပြီးမှ မှတ်ပုံတင်ခွင့် ပြုပါကြောင်း၊ တင်သွင်းခွင့်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ သွင်းကုန်လိုင်စင် ခွင့်ပြုချက်ရရန် ဆက်လက်ဆောင်ရွက်ရပြီး ပြည်တွင်းဈေးကွက်ကို မြန်မာစာအညွှန်းပါ ပိုးသတ်ဆေးများ တင်သွင်းရောင်းချ ခွင့်ပြုလျက်ရှိပါကြောင်း၊ ပိုးသတ်ဆေးမှတ်ပုံတင် ရရှိပြီးနောက် စိုက်ပျိုးရေးဦးစီးဌာနမှ တင်သွင်းခွင့် ထောက်ခံချက်ဖြင့် ပြည်ပမှတင်သွင်းလာသော ပိုးသတ်ဆေးများကို မှတ်ပုံတင် လျှောက်ထားစဉ်က တင်ပြသည့် ပါဝင်မှုရာခိုင်နှုန်း၊ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိ/မရှိ စိစစ်ပြီး အရည်အသွေး ထိန်းချုပ်ရန် ပြည်ပမှတင်သွင်းလာသည့် အချိန်တွင် နမူနာရယူစစ်ဆေးပြီး ကိုက်ညီမှသာ ဆိပ်ကမ်းက ထုတ်ယူတင်သွင်းခွင့်ပြုပြီး ဈေးကွက်တွင် ရောင်းချနိုင်မည် ဖြစ်ပါကြောင်း၊ အဓိကထား စီမံ ဆောင်ရွက်ရသည့် အချက်တစ်ချက်က စစ်ဆေးမှတ်ပုံတင်ပြီး မျိုးစေ့၊ ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာ များနှင့်စပ်လျဉ်းပြီး ဝယ်ယူသုံးစွဲသူများ လွယ်ကူနားလည်စွာ သိမြင်နိုင်ရန် အညွှန်းစာသားများနှင့် ပါဝင်ရမည့် အချက်များကို မြန်မာဘာသာဖြင့် ရှင်းလင်းပြတ်သားစွာ ဖော်ပြရန်အသိပေးနှိုးဆော် စစ်ဆေး ဆောင်ရွက်လျက် ရှိပါကြောင်း၊
တောင်သူလယ်သမားများအနေဖြင့် ဈေးကွက်အတွင်း သံသယရှိသည့် သွင်းအားစုများကို အရည်အသွေး ပြည့်မီမှုရှိ/မရှိ စစ်ဆေးပေးစေလိုလျှင် သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာန၊ စစ်ဆေးရေးအဖွဲ့များနှင့်အတူ သတ်မှတ်ထားသည့်ပုံစံ၊ နည်းလမ်းအတိုင်း ပစ္စည်းနမူနာရယူပြီး ဓာတ်ခွဲခန်းကို ပေးပို့စစ်ဆေး နိုင်ပါကြောင်း၊ စစ်ဆေးရရှိသည့် အဖြေသည် မူလစံချိန်စံညွှန်းနှင့် ကိုက်ညီမှုမရှိလျှင် သက်ဆိုင်ရာ ကော်မတီကိုတင်ပြပြီး အရေးယူမှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်အဆင့်တွင် သက်ဆိုင်ရာဒေသ တာဝန်ခံများ၊ မြို့နယ်များ မြို့နယ်ဦးစီးမှူးတို့ပါဝင်သည့် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်ဦးစီးမှူးများက တာဝန်ပေးအပ် ထားသည့် ဝန်ထမ်းနှစ်ဦးကို အဖွဲ့ဝင်အဖြစ် ထည့်သွင်းပြီး စစ်ဆေးခြင်းလုပ်ငန်းကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်တွင် ၁၇ ဖွဲ့၊ ခရိုင်အဆင့်တွင် ၆၇ ဖွဲ့၊ မြို့နယ်အဆင့်တွင် ၂၉၁ ဖွဲ့ စုစုပေါင်းစစ်ဆေးရေးအဖွဲ့ ၃၇၅ ဖွဲ့ ဖွဲ့စည်းထားရှိပါကြောင်း၊ အဆိုပါ အဖွဲ့များသည် မျိုးစေ့ဥပဒေ၊ မြေသြဇာဥပဒေ၊ ပိုးသတ်ဆေးဥပဒေများနှင့်အညီ မိမိတို့ဒေသ နယ်မြေအတွင်း စစ်ဆေးပြီး သံသယဖြစ်ဖွယ် တွေ့ရှိမည်ဆိုပါက သက်ဆိုင်ရာ မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီ၊ မြေသြဇာကော်မတီ၊ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ကို အမြန်ဆုံးတင်ပြပြီး အဆိုပါကော်မတီများ၏ ညွှန်ကြားချက်များအတိုင်း အရေးယူဆောင်ရွက် လျက်ရှိပါကြောင်း၊ တာဝန်ပေးထားသည့် စစ်ဆေးရေးအဖွဲ့များသည် စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူများ သွင်းအားစုများ သုံးစွဲရာတွင် မှတ်ပုံတင်ထားသည့် သွင်းအားစုများကိုသာ အသုံးပြုရန်နှင့် သွင်းအားစုများ သုံးစွဲရန် လိုအပ်သည့်အချိန်၊ မှန်ကန်ထိရောက်သည့်နှုန်းထား၊ သင့်တော်သည့် နည်းလမ်းများနှင့် အသုံးပြုစေရေးတို့ကို နားလည်သဘောပေါက် စေရန်အတွက်လည်း သင်တန်းများ၊ ဆွေးနွေးပွဲများ အစရှိသည့် အသိပညာပေး လုပ်ငန်းများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မျိုးစေ့ထုတ်ပိုးပစ္စည်းများကို စနစ်တကျမှတ်တမ်းတင် သိမ်းဆည်းထားရန်နှင့် မျိုးစေ့ကြောင့် ထိခိုက်နစ်နာမှု တစ်စုံတစ်ရာရှိလျှင် အရေးဆိုပိုင်ခွင့် ရှိကြောင်းကိုလည်း ပညာပေးဆောင်ရွက် လျက်ရှိပါကြောင်း၊ မျိုးစေ့၊ မြေသြဇာ၊ ပိုးသတ်ဆေးအရောင်းဆိုင် ပိုင်ရှင်များကိုလည်း စနစ်တကျ အန္တရာယ်ကင်းစွာ ဆောင်ရွက်နိုင်ရန် နည်းပညာပေးခြင်း၊ သင်တန်းပေးခြင်းများ ဆောင်ရွက်ပေးလျက် ရှိသည့်နည်းတူ ဥပဒေနှင့်အညီ လုပ်ကိုင်ဆောင်ရွက်သွားနိုင်ရေး ပညာပေးနည်းလမ်း၊ စီမံခန့်ခွဲရေး နည်းလမ်းများနှင့် ထိန်းကျောင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။
ဦးမြင့်ဟန်ထွန်း (ဘုတလင်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ယခု ဝန်ကြီးက ဒီပိုးသတ်ဆေးများ၊ မှိုသတ်ဆေးများ၊ မျိုးစေ့များအားလုံး ခွင့်ပြုမည့်စာရင်းများကို တိုင်းဒေသကြီး/ပြည်နယ် ရုံးများအားလုံးကို ပို့ထားသည်ဟု သိရှိရပါကြောင်း၊ မိမိတို့အနေဖြင့် ဆေးဝါများဖြစ်စေ၊ မြေဆီများဖြစ်စေ၊ မျိုးစေ့များဖြစ်စေ ဝန်ကြီးဌာနက တရားဝင်ခွင့်ပြုထားသည့် စာရင်းကိုအများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် စာရင်းကိုထုတ်ပြန် ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
လွှတ်တော်ကိုယ်စားလှယ်ကြီးသိလိုသည့် မျိုးစေ့ပိုင်းဆိုင်ရာ၊ မြေသြဇာပိုင်းဆိုင်ရာ၊ ပိုးသတ်ဆေး ဆိုင်ရာများကို မိမိတို့ခွင့်ပြုထားသည့် အမျိုးအစားအလိုက် သက်ဆိုင်ရာမြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ ပြည်နယ်တို့တွင် စာရင်းပေးပို့ထားမှု ရှိပါကြောင်း၊ အဆိုပါရုံး၊ ဌာနများမှာ ကြည့်ရှုဆောင်ရွက်နိုင်သည့် အနေအထားမျိုးရှိသည့်အပြင် စစ်ဆေးတွေ့ရှိချက်အရ ဥပဒေပါပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်သည့်အလျောက် အရေးယူအပြစ်ပေးမှုကိုလည်း မိမိတို့သတင်းစာများမှ အခါအားလျော်စွာ ကြေညာပေးလျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
