(စ)-လယ်ယာမြေစီမံခန့်ခွဲရေး အဆင့်ဆင့် စစ်ဆေးလျက်ရှိသော အငြင်းပွားမှု စစ်ဆေးသောအမှုတွဲကို သက်ဆိုင်သူများ ကူးယူခွင့်ရှိ/မရှိ သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ (၇. ၁၂. ၂၀၁၈)

 

မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသည့် လူ ၇၀ ရာခိုင်နှုန်းမှာ တောင်သူလယ်သမားများဖြစ်ပြီး ယနေ့ကြုံတွေနေရသည့်အခက်အခဲမှာ လယ်ယာမြေသိမ်းဆည်းခံရမှုနှင့် အငြင်းပွားမှုပြဿနာများပင် ဖြစ်ကြောင်း၊ အကယ်၍ လယ်ယာမြေအငြင်းပွားမှုဖြစ်လျှင် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့တွင် မူလလယ်ယာမြေမှုခင်း ဖွင့်လှစ်ရပါကြောင်း၊ ဤအဖွဲ့က မြေပြင်ကို ကွင်းဆင်းပြီး စုံစမ်းစစ်ဆေးခြင်း၊ ကြားနာခြင်း၊ ဆုံးဖြတ်ချက်ချမှတ်ခြင်းတို့ကို ဆောင်ရွက်ရပါကြောင်း၊ မူလရုံး ဆုံးဖြတ်ချက်ကို မကျေနပ်လျှင် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့ကို သတ်မှတ်ကာလတွင် အယူခံဝင်နိုင်ကြောင်း၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့၏ ဆုံးဖြတ်ချက်ကို မကျေနပ်ပါက ခရိုင်လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲကို သတ်မှတ်ကာလတွင် အယူခံဝင်နိုင်ပါကြောင်း၊ ခရိုင်လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့၏ ဆုံးဖြတ်ချက်ကို မကျေနပ်လျှင် သတ်မှတ်ကာလအတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲကို နစ်နာသူက အယူခံဝင်နိုင်သည့်အကြောင်း ၂၀၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေတွင် ပြဋ္ဌာန်းထားသည်ကို တွေရပါကြောင်း၊

အမှုများမှာ အယူခံဝင်လိုသူ နစ်နာသူအနေဖြင့် အမှုတွဲကို ကူးယူနိုင်ပါမှ မိမိအမှုစုံစမ်းစစ်ဆေးခြင်း၊ ကြားနာခြင်းအားသာချက်၊ အားနည်းချက်များကို သိရှိနိုင်မည်ဖြစ်ပြီး မိမိအယူခံ လျှောက်လွှာတွင် ပြည့်ပြည့်စုံစုံ တင်ပြနိုင်မည် ဖြစ်ပါကြောင်း၊ လယ်ယာမြေအငြင်းပွားသည့် မှုခင်းများတွင် စုံစမ်းစစ်ဆေးခြင်း၊ ကြားနာခြင်းတို့ကို ဆောင်ရွက်ရသည့်အတွက် ဤသို့ဆောင်ရွက်ချက်များသည် Co-sign Judicial တရားစီရင်ရေးသဘောဆောင်သည့် ဆောင်ရွက်ချက်များ ဖြစ်ပါကြောင်း၊ လယ်ယာမြေ အငြင်းပွားမှု မှုခင်းများသည် တရားစီရင်ရေးသဘောဆောင်သည့် ဆောင်ရွက်ချက်များ ဖြစ်သည့်အတွက် အမှုစစ်ဆေးကြားနာခြင်းနှင့် ပတ်သက်သည့် စာရွက်စာတမ်းများသည်လည်း သက်သေခံဥပဒေ ပုဒ်မ ၇၄ အရ အများပြည်သူနှင့် သက်ဆိုင်သည့် စာရွက်စာတမ်း အမျိုးအစားတွင် ပါဝင်ကြောင်း၊ ထို့ကြောင့် နစ်နာသူများသည် အမှုတွဲတစ်စိတ်တစ်ဒေသ (သို့မဟုတ်) အမှုတွဲတစ်ခုလုံးကို ကူးယူခွင့် ပေးသင့်ပါကြောင်း၊ ထို့ကြောင့် လယ်ယာမြေစီမံခန့်ခွဲရေး အဆင့်ဆင့်စစ်ဆေးလျက်ရှိသော လယ်ယာမြေ အငြင်းပွားမှု အမှုတွဲများကို သက်ဆိုင်သူများက ကူးယူခွင့်ရှိ/မရှိနှင့် ကူးယူခွင့်မရှိပါက မည်သည့် အတွက်ကြောင့် ကူးယူခွင့်မရှိသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်


 

ဖြေကြားသူ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ

 

မြေယာအရေးသည် လက်ရှိအနေအထားတွင် အလွန်ရှုပ်ထွေးပါကြောင်း၊ မြေယာအငြင်းပွားမှုများသည် မိသားစုတစ်စုတည်း၊ မိဘနှင့်သားသမီး၊ သမီးနှင့်အမေ၊ ယောက္ခမနှင့်သမက် အလွန်ရှုပ်ထွေးပြီး အငြင်းပွားမှုကို ဖြေရှင်းဆောင်ရွက်ရသည်မှာ စီမံခန့်ခွဲမှုနည်းလမ်းအရ၊ ဥပဒေကြောင်းအရ ဆောင်ရွက်ရသည့် အနေအထားများ ဖြစ်ကြောင်း၊ တည်ဆဲ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေပုဒ်မ ၁၅ နှင့် ၁၆ တို့တွင် ဖွဲစည်းထားသည့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲအဆင့်ဆင့်တွင် အခန်း (၈) လယ်ယာမြေ လုပ်ပိုင်ခွင့်အငြင်းပွားမှု ဖြေရှင်းခြင်းနှင့် အယူခံဝင်ခြင်း ကိစ္စများကို ပုဒ်မ ၂၂ မှ ၂၅ အထိ ပြဋ္ဌာန်းချက်အတိုင်း ဖြေရှင်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ဤသို့ဖြေရှင်း ဆောင်ရွက်ရာတွင် မြေယာအငြင်းပွားသူ တောင်သူလယ်သမားများအနေဖြင့် ရှေ့နေငှားရမ်းရန်မလိုဘဲ သက်ဆိုင်ရာ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ ရှေ့မှောက်တွင် ထွက်ဆိုချက်ပေးခြင်း၊ တစ်နည်းအားဖြင့် ခုံသမာဓိ လူကြီးများရှေ့မှောက်တွင် စစ်ဆေးခြင်းနှင့် သက်ဆိုင်ရာလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲက လိုအပ်ပါက ကွင်းဆင်းစစ်ဆေးခြင်း၊ ကြားနာခြင်း၊ စိစစ်သုံးသပ်ခြင်းများ ဆောင်ရွက်ပြီး ဆုံးဖြတ်ချက်များကို ကာယကံရှင်ထံသို့ ထုတ်ပြန်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ အခြေခံအကျဆုံး ရပ်ကွက်/ကျေးရွာ အုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိလျှင် လယ်ယာမြေဥပဒေပုဒ်မ ၂၃၊ ၂၄၊ ၂၅ ပါ ပြဋ္ဌာန်းချက်နှင့်အညီ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲအထိ အဆင့်ဆင့်အယူခံ ဝင်ရောက်နိုင်ခွင့်ရှိပါကြောင်း၊ အဆင့်ဆင့်သော လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲများက အယူခံကြားနာမှုတွင် မူလရပ်ကွက်/ကျေးရွာအုပ်စုအဆင့် စတင်စစ်ဆေးခဲ့သည့် အမှုတွဲများကို တောင်းခံပြီး အခြေခံစတင် သုံးသပ်ကြားနာခြင်းကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ လယ်ယာမြေ ဥပဒေပုဒ်မ ၂၅ အရ ပြီးပြတ်သည့် တိုင်းဒေသကြီး/ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုရုံးများတွင် နောက်ဆုံး အယူခံကြားနာပြီး အမှုတွဲတစ်ခုလုံးကို အမှုတွဲခန်း စနစ်တကျထိန်းသိမ်းရသည့် ဝတ္တရားရှိပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီးမေးခွန်းတွင် လယ်ယာမြေအငြင်းပွားမှု မှုခင်းများသည် တရားစီရင်ရေး သဘောဆောင်သည့် ဆောင်ရွက်ချက်များ ဖြစ်သည့်အတွက် စစ်ဆေးခြင်း၊ ကြားနာခြင်းနှင့် ပတ်သက်သော စာရွက်စာတမ်းများသည် သက်သေခံဥပဒေပုဒ်မ ၇၄ အရ အများပြည်သူဆိုင်ရာ စာရွက်စာတမ်း အမျိုးအစားတွင်ပါဝင်၍ အမှုနှင့်သက်ဆိုင်သူများ ကူးယူခွင့်ရှိသည်ဟု ဖော်ပြထားသည်ကို တွေ့ရှိရကြောင်း၊

သက်သေခံဥပဒေပုဒ်မ ၇၄ မှာ (က) နိုင်ငံတော်အချုပ်အခြာ အာဏာပိုင်၊ (ခ) ဥပဒေအရ ဖွဲစည်းထားသည့် အဖွဲအစည်းများနှင့် ခုံရုံးများအပြင်၊ (ဂ) ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ သို့မဟုတ် နိုင်ငံခြားတိုင်းပြည်တစ်ခု၏ ဥပဒေပြုဆိုင်ရာ တရားစီရင်ရေးဆိုင်ရာနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ပြည်သူဝန်ထမ်းတို့၏ ဆောင်ရွက်ချက်ဖြစ်သော သို့မဟုတ် ဆောင်ရွက်ချက် မှတ်တမ်းဖြစ်သော စာတမ်းအမှတ်အသား သို့မဟုတ် ဥပဒေများ၏ မှတ်တမ်းများကို အများပြည်သူတို့နှင့် သက်ဆိုင်သည့် စာတမ်းအမှတ်အသားများဟူ၍ ပြဋ္ဌာန်းထားပါကြောင်း၊ သက်သေခံဥပဒေပုဒ်မ ၇၆ တွင် မည်သူမဆို စစ်ဆေးကြည့်ရှုနိုင်ခွင့်ရှိသော အများပြည်သူတို့နှင့် သက်ဆိုင်သည့် စာတမ်းအမှတ်အသားကို ထိန်းသိမ်းရသော ပြည်သူဝန်ထမ်းအသီးသီးသည် ထိုသို့စစ်ဆေးကြည့်ရှုနိုင်ခွင့်ရှိသူက ကျသင့်သည့် တရားဝင်သတ်မှတ်ကြေး အခကြေးငွေကို ပေးဆောင်၍ ထိုစာတမ်းအမှတ်အသားကို တောင်းဆိုသည့်အခါ ထိုသူအား ယင်းမိတ္တူကို ထုတ်ပေးရမည်ဟူ၍ ပြဋ္ဌာန်းထားပါကြောင်း၊ ပုဒ်မ ၇၆ ပါ စစ်ဆေးကြည့်ရှုခွင့်ရှိသူကို ပုဒ်မ ၇၇ တွင် အများပြည်သူဆိုင်ရာ စာတမ်းအမှတ်အသား တစ်ခုခုကို ပြည်သူတစ်ဦးအနေဖြင့် စစ်ဆေးကြည့်ရှုခွင့်ရှိ/မရှိ ပြဿနာကို စဉ်းစားသည့်အခါ ထိုသူသည် ယင်းစာတမ်း အမှတ်အသားနှင့် မည်ကဲ့သို့သက်ဆိုင်ခြင်းနှင့် ယင်းအကျိုးကို ကာကွယ်ရန်အလို့ငှာ တရားဝင်မိတ္တူကူးရန် လို/မလို အချက်ပေါ် မူတည်ကြောင်းလည်း ပြဋ္ဌာန်းထားပါကြောင်း၊ ထို့အပြင် သက်သေခံဥပဒေပုဒ်မ ၁ တွင် ဤဥပဒေသည် တရားရုံးတစ်ခုခု၌ စစ်ဆေးစီရင်သော မှုခင်းအားလုံးနှင့်ဖြစ်စေ၊ ဥပဒေနှင့် တပ်မတော်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သမျှ စစ်တရားရုံးတစ်ခုခု၌ဆိုင်စေခြင်း၊ စစ်ဆေးစီရင်သော မှုခင်းအားလုံးနှင့်ဖြစ်စေ သက်ဆိုင်စေရမည် ဖြစ်ကြောင်း၊ သို့ရာတွင် ဤဥပဒေသည် တရားရုံးတစ်ခုခု သို့မဟုတ် အရာရှိတစ်ဦးဦးထံတွင် တင်သွင်းသော ကျမ်းကျိန်လွှာများ၊ ခုံသမာဓိလူကြီးများ ရှေ့မှောက်တွင် စစ်ဆေးသော မှုခင်းများနှင့်မသက်ဆိုင်စေရဟု ပြဋ္ဌာန်းထားရှိပါကြောင်း၊

လယ်ယာမြေအငြင်းပွားမှုများသည် တရားစီရင်ရေးသဘောဆောင်သည့် အမှုအခင်းမျိုးမဟုတ်ဘဲ လယ်ယာမြေနှင့် ပတ်သက်သည့် အငြင်းပွားမှုများအပေါ် သက်ဆိုင်ရာလယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲအဆင့်ဆင့်က ကြားနာခြင်း၊ လိုအပ်ပါက ကွင်းဆင်းစစ်ဆေးခြင်း၊ စိစစ်သုံးသပ်ခြင်းများ ဆောင်ရွက်ပြီး ခုံသမာဓိအဖြစ် ဖြေရှင်းဆောင်ရွက်ပေးရသည့်ကိစ္စများ ဖြစ်ပါကြောင်း၊ လယ်ယာမြေစီမံခန့်ခွဲမှု အဆင့်ဆင့်က ခုံသမာဓိအဖြစ် စစ်ဆေးကြားနာမှုများသည် သက်သေခံဥပဒေနှင့် စပ်လျဉ်းမှုမရှိကြောင်း ပြဋ္ဌာန်းချက်အရလည်းကောင်း၊ သက်သေထွက်ဆိုချက်များအပေါ် အကာအကွယ်ပြုနိုင်ရန်အတွက် လည်းကောင်း လယ်ယာမြေအငြင်းပွားမှုဆိုင်ရာ အမှုတွဲများကို မိတ္တူကူးယူခွင့်မပြုခြင်း ဖြစ်ပါကြောင်း ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲအစည်းအဝေး အမှတ်စဉ် (၁၄/၂၀၁၈) တွင်လည်း အမှုတွဲကူးယူခွင့်နှင့် ပတ်သက်ပြီး ထည့်သွင်းဆွေးနွေးခဲ့ရာ အထက်ပါ အကြောင်းအချင်းအရာများကို ထောက်ရှုရေးကူးမပေးသင့်ကြောင်း ဆုံးဖြတ်ခဲ့ပါကြောင်း၊ သို့ရာတွင် လယ်ယာမြေဥပဒေပုဒ်မ ၂၅ အရ အပြီးပြတ်ဖြစ်သော တိုင်းဒေသကြီး/ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲများဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိပါက ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ စာချွန်တော်တင်သွင်း လျှောက်ထားနိုင်ပါကြောင်း၊ ဖွဲစည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၉၆ အရ ပြည်ထောင်စုတရား လွှတ်တော်ချုပ်မှ စာချွန်တော်ဆင့်ခေါ်မှုများ ပြုလုပ်မည်ဆိုပါက အဆိုပါထိန်းသိမ်းထားသည့် အမှုတွဲကိုပေးပို့ပြီး သက်ဆိုင်ရာတရားရေးအဖွဲ့၏ အဆုံးအဖြတ်ပြုနိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း

ထို့ကြောင့် လယ်ယာမြေ အငြင်းပွားမှုဆိုင်ရာ အမှုတွဲများကို မိတ္တူကူးယူခွင့် မပေးပါကြောင်းနှင့် တိုင်းဒေသကြီး/ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့များ၏ အပြီးပြတ်ဆုံးဖြတ်ချက်အပေါ် ကျေနပ်မှု မရှိပါက ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ စာချွန်တော်တင်သွင်းလျှောက်ထား နိုင်ပါကြောင်းနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ စာချွန်တော်ဆင့်ခေါ်မှုများ ပြုလုပ်ပါက အဆိုပါ မှတ်ကျောက်တင် ထိန်းသိမ်းထားသည့် အမှုတွဲကိုပေးပို့ပြီး သက်ဆိုင်ရာတရားရေးအဖွဲ့၏ အဆုံးအဖြတ်ပြုနိုင်ရေး၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။