(ဆ)-ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေချိုအင်းများ၏ အင်းနယ်နိမိတ် သတ်မှတ်ချက်မြေပုံများကို တိကျမှန်ကန်စွာ ဖော်ထုတ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ (၇. ၁၂. ၂၀၁၈)

 

မိမိတို့ဧရာဝတီတိုင်း ဒေသကြီးသည် မြစ်ဝကျွန်းပေါ်ဒေသဖြစ်သည်နှင့်အညီ မြစ်၊ ချောင်း၊ အင်း၊ အိုင်များအလွန်ပေါများသည့် ဒေသဖြစ်သောကြောင့် ရေလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းပြုသူများ ပေါများသည့်အပြင် စိုက်ပျိုးရေးကိုအခြေခံပြီး အသက်မွေးဝမ်းကျောင်းပြုသူနှင့် ရေပေါ်ရေလျှံရှာဖွေ စားသောက်သူများလည်း အလွန်ပေါများလာပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း အင်းတင်ဒါ ချက်ပေါင်း ၂၀၄၂ ခုရှိသည့်အနက် အင်းလုံးပေါင်းမှာ ၁၇၇၇ အင်းရှိပြီး ကျုံပျော်မြို့နယ်တွင်ပင် အင်ပေါင်း ၃၀ ရှိပါကြောင်း၊ ကျုံပျော်မြို့နယ်သည် အင်းရဲကြီးအင်းနှင့် ဟင်္သာတမြို့နယ်မှ ဒူးယားအင်း တို့သည် ဧရာဝတီတိုင်းဒေသကြီးတွင် အကြီးဆုံးအင်းများ ဖြစ်ကြပါကြောင်း၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်းမှ အင်းများသည် ငါးသယံဇာတ အလွန်ပေါသည့်အင်းများ ဖြစ်ကြပြီး တိုင်းဒေသကြီး ဝင်ငွေကိုလည်း များစွာအထောက်အကူ ရရှိစေပါကြောင်း၊ ရေပေါ်ရေလျှံ ရှာဖွေစားသောက် သူများအတွက်လည်း မိသားစုစားဝတ်နေရေးကို များစွာအထောက်အကူ ရရှိစေပါကြောင်း၊ အဆိုပါ အင်းများတွင် အင်္ဂလိပ်အစိုးရလက်ထက်က အင်းမြေပုံများ အတိအကျ ရှိခဲ့သော်လည်း ယခုအခါ ချောင်း၊ မြောင်းများ ရေကြောင်းပြောင်းလဲလာမှု၊ စိုက်ပျိုးရေးအတွက် ဘက်ဟိုးများနှင့် တူးမြောင်းများ တူးဖော်မှုနှင့် ရေလုပ်သားကြီးခေါ် အင်းသားကြီးများ၊ စပါးစိုက်တောင်သူများနှင့် နယ်မြေချဲ့ထွင် လာမှုများကြောင့် အင်းမြေပုံများအတိအကျ မရှိတော့ပါကြောင်း၊ ရေလုပ်သားကြီးခေါ် အင်းသားကြီး များမှာလည်း မရှိသလောက် အင်းပိုင်မြေအဖြစ် သတ်မှတ်မှုများကြောင့် စပါးစိုက် တောင်သူများနှင့် နှစ်စဉ်ပိုင်နက် အငြင်းပွားမှုများ ရှိနေပါကြောင်း၊ တောင်သူများဘက်မှလည်း မိမိပိုင်လယ်မြေ အတွင်းက ငါးကိုပင် ရှာဖွေစားသောက်ခွင့် မရကြသကဲ့သို့ ရေပေါ်ရေလျှံ ရှာဖွေစားသောက်သူများ အတွက်လည်း ရှာဖွေစားသောက်စရာ ပုံစားခွက်များ ပျောက်ခဲ့ကြရပါကြောင်း၊ ယခုအခါ လယ်ယာမြေ အင်းနယ်နိမိတ်နှင့် ရေချိုငါးလုပ်ငန်း ရေပြင်တွင်လည်း မကွဲပြားသည့်အပြင် ခေတ်အဆက်ဆက်က ရှာဖွေစားသောက် လာကြသည့် ဘုံငါးဖမ်းခွက်များမှာလည်း ၎င်းဂေဟထဲကို ရောက်ရှိသွား ကြပါကြောင်း၊

ယခင် အင်း/အိုင်ဥပဒေများတွင် အင်းချောင်းမှ ၂၂ ကိုက်အတွင်း မည်သည့်အပင်မှ စိုက်ပျိုးခွင့် မရှိခဲ့သော်လည်း ယခုအခါ စပါးစိုက်တောင်သူများက အင်းချောင်းနယ်နိမိတ်အတွင်းထိ ဝင်ရောက် လာသည်ကို တွေ့ရှိရကြောင်း၊ ထို့အပြင် ထိုစိုက်ပျိုးမြေများအတွင်း ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး များကိုအလွန်အကျွံ သုံးစွဲလာခဲ့ကြကြောင်း၊ ဤသို့ လုပ်ဆောင်မှုများကြောင့် ငါးမျိုးစိတ်များ မျိုးပေါက်ဖွားမှုကို ထိခိုက်လာစေပြီး မျိုးပွားပေါက်ဖွားရာ၊ ကျက်စားရာ ငါးနီ၊ ငါးလာကောင်းနှင့် ဒေသအခေါ် လမယ်တောများ ပျက်စီးပြီး ဂေဟစနစ်များ ပျောက်ကွယ်ပျက်စီး၍ ငါးသယံဇာတနှင့် ရေသယံဇာတ ထွက်ရှိမှုကိုလည်း လျော့နည်းလာစေကြောင်း၊ ထိုသို့ဖြစ်ပေါ်နေမှုများကြောင့် တိုင်းဒေသကြီး အစိုးရမှလည်း တရားမဝင်ငါးဖမ်းခြင်းကို ကြပ်မတ်ထိန်းကြောင်း နိုင်ရေးနှင့် စပါးသမားနှင့် ငါးသမားအကြား နှစ်စဉ်ဖြစ်ပေါ်လျက်ရှိသော ပဋိပက္ခများကို ညှိနှိုင်းဖြေရှင်းဆောင်ရွက် ပေးနိုင်ရန် မြို့နယ်ရေသယံဇာတ၊ ငါးသယံဇာတများ ရေရှည်တည်တံ့ဖွံ့ဖြိုးရေး၊ ထိန်းသိမ်း ကာကွယ်ရေးအဖွဲ့ကို တိုင်းဒေသကြီးအစိုးရ အစည်းအဝေး အမှတ်စဉ် (၃၂/၂၀၁၇) ဆုံးဖြတ်ချက် ၂၄ အရ မြို့နယ်များတွင် ဖွဲ့စည်းရန် ညွှန်ကြားခဲ့ပြီး မြို့နယ်များတွင်လည်း ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း၊

အဖွဲ့ဝင်များအနေဖြင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များမှာ စောင့်ကြည့်ထိန်းညှိရန်ဖြစ်ပြီး မြို့နယ်ငါးလုပ်ငန်းဦးစီးက ခေါင်းဆောင်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တောင်သူလယ်သမား ကိုယ်စားလှယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့နှင့် ရေလုပ်ငန်းကျွမ်းကျင်သူ အရပ်သားတစ်ဦးစီတို့က အဖွဲ့ဝင်များ ဖြစ်ကြပါကြောင်း၊ အဖွဲ့၏တာဝန်မှာ သုံးရပ်ဖြစ်ပြီး လုပ်ပိုင်ခွင့်က ၁၀ ချက် ရှိပါကြောင်း၊ သို့ရာတွင် ထိုတာဝန်နှင့် လုပ်ပိုင်ခွင့်များကို ကောင်းမွန်ပြီး မှန်ကန်မျှတသည့် ရေချိုငါးဥပဒေတစ်ရပ် လိုအပ်သည့်အပြင် တိကျမှန်ကန်သော အင်းနယ်နိမိတ်သတ်မှတ်ချက် မြေပုံများရှိရန်လည်း လိုအပ်ပါကြောင်း၊ ရေချိုဥပဒေဆိုရာတွင် လယ်သမား၊ အင်းသမားနှင့် ရေလုပ်သားအစုအဖွဲ့များ ထိပ်တိုက်မတိုးနိုင်သည့် ဥပဒေမျိုးဖြစ်ရန် လိုအပ်ပါကြောင်း၊ သို့မှသာ စပါးသမားနှင့် ငါးသမားအကြား နှစ်စဉ် ဖြစ်ပေါ်နေသည့် ပြဿနာများကို မြေပုံများတွင် တိုက်ဆိုင်စစ်ဆေးပြီး ဥပဒေနှင့်အညီ မျှတမှန်ကန်စွာ ဆောင်ရွက်ဖြေရှင်း ပေးနိုင်မည် ဖြစ်ပါကြောင်း၊

မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လည်း စပါးသမားနှင့် ငါးသမားအကြား ဖြစ်ပေါ်နေသည့် အငြင်းပွားမှု ပြဿနာများကို ကွင်းဆင်းပြီး ဖြေရှင်းဆောင်ရွက် ပေးနေရမြဲ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရေသယံဇာတနှင့် ငါးသယံဇာတများ ရေရှည်တည်တံ့ဖွံ့ဖြိုးရေး ထိန်းသိမ်းကာကွယ်ရန်နှင့် စပါးနှင့် ငါးအကြား နှစ်စဉ်ဖြစ်ပေါ်လျက်ရှိသော ပဋိပက္ခများကို မှန်ကန်ပြီးတရားမျှတစွာ ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးနိုင်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အင်းများ၏ အင်းနယ်နိမိတ် သတ်မှတ်ချက် မြေပုံများကို တိကျမှန်ကန်စွာ ပြန်လည်ဖော်ထုတ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဦးလှကျော်
အဖြေ

 

ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ် ၂၄ မြို့နယ်တွင် အင်းစုစုပေါင်း ၁၇၇၇ ခုရှိပါကြောင်း၊ သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ အင်းနယ်နိမိတ်များမှာ ရေစားကမ်းပြိုခြင်း၊ စိုက်ပျိုးမြေ ချဲ့ထွင်ခြင်း စသည့် မြေပြင်အနေအထား အပြောင်းအလဲများကြောင့် အင်းနယ်နိမိတ်များနှင့် စိုက်ပျိုးမြေ နယ်နိမိတ်များ ရောနှောပြီး နယ်နိမိတ်ပြတ်သားမှုမရှိဘဲ မလိုလားအပ်သည့် အငြင်းပွားမှုများ ကြုံတွေ့ရလျက် ရှိပါကြောင်း၊ အင်းနယ်နိမိတ်တိုင်းတာခြင်းနှင့် စပ်လျဉ်းပြီး မြန်မာနိုင်ငံမြေစာရင်း လက်စွဲဥပဒေ အပိုဒ် ၁၄၆၅ အရ အင်းနယ်နိမိတ်ခွဲခြား သတ်မှတ်ခြင်းနှင့် မြေတိုင်းတာခြင်း လုပ်ငန်းကို ကြေးတိုင်နှင့် မြေစာရင်းမင်းကြီးက ဆုံးဖြတ်နိုင်ပြီး ယင်းဥပဒေအပိုဒ် ၁၄၆၆ မှာ အင်းများကို အထူးအဖွဲ့များ နယ်နိမိတ်သတ်မှတ်ရန်နှင့် တိုင်းတာရန်လိုအပ်သည့်အခါ ကုန်ကျမည့် စရိတ်ကို အသေးစိတ်ခန့်မှန်းပြီး နှစ်စဉ်ရသုံးငွေစာရင်းတွင် ရန်ပုံငွေကြိုတင် လျာထားနိုင်ကြောင်း၊ မြန်မာနိုင်ငံ မြေစာရင်းလက်စွဲဥပဒေ အပိုဒ် ၁၄၆၅ နှင့် ဥပဒေအမှတ် (၁/၉၁) ဖြင့် ပြဋ္ဌားန်းထားခဲ့သည့် ရေချိုငါးလုပ်ငန်း ဥပဒေအခန်း (၁)၊ အပိုဒ် (၂) အပိုဒ်ခွဲ (ဋ) နှင့် (ဌ) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အင်းနယ်နိမိတ်များကို တိကျစွာသတ်မှတ်ပေးရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ ထိုသို့ အင်းနယ်နိမိတ် သတ်မှတ်ပေးနိုင်ရန် အင်းနယ်နိမိတ်ကို ငါးလုပ်ငန်းဦးစီးဌာနမှ ပြသပေးပြီး ၎င်းနယ်နိမိတ်ကို တိုင်းတာခြင်း၊ မြေပုံရေးဆွဲထုတ်လုပ်ခြင်း၊ မှတ်တမ်းတင်ခြင်းတို့ကို လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥပဒေအမှတ် (၄/၂၀၁၈) နှင့် ပြဋ္ဌာန်းထားသည့် ၂၀၁၈ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး ရေချိုငါးလုပ်ငန်းဥပဒေ အခန်း (၇)၊ တိုင်းဒေသကြီး ဦးစီးဌာနမှူး၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ ပုဒ်မ ၂၅ ပုဒ်မခွဲ (ဂ) တွင် ဂရန်အင်း၊ သီးသန့်အင်း၊ အများနှင့်ဆိုင်သည့် ဘုံငါးဖမ်းကွက် နယ်နိမိတ်ပြမြေပုံများကို သက်ဆိုင်ရာ အစိုးရဌာနများနှင့်ညှိနှိုင်းပြီး ခေတ်နှင့် လျော်ညီစွာ ရေးဆွဲပြုစု၍ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အတည်ပြုချက်ရယူရမည်ဟု ပြဋ္ဌာန်းထား ပါကြောင်း၊ အထက်ဖော်ပြပါ ဥပဒေများအရ အင်းနယ်နိမိတ်တိုင်းတာခြင်း လုပ်ငန်းများတွင် လုပ်ငန်း ပမာဏကြီးမားသည့် အနေအထားရှိကြောင်း၊ အထူးမြေတိုင်းအစီအစဉ်များ ရေးဆွဲဆောင်ရွက်ရမည့် ကိစ္စဖြစ်ပြီး ထိုသို့တိုင်းတာရန် လိုအပ်သည့် ကုန်ကျစရိတ်များကိုလည်း အသေးစိတ်ခန့်မှန်း တွက်ချက်၍ စီမံချက်တစ်ရပ် ရေးဆွဲအကောင်အထည်ဖော် သွားရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး အတွင်း သက်ဆိုင်ရာဌာနများဖြစ်သည့် ငါးလုပ်ငန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့ ပေါင်းစပ်ညှိနှိုင်းပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် အင်းနယ်နိမိတ်များကို ကွင်းဆင်းတိုင်းတာ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် အင်းနယ်နိမိတ်တိုင်းတာခြင်း လုပ်ငန်းအတွက် လျာထားဘဏ္ဍာငွေတောင်းခံ ထားခြင်းမရှိခြင်းကြောင့် လတ်တလောတွင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးသော်လည်း လာမည့် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ဘဏ္ဍာငွေရရှိမှုနှင့်အညီ မြေတိုင်းစီမံချက်ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။